တရုတ်ကြားဝင် ဆောင်ရွက်တဲ့ တတိယအကြိမ် ဆွေးနွေးပွဲ ရလဒ်နဲ့ အလားအလာ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၁ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၄
တရုတ်ကြားဝင် ဆောင်ရွက်တဲ့ တတိယအကြိမ် ဆွေးနွေးပွဲ ရလဒ်နဲ့ အလားအလာ
စစ်ကောင်စီနဲ့ စစ်ပြိုင်ဖက် ၃ ဖွဲ့ဖြစ်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံရဲ့ ညှိနှိုင်းမှုနဲ့ ဒီဇင်ဘာ လဆန်းကတည်းက ပထမ အကြိမ် တွေ့ဆုံဆွေးနွေးကြပေမယ့် တိုက်ခိုက်မှုတွေ ရပ်တန့်ခြင်း မရှိတဲ့အပြင် တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာနေရာမှာ ဒုတိယ အကြိမ်အဖြစ် ဒီဇင်ဘာ တတိယ သီတင်းပတ်မှာ ထပ်မံတွေ့ဆုံခဲ့ကြပြီး တဖန် ပထမဆုံးအကြိမ်တွေ့စဥ်က သဘောတူခဲ့ကြတဲ့ ဇန်နဝါရီထဲ ထပ်မံတွေ့ဆုံ ဆွေးနွေးဖို့ဆို့ အတိုင်း ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ထပ်မံတွေ့ဆုံခဲ့ကြပါတယ်။
ပထမအကြိမ်တွေ့ဆုံကြစဥ် နဲ့ ဒုတိယအကြိမ်တွေ့ဆုံကြစဥ်တုန်းကလိုပဲ ရှမ်းမြောက်ရဲ့ မြို့တွေကို ညီနောင် မဟာမိတ်လက်နက်ကိုင်အဖွဲ့ တွေက အပြင်းအထန် တိုက်ခိုက်နေခဲ့သလို တတိယအကြိမ်မြောက် တွေ့ဆုံချိန်မှာ ရှမ်းမြောက်တခွင် မြို့အများအပြားကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရတဲ့ အနေအထားနဲ့ ဒကစ၊ စကခလို တပ်မ အနေအထားရှိတဲ့ တပ်တွေ လက်နက်ချပြီး လောက်ကိုင်ကနေ ဆုတ်ခွာလာခဲ့ကြအပြီး တွေ့ဆုံတာဖြစ်လို့ စစ်ကောင်စီ အနေနဲ့ စစ်ရေးအရ နိမ့်ပါးနေချိန်လို့ ဆိုနိုင်ပါတယ်။
ဆွေးနွေးပွဲတွေမှာ ဘယ်လိုဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုတာ မရှိသော်လည်း တစိတ်တပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ စစ်ကောင်စီ အနေနဲ့ အပေါ်စီးအနေအထားမျိုး တောင်းဆိုတာ ပြောဆိုတာတွေ ရှိနေခဲ့တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။
ဥပမာအားဖြင့် ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး လမ်းမတလျှောက် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းဖို့လိုမျိုး၊ လက်ရှိ သိမ်းယူထားတဲ့ မြို့တွေကနေ ပြန်ဆုတ်ခွာဖို့လိုမျိုးတွေ တောင်းဆိုတာမျိုးကို ညီနောင် မဟာမိတ်အဖွဲ့တွေက ဘယ်လိုနည်းနဲ့မှ လက်ခံကြမှာမဟုတ်ပါဘူး။ ကာလတခုထိ တည်တံ့မယ့် အပစ်ရပ်ရေး ဆိုတာထက် လက်ရှိ အနေအထားကနေ အသက်ရှူပေါက်ရဖို့ ၊ ထွက်ပေါက်ရဖို့ အပစ်ရပ်ရေးကိုသာ စစ်ကောင်စီကလည်း မျှော်မှန်းထားပြီး ၄င်းတို့ဘက်မှာ စစ်ရေးအရ ဆုံးရှုံးမှုတွေကြီးကြီးမားမား ရှိနေသည့်တိုင် နိုင်ငံရေးအရ အပေါ်စီးက ယူထားပြီး ၂၀၀၈ အခြေခံဥပဒေ အောက်က အနေအထားမျိုးနဲ့ အခြေခံဆွေးနွေးတဲ့ သဘောမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
စစ်ကောင်စီ အနေနဲ့ လက်တွေ့အနေအထားမှာ ၄င်းတို့ ခံစစ် အနေအထားနဲ့ ဆုတ်ခွာလက်လွှတ်လိုက်ရတဲ့ မြို့တွေ၊ စစ်စခန်းတွေ အများအပြားရှိနေတယ်ဆိုတာကို တည့်တည့်ရင်ဆိုင်ပြီး ပြောဆိုဆွေးနွေးခြင်းထက် အပေါ်စီးကနေပြီး ဆွေးနွေးလိုတဲ့ သဘောမျိုး၊ ဆွေးနွေးမှုက ပရိယာယ် သဘောအရ ဆွေးနွေးခြင်းမျိုးသာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
ဒီနေရာမှာ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင် ညီနောင် ၃ဖွဲ့ တို့ရဲ့ အကျိုးစီးပွားချည်း မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားလည်း ပါဝင်ပတ်သက်နေတဲ့ အချက်ကို မျက်ခြည်မပြတ်ဘဲ နားလည်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေ ဖြစ်လို့ ဒီဒေသတွေရဲ့ မတည်ငြိမ်မှုက အိမ်နီးချင်း တရုတ်နိုင်ငံကို သက်ရောက်မှု ရှိနိုင်ခြင်းက တချက် ဖြစ်သလို၊ ဒုတိယအချက်က မြန်မာနိုင်ငံတွင်းက စီမံကိန်းတွေ၊ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၊ ကျောက်ဖြူ-ကူမင်း လောင်စာ ပိုက်လိုင်း၊ BRI လို ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းရဲ့ မြန်မာနိုင်ငံအစိတ်အပိုင်း စတဲ့ အကျိုးစီးပွားတွေကို ထိခိုက်မှုမရှိအောင် သို့မဟုတ် အနည်းဆုံးဖြစ်အောင် တရုတ်နိုင်ငံဘက်က လက်ခံထားတဲ့ အခြေအနေတခုရှိနေမယ်လို့ မှန်းဆရပါတယ်။ မြန်မာနိုင်ငံတွင်းက ရင်းနှီးမြှုပ်နှံမှု၊ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြီး မကျယ်ပြန့်စေရေးလို အကျိုးစီးပွားတွေလည်း မြန်မာနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံခြားရေး မူဝါဒမှာ အခြေခံ အချက်အလက်တွေ ဖြစ်ပါလိမ့်မယ်။
တဖက်မှာတော့ မြန်မာနိုင်ငံအတွင်း အခြေစိုက်လုပ်ကိုင်နေကြတဲ့ ကျားဖြန့် ခေါ် အွန်လိုင်းပေါ်က ငွေလိမ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းရေးလို ပြဿနာကလည်း တရုတ်နိုင်ငံအတွက် လတ်တလော အရေးကြီးတဲ့ ကိစ္စရပ် ဖြစ်ပါလိမ့်မယ်။ လတ်တလော ပြဿနာ ကိစ္စရပ်နဲ့ ရေရှည်စီမံကိန်း၊ တည်ငြိမ်မှုရရေး၊ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ နှစ်နဲ့ချီကာ ဆက်လက်ဖြစ်ပွားနေတာမျိုး မဖြစ်ဖို့ စတဲ့ ရည်မှန်းချက်တွေလည်း ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ရှည်လများ အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်ကို ပြောင်းလဲအစားထိုးဖို့ တရုတ်နိုင်ငံက ဆန္ဒရှိနေမလား၊ သို့မဟုတ် ၄င်းတို့က ပိုပြီးသြဇာလွှမ်းမိုးနိုင်တဲ့ ဒေသအလိုက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ပိုအင်အားကောင်းလာအောင် အားပေးကူညီမလား ဆိုတာတော့ လောလောဆယ်မှာ သဲသဲကွဲကွဲ မပြောနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ချုပ်ဆိုရရင် တရုတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတနိုင်ငံ မဟုတ်သလို၊ ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံလည်း ဖြစ်တယ်ဆိုတဲ့ အချက်၊ သူ့ရဲ့ အိမ်နောက်ဖေး အိမ်နီးချင်းဒေသမှာ လက်နက်ကိုင် တိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်နေတာမျိုး၊ အဲလို လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေစေတဲ့ အစိုးရလိုမျိုးကိုတော့ မလိုလားဘူးဆိုတာ တရုတ်နိုင်ငံအနေနဲ့ အခြေခံ စဥ်းစားကြမယ့် အချက်တွေ ဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar