ဇမ်သစ်အောင် - ခြံထဲမှာ
ဇမ်သစ်အောင်
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၄
မျက်မှန်စိမ်းအတပ်ခံထားရတဲ့ နွားတွေဟာ
မြက်ခြောက်ကို
မက်လောက်စရာအဖြစ်
နှစ်နှစ်ကာကာ စားနေကြ
ဗိုက်ဝနွားတွေက ငါ့စကားနွားရ
အမှားဟောင်းတွေကို စားမြုံ့ပြန်
ပုံမှန်ဆို
ဒီအချိန်မှာ ခြံစောင့်ခွေးတွေ
အသံရှည်ဆွဲ အူနေကျ
ဂုတ်သွေးစုပ်ခြင်တွေ တဝီဝီ
ကြောင်သူတော်တွေ တညောင်ညောင်
အမှောင်ကြိုက်ဖားတွေ တကွပ်ကွပ်
ကြက်တွေက ကြက်သေ သေနေကြ
ဝက်တွေက အဆီရစ်
တဂစ်ဂစ်နဲ့ အိပ်မောကျ
တက်ကြွတဲ့ကြက်ဖကြီးက
စမတ်ကျကျ ထ အတွန်
နှစ်ဖက်ချွန်ဘဲများ တဂတ်ဂတ်
ပတတ်ရပ်နေတဲ့ မြင်း
သီချင်းနားထောင်နေတဲ့ ကျွဲ
တပဲပဲအော်နေတဲ့ ဆိတ်
စိတ်ပျက်စရာ အကြား အမြင်များ
ဒီလိုနဲ့
ခြံရှင်ဟာ
ခြံအပြင်မှာ
ရင်နာနာနဲ့
တည နက်ခဲ့ရပြန်ပေါ့။
11: 21 PM
Sun,Dec 31,2023
* ဂုတ်သွေး = ကုပ်သွေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar