Breaking News

စစ်ကောင်စီက ကိုးကန့် အုပ်ချုပ်ရေးမှူးဟောင်းနဲ့ သူဌေး ၆ ဦးကို တရုတ်ထံ လွှဲပြောင်း၊ SSPP/SSA ရဲ့ ထုတ်ပြန်ကြေညာချက်က ဘယ်လို အဓိပ္ပာယ် သက်ရောက်လဲ

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၃၀ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၄


စစ်ကောင်စီက ကိုးကန့် အုပ်ချုပ်ရေးမှူးဟောင်းနဲ့ သူဌေး ၆ ဦးကို တရုတ်ထံ လွှဲပြောင်း၊ SSPP/SSA ရဲ့ ထုတ်ပြန်ကြေညာချက်က ဘယ်လို အဓိပ္ပာယ် သက်ရောက်လဲ

တရုတ်နိုင်ငံက အွန်လိုင်းပေါ်က တဆင့် ငွေလိမ်တဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်မှုရှိနေတာကြောင့် အလိုရှိတဲ့ တရားခံ ၁၀ ဦးအနက်က ၆ ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံလက်ထဲ လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့ သတင်းက ဇန်နဝါရီ ၃၀ ရက်နေ့ညနေမှာ တရုတ်နိုင်ငံဘက်က ကြေညာချက်ကြောင့် ရုတ်ချည်း ပြန့်နှံ့သွားခဲ့ပါတယ်။ ကိုးကန့်ဒေသရဲ့ မြို့တော် လောက်ကိုင်မြို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ ပယ်ဆောက်ချိန်၊ သူ့ရဲ့ သားဖြစ်သူ နဲ ကိုးကန့်ဒေသ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ ရဲ့ ဗဟိုအကြံပေး နဲ့ ကွပ်ကဲရေးအဖွဲ့ ဥက္ကဌ ဝေစန်း၊ ကိုးကန့်ဒေသက အချမ်းသာဆုံး ဖူလီလိုက် လုပ်ငန်းစုရဲ့ ပိုင်ရှင် လျိုအားပေါက် တို့ပါဝင်တဲ့ ၆ ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့လို့ နေပြည်တော်ကနေ စင်းလုံးငှားလေယာဥ်နဲ့ တရုတ်နိုင်ငံက လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

 နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကိုးကန့်ဒေသမှာ အကြီးအကျယ်တိုက်ပွဲတွေ ဖြစ်နေစဥ်က ပယ်ဆောက်ချိန် နဲ့ ၄င်းရဲ့သား ဦးစီးတဲ့ နယ်ခြားစောင့်တပ်တွေက ခုခံကာကွယ်တိုက်ခိုက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ကြီးမားတဲ့ ခုခံမှုမျိုး မရှိခဲ့ပဲ၊ စစ်ကောင်စီတပ်တွေနဲ့ သာ တိုက်ခိုက်ခဲ့ကြပြီး ဇန်နဝါရီ ၄ ရက်နေ့မှာတော့ စစ်ကောင်စီတပ် အင်အား ၂၄၀၀ နီးပါး လက်နက်ချခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကိုးကန့်ဒေသရဲ့ အုပ်ချုပ်ရေးမှူးဟောင်း၊ နယ်ခြားစောင့်တပ်ကို တာဝန်ယူတဲ့ ပယ်ဆောက်ချိန် ရဲ့ သား အစရှိတဲ့သူတွေက လူမြင်ကွင်းတွေက ပျောက်ကွယ်နေခဲ့ကြတာ ဖြစ်ပါတယ်။ လနဲ့ချီ ပျောက်ကွယ်နေခဲ့ကြရာမှာ ၄င်းတို့ဘယ်မှာ တိမ်းရှောင်ပုန်းအောင်း နေကြသလဲဆိုတာကို မှန်းဆချက် အချို့က အဖြစ်နိုင်ဆုံးက နေပြည်တော်လို့ ယူဆခဲ့ကြတာပါ။ လောက်ကိုင်ကနေ စင်းလုံးငှား ရဟတ်ယာဥ်နဲ့ နေပြည်တော်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ် ဆိုတဲ့ ကောလဟလ တွေလည်း ပြီးခဲ့တဲ့ လတွေတုန်းက ထွက်ပေါ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ 

အဲဒီနောက် စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင် ဖိအားပေးမှု၊ တိုက်တွန်းမှုတွေနဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့နဲ့ ယာယီအပစ်ရပ်သဘောတူညီမှုကို ဇန်နဝါရီလဆန်းမှာ ရရှိခဲ့ပြီး တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ သြဇာရှိတာ ပိုပြီးထင်ရှားလာခဲ့တာပါ။ စစ်ကောင်စီအနေနဲ့ ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်မိသားစုကို ဖယ်ရှားခဲ့ပြီးနောက် အသုံးချခဲ့တဲ့ ပယ်ဆောက်ချိန် နဲ့ ၄င်းရဲ့ မိသားစုတွေကို ဆယ်စုနှစ်တခုကျော်အကြာမှာ တရုတ်နိုင်ငံလက်ထဲ အပ်ခဲ့ပြီဖြစ်ပါတယ်။ 

၂၀၀၉ ခုနှစ် တုန်းက ပယ်ဆောက်ချိန်တို့ကို ရွေးချယ်တာဝန်ပေးခဲ့တဲ့ မြန်မာစစ်တပ်အကြီးအကဲက သန်းရွှေဖြစ်ပြီး အဲဒီ အနေအထားအတိုင်း နောက်တက်လာတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေက ၄င်းကို ဆက်လက် အသုံးချခဲ့ကြတာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်ကူးကြတဲ့ လုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေး၊ လောင်းကစားတွေကို တရားဝင်ကြီးကြီးကျယ်ကျယ် လုပ်ကိုင်လုပ်ငန်း တွေကနေ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ လောင်းကစားကနေ အသွင်ပြောင်းသွားတဲ့ အွန်လိုင်းကနေ ငွေလိမ်ဖို့ လူတွေကို မျှားခေါ်ကာ ပိတ်လှောင် ခိုင်းစေတဲ့ လုပ်ငန်းတွေကနေ ဝင်ငွေရရှိပြီး စည်ကားနေတဲ့ ဒေသ တခုဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ အရှေ့ပိုင်းတွေဟာ ခေတ်အဆက်ဆက် ပဒေသရာဇ်တွေ၊ စစ်ဘုရင်တွေနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းပေါ် အခြေခံတဲ့ လက်နက်ကိုင် အဖွဲ့တွေ ကြီးစိုး လှုပ်ရှားလာခဲ့ကြတဲ့ ဒေသတွေြဖစ်ပါတယ်။ မူးယစ်ဆေး ထုတ်လုပ် ရောင်းဝယ်တာ၊ ကာစီနို လောင်းကစားလုပ်ငန်းတွေက တရုတ်နိုင်ငံအဖို့ ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပေမယ့် ခုနှစ်ပိုင်း တွင်ကျယ်လာတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းကတော့ တရုတ်နိုင်ငံက တရုတ်စကားပြောသူတွေကို ပစ်မှတ်ထား လုပ်ဆောင်တာကြောင့် ထိခိုက်မှု ကြီးကြီးမားမား ရှိနေပြီး တရုတ်နိုင်ငံက ဒီရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေသူတွေကို စုံစမ်းထောက်လှမ်းတာ၊ ဖော်ထုတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ဒီလုပ်ငန်းတွေ အခြေစိုက်ရာနေရာ မြန်မာနိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့က အုပ်ချုပ်သူတွေ လုပ်ငန်းရှင် သူဌေးတွေက တရုတ်နိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း ရာဇဝတ်မှု နဲ့ အလိုရှိသူတွေ ဖြစ်နေကြတာပါ။ 

စစ်ကောင်စီ အနေနဲ့ အစောပိုင်းမှာ တရုတ်နိုင်ငံရဲ့ လိုလားချက် တောင်းဆိုချက်တွေကို သိပ်အရေးမထားခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးပေါ်ထွက်လာပြီး  စစ်ရေးအရ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်နေရချိန် တရုတ်နိုင်ငံရဲ့ သြဇာ၊ တရုတ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နယ်မြေတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် အသုံးချနိုင်တဲ့ ဖိအားတွေကို လိုအပ်ရာက တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး အနေအထားရောက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အခု နောက်ဆုံး ကိုးကန့် ဒေသအုပ်ချုပ်ရေး ဦးစီးမှူးဟောင်း ပယ်ဆောက်ချိန် နဲ့ နယ်ခြားစောင့်တပ်မှူးတာဝန်ယူခဲ့ဖူးသူ  ပယ်ဆောက်ချိန်ရဲ့သားဖြစ်သူ တို့ကို တရုတ်နိုင်ငံထံ လွှဲအပ်လိုက်ခြင်းဟာ ယခင်စစ်တပ်နဲ့ ရှိခဲ့တဲ့ဆက်ဆံရေး၊ အပေးအယူ၊ ငဲ့ကွက်စရာတွေထက် တရုတ်နိုင်ငံနဲ့ မျက်နှာမပျက်ရေးက ပိုအရေးကြီးကြောင်း ပြသတဲ့ သဘောလို့ ကောက်ချက်ချနိုင်တာ ဖြစ်ပါတယ်။

ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုကလည်း ရှမ်းပြည်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး လက်နက်ကိုင် ၂ ဖွဲ့ရှိတဲ့အနက် တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည် တပ်မတော် လို့ တရားဝင်အပြည့်အစုံခေါ်ဝေါ်ကြတဲ့ SSPP/SSA အဖွဲ့က ဗဟိုကော်မတီ မျက်နှာစုံညီ ၂၀၂၃ နှစ်ချုပ် အစည်းအဝေးပြီးနောက် ထုတ်ပြန်ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာချက်မှာ ၉ ရက်တာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးက အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ နဲ့ နယ်မြေချဲ့ထွင်ရေး ဝါဒတို့ကို ဆန့်ကျင်ပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျင် ဖွံဖြိုးတိုးတက်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မည် လို့ ပါရှိပါတယ်။ အဲဒီနောက် အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဥ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးခစျ် ဝါဒနှင့် နယ်မြေချဲ့ထွင်ရေး ဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည် လို့ပါရှိတာ ဖြစ်ပါတယ်။ 


ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက် ၊ အာဏာရှင်ဝါဒဆန့်ကျင်ရေး ၊ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေး စတဲ့ ရပ်တည်ချက် သဘောထားတွေက ယခင်ကတည်းက ရှိခဲ့တဲ့ သဘောထားတွေလို့ မှတ်ယူနိုင်ပြီး ယခင်ဖေါ်ပြလေ့ ရည်ညွှန်းလေ့မရှိတဲ့ နယ်မြေချဲ့ထွင်ရေးဝါဒ နဲ့ မျက်ကန်းမျိုးချစ်ဝါဒ ဆိုတဲ့ စကားလုံးတွေ ထည့်သွင်းထားခြင်းက လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အားပြိုင်မှုတွေကို ထင်ဟပ်ပြသလိုက်တဲ့ စကားလုံးတွေလားလို့ မှန်းဆကြည့်ရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေ ၂ လကျော် ၃ လတာ ဖြစ်ပွားခဲ့စဥ် အတွင်း ရှမ်းမြောက်က နယ်မြေတွေ မြို့တွေကို အခြားသောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီး အုပ်ချုပ်ရေး စတင်လည်ပတ်ဖို့ ကြိုးစားနေကြတဲ့ အခြေအနေမျိုးကို ရောက်ရှိနေချိန်မှာ SSPP/SSA က အခုလို စကားလုံးအသုံးအနှုန်းသုံးစွဲခဲ့တာက ရှမ်းမြောက်ဒေသက မြို့နဲ့ ကျေးရွာတွေရဲ့  နေထိုင်တဲ့ လူမျိုးစုအရ ဆက်စပ်သက်ဆိုင်မှု၊ သမိုင်းအစဥ်အဆက်အရ သက်ဆိုင်မှု၊ ၁၀၂၇ မတိုင်မီ ကျေးရွာတွေ အပေါ် ရှဲဒိုး အစိုးရသဖွယ် အုပ်ချုပ်နေခဲ့တဲ့ အစဥ်အလာတွေအရ အချို့သော လက်နက်ကိုင် အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေက ၄င်းတို့နဲ့ သက်ဆိုင်တဲ့ နယ်မြေဖြစ်ပြီး နယ်မြေချဲ့ထွင်ခြင်း ခံရတယ်လို့ ယူဆထားတဲ့သဘောမျိုး ကောက်ချက်ချရတာ ဖြစ်ပါတယ်။ 

မကြာသေးခင်က TNLA က SSPP ထံပေးပို့တဲ့ စာမှာ နမ့်ခမ်းမြို့နဲ့ နယ်တွေမှာ SSPP/SSA  က စစ်သားစုဆောင်းတာ၊ အခွန်ကောက်တာ မလုပ်ဖို့ မေတ္တာရပ်ခံကြောင်း ပါရှိတာဖြစ်ပါတယ်။ ရှမ်းလူမျိုးတွေ၊ ပလောင်လူမျိးတွေပါနေထိုင်ကြတဲ့ ဒေသကို ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာကြောင့် လက်ရှိ အနေအထားမှာ အဲဒီဒေသကို TNLA က အုပ်ချုပ်ရေး အရ တာဝန်ယူပြီး အခြားသော လက်နက်ကိုင်အဖွဲ့တွေက လူသစ်စုဆောင်းတာ ၊ အခွန်ကောက်တာတွေကို တားမြစ်တဲ့ အနေအထားဖြစ်ပါတယ်။ ဒီ လက္ခဏာရပ်တွေကို ကြည့်ရင် လူမျိုးစုတွေ အပေါ် အခြေပြုဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြား၊ သမိုင်းအစဥ်အဆက် လူမျိုးစုတမျိုးမက ရောယှက်နေထိုင်ကြတဲ့ ဒေသတွေ၊ လူမျိုးစု အနည်းအများ အပေါ်မူတည်တာထက် စစ်အင်အားကောင်းတဲ့ တိုက်နိုင်ခိုက်နိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ က တိုက်ခိုက်သိမ်းယူနိုင်တဲ့ နယ်မြေဒေသတွေကို ၄င်းတို့ အုပ်ချုပ်ခွင့်ရှိတဲ့ ဒေသတွေ အဖြစ်သတ်မှတ်တာ၊ ထည့်သွင်းတာတွေက တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ပွတ်တိုက်မှုတွေ ၊ အားပြိုင်မှုတွေ နဲ့တိုက်ခိုက်မှုတွေအထိ ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပြီဆိုတာ ကြိုတင် သတိပြုကြဖို့ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar