လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၁)
လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၁)
(မိုးမခ) ဇန်နဝါရီ ၃၁ ၊ ၂၀၂၄
အေးအတူ-ပူအမျှ လူ့အဖွဲ့အစည်းတည်ဆောက်ရေး
၁၉၇၀ ပြည့်နှစ်များလောက်က တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းက "သုံးကမ္ဘာ သဘောတရား" ဆိုတဲ့ စာတမ်းတစောင်ထုတ်ပြီး ကိုလိုနီစနစ်ကို တွန်းလှန်ပြီး လွတ်လပ်ရေး ရလာတဲ့ အာရှ-အာဖရိက-လက်တင်အမေရိက နိုင်ငံများကို လှမ်းစည်းရုံးခဲ့ပါတယ်။
"ခင်ဗျားတို့နိုင်ငံများ ဖွံ့ဖြိုးတိုးတက်လာမှ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်ထိန်းသိမ်းနိုင်မှာ" လို့လည်း အဲဒီနိုင်ငံများက ခေါင်းဆောင်များနဲ့ တွေ့ဆုံတိုင်းမှာ မော်က ပြောတတ်ပါတယ်။
ဒီသဘောတရားဟာ အဲဒီခေတ်ကာလက ရှိနေတဲ့ လူတန်းစားတိုက်ပွဲများအပေါ် မာက်စ်ဝါဒ အမြင်နဲ့ ချဉ်းကပ်ပြီး သုံးသပ်ခဲ့တဲ့ မော်ရဲ့ 'ကမ္ဘာတပ်ပေါင်းစုဖွဲ့ရေး'အမြင်အဖြစ် ကျော်ကြားခဲ့ပါတယ်။အောင်မြင်သင့်သလောက်လည်း အောင်မြင်ခဲ့ပါတယ်။ အာဖရိကနိုင်ငံများကို အထူးဦးတည် ဆက်ဆံနိုင်ခဲ့မှုကြောင့်ပဲ၊ အဲဒီနိုင်ငံများ ထောက်ခံမှုနဲ့ ၁၉၇၄ ခုနှစ်မှာ တရုတ်ပြည် ကုလသမဂ္ဂကို ၀င်ရောက်နိုင်ခဲ့ပါတယ်။
၁၉၇၈ ခုနှစ် (ယဉ်ကျေးမှုတော်လှန်ရေး(၁၉၆၆-၁၉၇၆) အပြီးမှာ)အာဏာရလာတဲ့ တိန့်ရှောင်ပင် ခေတ်မှာတော့ ဒီပေါ်လစီကို ဆက်လက်ကိုင်စွဲပြီး တတိယကမ္ဘာနိုင်ငံများ(ဖွံ့ဖြိုးဆဲနိုင်ငံများ)နဲ့ အရှိန်မပျက် ဆက်ဆံခဲ့ပေမဲ့ အဲဒီကာလတွေမှာ တရုတ်ပြည်တွင်းအခြေအနေများအရ အဓိက ပြည်တွင်းစီးပွားရေး တိုးတက်ဖို့အတွက်ပဲ ဦးစားပေးခဲ့တာပါ။
ဒါ့အပြင် တိန့်က— "နိုင်ငံတကာကိစ္စတွေမှာ တတ်နိုင်သမျှ ခပ်လျှိုလျှိုနေ၊ ကိုယ့်နိုင်ငံ စီးပွားရေးပဲ ကျုံးလုပ်ကြ"လို့ မှာထားတာပါ။
ဒီလိုနဲ့ တရုတ်ပြည်ဟာ တိန့်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီအောက်မှာ စီးပွားရေးပဲ အားစိုက်လုပ်ခဲ့ကြပါတယ်။ အဲဒီကာလ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာနေတဲ့(အရင်းရှင်) စီးပွားရေးကမ္ဘာမှုပြုမှု (Economic Globalization) လှိုင်းကို ဝင်စီးပြီး စီးပွားရေးဓန အင်အားကို စုဆောင်းခဲ့ပါတယ်။
ဒီလိုနဲ့ တရုတ်ပြည်ဟာ ၂၀၁၀ မှာ ကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာပြီး ၂၀၁၄ မှာတော့ ကမ္ဘာမှာ အရန်နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ၃-ထရီလျံကျော်) အများဆုံးရှိတဲ့ နိုင်ငံလည်း ဖြစ်လာပါတော့တယ်။ ပြည်တွင်းအခြေအနေအရလည်း တည်ငြိမ်လာပါတယ်။
ဒီကာလများအကြား နှစ်နိုင်ငံကြား ဆက်ဆံရေးတွေ၊ ဒေသဆိုင်ရာ ဆက်ဆံရေးတွေ (ဥပမာ တရုတ်-အာဖရိကနိုင်ငံများ၊ တရုတ်-အာဆီယံ၊ ရှန်ဟဲ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS စတာများ) ရှိခဲ့ပေမယ့် တကမ္ဘာလုံးဆိုင်ရာ အမြင်တော့ သိပ်ပေါ်ပေါ်ထင်ထင် မရှိခဲ့သေးပါဘူး။
၂၀၁၃ ခုနှစ် လက်ရှိခေါင်းဆောင် ရှီကျင့်ပင် တက်လာချိန်မှာတော့ သံခင်းတမန်ခင်းဆိုင်ရာမူများမှာ အပြောင်းအလဲများ စတင်ပေါ်ပေါက်လာပါတယ်။ သူက ဒီလို ပြောလာပါတယ်။
"တရုတ်ပြည်အနေနဲ့ တကမ္ဘာလုံး နေရာအနှံ့ စီးပွားလုပ်နေတာဖြစ်လို့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေ ကာကွယ်ဖို့ တချို့ ကိစ္စတွေမှာ လက်ဦးမှုရှိရှိ ၀င်ရောက်လုပ်ဆောင်ရမှာပါ"တဲ့။ဒါ့အပြင် ရှီကျင့်ပင်ဟာ တကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်တွေ တခုပြီးတခု တင်လာတာ အခု ၂၀၂၃ ခုနှစ် အထိပါပဲ။
အချို့ အစောပိုင်း အဆိုပြုချက်တွေ (ဥပမာ- ပိုးလမ်းမစီမံကိန်း-BRI)ဟာ ဆိုရင် ၁၀ နှစ် ရှိလာပြီဖြစ်တဲ့အတွက် အကျိုးကျေးဇူးတွေ ထင်သာမြင်သာ ရှိလာနေပါပြီ။ ၂၀၂၀ ပြည့်နှစ် တရုတ်ပြည်ရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး တိုက်ပွဲကြီး အောင်မြင်ပြီးနောက်မှာတော့ ရှီကျင့်ပင်ဟာ နိုင်ငံတကာအစည်းအဝေးကြီးတွေ (ဥပမာ ကုလသမဂ္ဂစင်မြင့်)၊ပြည်တွင်း ညီလာခံကြီးတွေမှာ တကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်တွေ တင်သွင်းလာပါတယ်။ အဲဒါတွေကတော့—
၁။ တကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆိုပြုချက်။GDI.(2021-ကုလသမဂွမှာ)
၂။ တကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် အဆိုပြုချက်။GSI.(2022-တရုတ်ပြည်ဟိုင်နန်Baoမှာ)
၃။ တကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအတွက် အဆိုပြုချက် GCI.(2023-ပီကင်းမှာ ကျင်းပတဲ့
တကမ္ဘာလုံးက နိုင်ငံရေးပါတီများ ညီလာခံကြီးမှာ)။
ဒီအဆိုပြုချက်များ အားလုံးမှာ ပါဝင်နေတဲ့ အဓိကကျတဲ့ ရည်မှန်းချက်ကတော့ အေးအတူ -ပူအမျှ လူ့အဖွဲ့အစည်း(Global community of shared future)တည်ဆောက်ရေးတဲ့။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ၉ လပိုင်းမှာ တရုတ် အစိုးရပြန်ကြားရေးဌာနက အဲဒီခေါင်းစီးနဲ့ပဲ စက္ကူဖြူစာတမ်းတစောင် ထွက်လာပါတယ်။
လက်ရှိ ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်နေမှုအမျိုးမျိုး (ဥပမာ- အစွန်းရောက်အကြမ်းဖက်ဝါဒများ၊ သဘာပတ်ဝန်းကျင် ပြောင်းလဲမှု၊ ကပ်ရောဂါများ---စသဖြင့်) ကို ဘယ်နိုင်ငံမှ တနိုင်ငံတည်း မဖြေရှင်းနိုင်တော့ဘဲ နိုင်ငံတိုင်း အားလုံးညီညာဖျဖျ ပေါင်းစည်းပြီး ဖြေရှင်းရတော့မယ်။
ဒီအတွက် နိုင်ငံတကာ စနစ်အမျိုးမျိုးကို ပိုမိုတရားမျှတမှုရှိစေဖို့ ပြုပြင်ပြောင်းလဲသင့်ကြောင်း အစချီပြီးပြုပြင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ထုတ်တင်ပြထားပါတယ်။ ဒါဟာ တရုတ်ပြည်အနေနဲ့ တာဝန်သိတတ်တဲ့ နိုင်ငံကြီး တနိုင်ငံအနေနဲ့တကမ္ဘာလုံးရဲ့ အကျိုးစီးပွားအတွက် တင်ပြတာဖြစ်ကြောင်း ပြောထားပါတယ်။
အခုလို စီးပွားရေးအရ၊ ကမ္ဘာမှုပြုထားတဲ့ (globalised) ကမ္ဘာကြီးဟာ ပိုသေးလာ ကျုံ့လာနေပြီး နိုင်ငံများဟာ အရင်ကာလတွေတုန်းကလို ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် ဆိုပြီး ကိုယ့်လှေလေးတွေနဲ့ကိုယ် နေချင်တိုင်းနေလို့ မဖြစ်တော့ကြောင်း၊ နိုင်ငံအားလုံးဟာ ပင်လယ်ပြင်ကြီးထဲက ပင်လယ်ကူးသင်္ဘောကြီးအတွင်းက အခန်းကလေးတွေထဲ ရောက်ရှိနေပြီး ဘယ်အခန်းမှာ ဘာဖြစ်ဖြစ် သင်္ဘောကြီးတခုလုံးကို ထိခိုက်နိုင်ကြောင်း၊ ကမ္ဘာကြီးဟာ တခုတည်းရှိတဲ့အတွက် တကမ္ဘာလုံးက ပြည်သူများအနေနဲ့ တအိမ်သားတည်းတွေလို ဖြစ်နေပြီး ကံကြမ္မာတွေဟာ ဆက်နေပြီဖြစ်တဲ့အတွက် ဒီကမ္ဘာကြီးရဲ့အခက်အခဲတွေ ဖြေရှင်းဖို့ရော၊ ကမ္ဘာကြီး ငြိမ်းချမ်းပြီး ပိုမိုခိုင်မာဖွံ့ဖြိုးတိုးတက်လာရေးအတွက်နဲ့ရှေ့အလားအလာ အနာဂတ်အတွက်ပါ ဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့လိုကြောင်းကို ရှေးဦးနိဒါန်းအဖြစ် ရေးထားပါတယ်။
ဒီစာတမ်းဟာ တရုတ်ရဲ့ အခုခေတ်သစ်ကာလအတွင်း သူတို့ ချမှတ်ပြီး ဆက်လည်းအကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအမြင် ဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း လက်ဦးမှုရှိရှိ ဘာတွေ လုပ်ဆောင်နေပါတယ် ဆိုပြီးလည်း သူတို့အဆိုပြုချက်တွေအပေါ် သူတို့လုပ်ဆောင်ချက်များကိုလည်း ဖော်ပြထားပါတယ်။
အဲဒီအဆိုပြုချက် တခုချင်းစီအကြောင်း ဆက်ရေးပါဦးမယ်။
လှကျော်ဇော
၂၉-၁-၂၀၂၄။
ကိုးကား- https://www.chinadaily.com.cn/.../WS65124140a310d2dce4bb7...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar