ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၁
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၁
(မိုးမခ) ဇန်နဝါရီ ၃၁ ၊ ၂၀၂၄
အနောက်ဘက်ကျို့ခေတ်၏ အဆုံးသတ် (အစွန်းရောက်အချစ်၏ ရလဒ်ဆိုး)
ကျို့ခေတ်ရဲ့ ၁၂ ယောက်မြောက်ဧကရာဇ် ယို (幽 You) လက်ထက် ဘီစီ ၇၇၁ မှာ အနောက်ဘက်ကျို့ခေတ် ပြီးဆုံးပြီး အရှေ့ဘက်ကျို့ခေတ် စတင်ပါတယ်။ အနောက်ဘက်ကျို့ခေတ် ပြီးဆုံးပြီး နွေဦးဆောင်းဦးကာလ စတင်တယ်လို့လည်း ပြောလို့ရပါတယ်။ ဧကရာဇ်ယို ကို ကျို့ခေတ်ရဲ့ ၁၂ ယောက်မြောက် ဧကရာဇ် လို့ ပြောလို့ရသလို၊ တနည်းအားဖြင့် အနောက်ဘက်ကျို့ခေတ်ရဲ့ နောက်ဆုံးဧကရာဇ် လို့လည်း ပြောလို့ရပါတယ်။
အနောက်ဘက်ကျို့ခေတ်ရဲ့ နိဂုံးဟာ သမိုင်းတစ်ခု ဖြစ်သလို အစွန်းရောက်အချစ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်လို့လည်း ဆိုနိုင်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။
ကျို့ - ချူ စစ်ပွဲအပြီးမှာ ကျို့နန်းတော်ဟာ တောင်ပိုင်းမှာ သြဇာအတော်ကျဆင်းသွားပြီလို့ ဆိုရမှာပါ။ (ရှေ့က ကျို့ - ချူ စစ်ပွဲအကြောင်း မှတ်စုတိုတွေမှာ လေ့လာကြည့်နိုင်ပါတယ်။) ဒါနဲ့တင်ပြီးသွားပြီလား ဆိုတော့ မဟုတ်သေးပါဘူး။ ကျို့ ဟာ မြောက်ဘက်ကနေ လာပြီး ရန်မူသူတွေရဲ့ ရန်ကို ရင်ဆိုင်ရပြန်ပါတယ်။
မြောက်အရပ်နဲ့ အနောက်မြောက်အရပ်က ရွှေ့ပြောင်းသွားလာပြီး နယ်ချဲ့တတ်ကြတဲ့ လူမျိုးစုတွေဟာ ကျို့အင်ပါယာကို မျက်စပစ်လာတာပါ။ ရှန်းယွမ် (猃狁 Xiangyun)၊ ကွေ့ဖန် (鬼方 Guigang)၊ စတဲ့ မျိုးနွယ်စုတွေအပြင် ရုံမျိုးနွယ်တွေလို့ ဆိုတဲ့ ရှီးရုံ (西戎 Xirong)၊ ရှန်းရုံ (山戎Shangrong)၊ ချွမ်းရုံ(犬戎 Quanrong) အစရှိတဲ့ မျိုးနွယ်စုတွေက လာရောက်ကျူးကျော်တာ ဖြစ်ပါတယ်။ သူတို့ထဲက တချို့ဟာ ရှန်းခေတ် ကတည်းက မြစ်ဝါမြစ်ဝှမ်းက ဖွံ့ဖြိုးပြီးဒေသတွေကို အခါအခွင့်သင့်တိုင်း လာရောက်ကျူးကျော်လေ့ ရှိပါတယ်။ ဒါပေမဲ့ အနောက်ဘက်ကျို့ခေတ် ရဲ့ အကျပိုင်း၊ အင်အားချည့်နဲ့နေချိန်မှာ ပိုပြီး အင်အားပြင်းပြင်းနဲ့ လာရောက်တိုက်ခိုက်ကြပါတော့တယ်။
အဲဒီလို အခြေအနေမျိုးမှာ ဧကရာဇ်ယို ရဲ့ အစွန်းရောက်တဲ့ အချစ်ဇာတ်လမ်းက တိုင်းပြည်ကို လုံးဝပျက်စီးအောင် တွန်းပို့ပေးလိုက်ပါတယ်။ ဘီစီ ၇၈၁ မှာ ဧကရာဇ်ယို ထီးနန်းဆက်ခံပါတယ်။ နောက်ထပ် ၂ နှစ်လောက်အကြာ ဘီစီ ၇၇၉ မှာ ပေါင်စစ် (褒姒Bao si) လို့ အမည်ရတဲ့ ကိုယ်လုပ်တော်တစ်ပါး နန်းတော်ထဲကို ရောက်ရှိလာပါတယ်။ ပေါင်စစ် ဟာ ဧကရာဇ်ယို ရဲ့ ချစ်ခင်စုံမက်မှုကို အရဆုံး မိဖုရားတစ်ပါး ဖြစ်လာရုံမျှမက ဧကရာဇ်ယို အတွက် ပေါ်ဖု (Bofu) လို့အမည်ရတဲ့ သားတော်တစ်ပါးကိုတောင် မွေးဖွားပေးခဲ့ပါတယ်။
ဧကရာဇ် က ပေါင်စစ်ကို ဘယ်လောက်များ မြတ်နိုးသလဲဆိုရင် မိဖုရားခေါင်ကြီးအဖြစ် သတ်မှတ်ထားပြီးသား မိဖုရား ရှန် (申后 Shan) ကို အရာကချလို့၊ ပေါင်စစ်ကို မိဖုရားခေါင်ကြီး မြှောက်လိုက်တဲ့အထိပါပဲ။ ရှန်း ဆိုတဲ့ နာမည်ကတော့ မိဖုရား မွေးဖွားရာနိုင်ငံ ဖြစ်ပါတယ်။ ရှန်း နိုင်ငံဟာ ကျို့လက်အောက်ခံ နိုင်ငံငယ် တစ်ခုဖြစ်ပြီး၊ မိဖုရားရဲ့ ဖခင်ဟာ ရှန်းနယ်စား (申侯 Marquess of Shan) ကြီး ဖြစ်ပါတယ်။
ဒါတင်ပဲလားဆိုရင် မဟုတ်သေးပါဘူး။ မိဖုရားကြီးရှန် ကမွေးတဲ့ သားတော် ယီကျို့ (Yijiu) ကို ထီးနန်းဆက်ခံမယ့် အိမ်ရှေ့စံရာထူးပေးထားတာကိုလည်း ပယ်ဖျက်လိုက်ပါတယ်။ ယီကျို့အစား ပေါင်စစ် က မွေးတဲ့ ပေါ်ဖု ကို အိမ်ရှေ့စံအဖြစ် အပ်နှင်းလိုက်ပါတယ်။
ပြဿနာက အဲဒီက စတာပါပဲ။ ပဒေသရာဇ်နန်းတော်တွေမှာ ပုံမှန်အခြေအနေမှာတောင် ထီးနန်းအရိုက်အရာအတွက်၊ မကျေမနပ်ဖြစ်ကြ၊ မကောင်းကြံကြ၊ လုကြယက်ကြ ဖြစ်တတ်တာမို့၊ ထုံးတမ်းအစဉ်အလာအရ မိဖုရား၊ အိမ်ရှေ့စံဖြစ်ထိုက်သူတွေ၊ လက်တွေ့လည်း ဖြစ်ထားသူတွေကို ဖယ်ရှားပြီး၊ အခြားသူတွေကို စိတ်ရှိတိုင်း အစားထိုးပစ်လိုက်တယ်ဆိုတာဟာ နန်းတွင်း မငြိမ်သက်မှုကို အစဖော်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ရှန်နယ်စားကြီးဟာ နန်းမတော်မိဖုရားကြီး အရာက အချခံရတဲ့ သမီးဖြစ်သူရယ်၊ ဧကရာဇ်လောင်းလျာ ဖြစ်ခွင့်မရတော့တဲ့ မြေးဖြစ်သူရယ်အတွက် စိတ်မကောင်းဖြစ်ရသလို၊ ဒေါသကလည်း ယမ်းပုံမီးကျ ဖြစ်လာပါတော့တယ်။ ကိုယ်တိုင်ကတော့ နယ်စားလေး တစ်ယောက်မျှသာ ဖြစ်လို့ ဧကရာဇ်ကို ပြန်အာခံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့အကြံကို အကောင်အထည်ဖော်ဖို့ အခြေအနေတွေက အနီးအနားမှာ အလွယ်ကလေး ရှိနေပါတယ်။ အဲဒါကတော့ မြောက်ပိုင်းက ကျူးကျော်လာတဲ့ လူမျိုးစုတွေနဲ့ ပူးပေါင်းဖို့ပါပဲ။ ရှန်း နယ်စားကြီးဟာ ချွမ်းရုံ တွေနဲ့ပေါင်းပြီး ဧကရာဇ်ကို ပုန်ကန်ပါတော့တယ်။
တောင်ပိုင်းမှာ အရှုံးကြီးရှုံးပြီး ဩဇာကျနေတဲ့ ကျို့ အတွက် ဒါဟာ အတော့်ကို ဆိုးဝါးတဲ့ အခြေအနေပါ။ ဒါပေမဲ့ တိုင်းပြည်က ရန်စွယ်တွေ အဲဒီလောက် ဝိုင်းရံနေချိန်မှာတောင် ဧကရာဇ်ယို ဟာ အချစ်စိတ်မွှန်နေတုန်းပါ။ သူက ပေါင်စစ် နဲ့ အကြည်ဆိုက်ဖို့သာ အာရုံက ပိုများပုံ ရပါတယ်။
ပေါင်စစ် ဟာ စိတ်ကျရောဂါလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ရပ် ရှိနေတယ်လို့ ဆိုပါတယ်။ စကားအပြောအဆို နည်းပြီး အရယ်အပြုံး လုံးဝ မရှိဘူးလို့ ဆိုပါတယ်။ ပေါင်စစ် ရယ်မော ပျော်ရွှင်လာစေဖို့ ဧကရာဇ်ယို က အချိန်တိုင်း စဉ်းစားနေတာပါ။ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပေမယ့် မအောင်မြင်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ ပေါင်စစ် ရယ်မောပျော်ရွှင်မယ့် နည်းလမ်းကို တွေ့ခဲ့ပါတယ်။ အဲဒါကတော့ ကျို့ နန်းတော်ကနေ “အရေးကြီး အချက်ပေး မီးကျည်” ရှို့တဲ့နည်းပါ။ မြောက်ဘက်က ကျူးကျော်သူတွေရဲ့ အန္တရာယ်ကို သိထားပြီးသားမို့ ကျို့တပ်တွေ၊ ကျို့သစ္စာခံ အခြားနယ်မြေတွေက တပ်တွေဟာ အသင့်အနေအထားနဲ့ ရှိနေတာပါ။ အဲဒီအခြေအနေမှာ ကျို့ နန်းတော်က အချက်ပေးမီးကျည် လွှတ်လိုက်တဲ့အခါ တပ်တွေအားလုံးက ရန်သူရောက်လာပြီဆိုတဲ့ အသိနဲ့ နန်းတော်ကို ကာကွယ်ဖို့ အပြေးအလွှား ရောက်ရှိလာကြပါတယ်။ ဒါပေမဲ့ နန်းတော်ကို ရောက်တဲ့အခါ အဲဒီလို အပြေးအလွှားရောက်လာတဲ့ တပ်တွေကို ကြည့်ပြီး ရယ်မောပျော်ရွှင်နေတဲ့ ဧကရာဇ်နဲ့ ပေါင်စစ် တို့ကိုသာ တွေ့ကြရပါတယ်။ ဒါဟာ တပ်တွေအတွက် အတော့်ကို စိတ်ပျက်စရာပါ။
ဒီလို ဆိုးဝါးတဲ့လုပ်ရပ်မျိုးကို တစ်ကြိမ်တည်းလုပ်တာ မဟုတ်ဘဲ၊ ပေါင်စစ် အလိုရှိတိုင်း ဧကရာဇ်ယို က ဆောင်ရွက်ပေးပါသတဲ့။ ကြာလာတော့ အရူးလုပ်ခံရတာများလာတာမို့ တပ်တွေဟာ အချက်ပေးမီးကျည် ကို ဂရုမစိုက်ကြတော့ဘူးလို့ ဆိုပါတယ်။
ရှန်နယ်စားကြီးနဲ့ အပေါင်းအပါ မြောက်ပိုင်းမျိုးနွယ်စုတပ်တွေ နန်းတော်ကို တကယ်ဝင်ရောက်တိုက်ခိုက်ချိန်မှာတော့ ဧကရာဇ်ယို က အချက်ပေးမီးကျယ် ပစ်လွှတ်ခဲ့ပေမယ့် ကျို့ တပ်တွေက ဧကရာဇ်က ပေါင်စစ် ပျော်ရွှင်ဖို့ လုပ်ပြန်ပြီလို့ အောက်မေ့ပြီး လာကူညီပေးတာမျိုး မရှိတော့ပါဘူး။ အဆုံးသတ်မှာတော့ နန်းတော်ကြီးဟာ ရှန်နယ်စားတို့ အဖွဲ့ရဲ့ လက်ထဲ ရောက်သွားပါတယ်။ ဧကရာဇ်ယို နဲ့ အိမ်ရှေ့စံ ပေါ်ဖု တို့ကို သတ်ပစ်လိုက်ပြီး ပေါင်စစ်ကိုတော့ အကျဉ်းချထားလိုက်ပါတယ်။ (တချို့မှတ်တမ်းတွေအရ ပေါ်ဖု ကို မသတ်လိုက်ဘူးလို့ ဆိုပါတယ်။ သူ မသေဆုံးသွားဘဲ နောက်ပိုင်းမှာ ထီးနန်းရရှိရေး ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။)
ရှန်းနယ်စားကြီးနဲ့ မဟာမိတ်တပ်တွေဟာ အိမ်ရှေ့မင်းသား အရာက ချထားခံရတဲ့ ယီကျို့ ကို ဧကရာဇ်အဖြစ် ပြန်လည်တင်မြှောက်လိုက်ပါတယ်။ ယီကျို့ဟာ ဧကရာဇ်ဖျင် (平Ping) အမည်နဲ့ ကျို့ခေတ်ရဲ့ ၁၃ ယောက်မြောက် ဧကရာဇ်ဖြစ်လာပါတယ်။
ဧကရာဇ်ဖျင် ဟာ ကျို့နန်းတော်ကို လို့ယန်း (洛阳市Loyang) ကို ရွှေ့ပြောင်းလိုက်ပါတယ်။ လို (Luo) မြစ်နဲ့ မြစ်ဝါမြစ် ပေါင်းစုံနဲ့ နေရာအနီးမှာ ဖြစ်ပါတယ်။ လို့ရန်းဟာ ဒီနေ့ခေတ် တရုတ်ပြည်ရဲ့ ဟီနန်ပြည်နယ် အနောက်ဘက်မှာ ပြည်နယ်ခွဲအဆင့်မြို့တော်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါတယ်။ တနည်းအားဖြင့် ကျို့ နန်းတော်ကို အနောက်ဘက်ကနေ အရှေ့ဘက်ကို ရွှေ့ပြောင်းလိုက်ခြင်းပါပဲ။ ဒါကြောင့် ဘီစီ ၇၇၁ မှာ အနောက်ဘက် ကျို့ခေတ် ပြီးဆုံးပြီး အရှေ့ဘက်ကျို့ခေတ် စတင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဧကရာဇ် ဖျင် ရဲ့ အရှေ့ဘက်ကျို့နဲ့အပြိုင် အနောက်ဘက်မှာ ဧကရာဇ်ရှယ် (Xie攜)က ထီးပြိုင်နန်းပြိုင်အဖြစ် ဆက်လက်အုပ်ချုပ်တယ်လို့ ဆိုပါတယ်။ ဧကရာဇ်ယို ကို ရှန်မြို့စားနဲ့ ချွမ်းရုံ တွေက သတ်ပစ်လိုက်ချိန်မှာ ချွမ်းရုံ တွေကို မကြိုက်တဲ့ အချို့သော နယ်စားမြို့စားတွေပေါင်းပြီး ယွီချန်း (Yúchén) ကို ဧကရာဇ်ရှယ် အမည်နဲ့ တင်မြှောက်လိုက်ကြတာပါ။ ဒါကြောင့် ဘီစီ ၇၇၁ နဲ့ ဘီစီ ၇၅၀ အကြားမှာ ကျို့မင်းဆက်အတွင်း ဧကရာဇ်နှစ်ပါး ပြိုင်အုပ်ချုပ်ခဲ့ချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဧကရာဇ်ရှယ် ကို ကျင်နယ်စားဝမ် (Marquis Wen of Jin) က ဘီစီ ၇၅၀ မှာ ပုန်ကန်သတ်ဖြတ်လိုက်ပါတယ်။ တချို့သမိုင်းတွေက ဘီစီ ၇၆၀ လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဝန်းကျင်မှာ ဧကရာဇ် ရှယ် သေဆုံးပြီး ကျို့နန်းဆက်ရဲ့ ထီးပြိုင်နန်းပြိုင်ကာလလည်း ပြီးဆုံးသွားပါတယ်။ ကျင်နယ်စားကြီး ဝမ် ရဲ့ လုပ်ရပ်ဟာ ဧကရာဇ်ဖျင် ရဲ့ အရှေ့ဘက်ကျို့ခေတ် တည်ဆောက်ရေးလုပ်ငန်းတွေအပေါ် အများကြီးအထောက်အကူပြုတာမို့ သူ့ကို အကြီးအကျယ်ချီးမြှောက်ခဲ့တယ်လို့ ဆိုပါတယ်။
အနောက်ဘက်ကျို့ခေတ် ကျဆုံးခန်းနဲ့ အရှေ့ဘက်ကျို့ခေတ် စတင်ခဲ့ပုံကို အကျဉ်းချုပ်တင်ပြခဲ့တာဖြစ်ပြီး၊ ဧကရာဇ်ယို နဲ့ ပေါင်စစ် တို့ရဲ့ အချစ်ဇာတ်လမ်းကလည်း ဒီသမိုင်းရဲ့ အရေးကြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဧကရာဇ် ယို ကို အချစ်သူရဲကောင်းလို့ သတ်မှတ်မလား၊ ပုဂ္ဂိုလ်ရေးအတွက် တိုင်းပြည်ကို နစ်နာစေခဲ့သူလို့ သတ်မှတ်မလား ဆိုတာကတော့ စာဖတ်သူ တစ်ယောက်ချင်းက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
တကယ်တော့ ကျို့ ဟာ အဘက်ဘက်က အားနည်းလာနေတာ ကြာပြီမို့ တနည်းနည်းနဲ့ ပြိုကျမယ့် အခြေအနေပါ။ ဧကရာဇ်ယို ရဲ့ အစွန်းရောက်အချစ်ကတော့ အနောက်ဘက်ကျို့ကို ဖြိုချလိုက်ဟေ့ လို့ အချက်ပေးတဲ့ မီးကျည်စ ဖြစ်ခဲ့တာပါပဲ။
~~~~~~~~~~~~~~~~~~~~~
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁ 👉https://www.moemaka.com/2024/01/blog-post_11.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂ 👉https://www.moemaka.com/2024/01/blog-post_472.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၃ 👉https://www.moemaka.com/2024/01/blog-post_79.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၄ 👉https://www.moemaka.com/2024/01/blog-post_899.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၅ 👉https://www.moemaka.com/2024/01/blog-post_920.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၆ 👉https://www.moemaka.com/2024/01/blog-post_552.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၇ 👉https://www.moemaka.com/2024/01/blog-post_74.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၈ 👉https://www.moemaka.com/2024/01/blog-post_414.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၉ 👉https://www.moemaka.com/2024/01/blog-post_394.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၀ 👉https://www.moemaka.com/2024/01/blog-post_162.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၁ 👉https://www.moemaka.com/2024/01/blog-post_872.html
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂ 👉https://www.moemaka.com/2024/01/blog-post_8245.html
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar