စစ်ကောင်စီရဲ့ ရာထူးအချို့အပြောင်းအလဲက သက်ရောက်မှု၊ တထိတ်ထိတ်နဲ့ နေကြတဲ့ မြို့တွေ - လားရှိုး၊ မူဆယ်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၉ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၄
စစ်ကောင်စီရဲ့ ရာထူးအချို့အပြောင်းအလဲက သက်ရောက်မှု၊ တထိတ်ထိတ်နဲ့ နေကြတဲ့ မြို့တွေ - လားရှိုး၊ မူဆယ်
စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ကို အခြားသော ရာထူးခန့်အပ်ကာ နောက်တက်လာသူနဲ့ လဲလိုက်ပြီး ဝန်ကြီးဌာနအချို့ ဝန်ကြီးတွေကိုလည်း ဝန်ကြီးဌာနပြောင်းပြီး ခန့်အပ်တာ၊ နစက ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရာထူး နဲ့ နိုင်ငံတော် ကောင်စီဥက္ကဌရုံး ဝန်ကြီးဌာန အမှတ် ၄ ရဲ့ ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးတာတွေ ခုရက်ပိုင်းအတွင်း စစ်ကောင်စီက ကြေညာခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ကာချုပ် (ရေ) ဖြစ်လာသူ ဒု ဗိုလ်ချုပ်ကြီး မိုးအောင်ကို လက်ရှိတာဝန်မှ အနားပေးပြီး နစကရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နဲ့ သိပ်အရေးမပါတဲ့ ဝန်ကြီးဌာနတခုရဲ့ ဝန်ကြီးအဖြစ် တာဝန်ပေးပြီး ကာချုပ် (ရေ) ရာထူးကနေ ရုတ်တရက် ဘာရာထူးမှ မရှိတော့တဲ့ ထင်မြင်ချက်မျိုး မမြင်ရအောင် အရေးမပါ၊ လုပ်ပိုင်ခွင့် လောက်လောက်လားလားမရှိတဲ့ ရာထူးပေးပြီး နှစ်သိမ့်လိုက်တဲ့ သဘောလို့ ယူဆစရာရှိပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဝန်ကြီးဌာန ဆိုပြီး အမှတ် ၁ ကနေ ၄ အထိ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေဟာ တကယ်တော့ ကြီးကြီးမားမား တာဝန် လုပ်ပိုင်ခွင့်ရှိတဲ့ ဌာနမျိုးမဟုတ်ပဲ၊ အခြားတနေရာကနေ ရုတ်တရက် ဖြုတ်လိုက်၊ ရပ်နားလိုက်တာ မခံရတဲ့ သူတွေကို ခေတ္တယာယီနှစ်သိမ့် ဖို့အတွက် ထားရှိတဲ့ ဝန်ကြီးဌာနတွေ သဖွယ်ဖြစ်ပြီး အခုခါမှာ ရေတပ် ကာချုပ်ကို နှစ်သိမ့်တာ၊ တပ်တွင်းမှာ မကျေနပ်မှုကြောင့် ကလန်ကဆန် လုပ်တာတွေ မဖြစ်ပေါ်ရအောင် ပရိယာယ်အရ လုပ်ဆောင်တာမျိုးလို့ ယူဆရပါတယ်။ ဝန်ကြီးရာထူး တခုထည်းတင်မကပဲ ယခင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို တာဝန်ပေးထားတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆိုတဲ့ ရာထူးပါ တွဲဖက်တာဝန်ပေးလိုက်တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အခုလို စစ်တပ်က စစ်မျက်နှာအများအပြား တပြိုင်နက်ထဲ ဖွင့်လှစ်တိုက်ခိုက်နေရချိန်၊ ရှမ်းမြောက်မှာ နယ်မြေ၊ စခန်း နဲ့ မြို့တွေအများအပြား လက်လွှတ်လိုက်ရချိန်မှာ ရေတပ်က ရာထူးအမြင့်ဆုံး ရှိသူနဲ့ အခြား အရေးမပါတဲ့ ဝန်ကြီးဌာန အချို့ ကို အပြောင်းအလဲ လုပ်ခြင်းဟာ လက်ရှိ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အနေအထားကို အပြောင်းအလဲဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့ လှည့်စားမှု တခုလိုရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒိထက်ပိုပြီး စစ်ရေးအရ အသာစီးရမယ့် အနေအထား၊ အပြောင်းအလဲဖြစ်လာစရာ အရိပ်အယောင် မတွေ့ရပဲ၊ စစ်တပ်ထောက်ခံသူ စစ်အရာရှိဟောင်းတွေ အများအပြားက လက်ရှိခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုကို အားမရတာ၊ ဝေဖန်တာတွေ ဆိုရှယ်မီဒီယာမှာ ပေါ်ပေါ်ထင်ထင် လုပ်လာနေကြတာ တွေ့နေရပါတယ်။ အထူးသဖြင့် ရှမ်းမြောက်က မြို့တွေ တမြို့ပြီးတမြို့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက သိမ်းယူနိုင်ခဲ့တာ၊ လောက်ကိုင် ဒကစမှာ အင်အား ၂၄၀၀ နီးပါး လက်နက်ချခဲ့ ပြီးနောက် ပိုမိုပြီးပွင့်ပွင့်လင်းလင်း ဝေဖန်အပြစ်တင်လာကြတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ စစ်ရေးအရ စီမံ တိုက်ခိုက်ရာမှာ အရည်အချင်းမရှိဘူးဆိုတာမျိုးကို စကားလုံး တည့်တည့်မပြောရုံတမည် သာရှိတဲ့ အသုံးအနှုန်းတွေနဲ့ စစ်တပ်ထောက်ခံသူ အမာခံတွေက ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ မင်းအောင်လှိုင် အနေနဲ့ အခုလို အနေအထားကနေ ခံစစ်နဲ့ တိုက်ခိုက်နေရတဲ့ မြို့တွေ၊ စခန်းတွေ တခုပြီးတခု ထပ်မကျအောင် အပစ်ရပ်ဖို့ ၊ ရန်သူအင်အားစုကို အုပ်စုကွဲ အမြင်အယူအဆကွဲပြီး အင်အားလျော့သွားအောင် လုပ်ဖို့ ကြိုးစားမှာ အခွင့်အလမ်းရှာမှာ အသေအချာဖြစ်ပါတယ်။ ဒီလို နည်းလမ်းရှာ ထွက်ပေါက်ရှာရာမှာ အိမ်နီးချင်း တရုတ်နိုင်ငံက အရေးပါတဲ့ ဖဲ ချပ်ကို ကိုင်ထားတဲ့ သဘောမျိုး အနေအထားဖြစ်နေတာပါ။
စစ်ကောင်စီကို ၂ လကျော်ကြာ ထိုးစစ်ဆင်နေတဲ့ မြန်မာနိုင်ငံထဲက လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့အပေါ် တရုတ်နိုင်ငံက သြဇာရှိတယ်၊ လက်တွေ့ အရေးပါတဲ့ လက်နက်၊ လက်နက်ဆိုင်ရာ နည်းပညာ၊ နယ်မြေဖြတ်သန်း သွားလာခွင့် အစရှိတဲ့ အကြောင်းအချက်တွေနဲ့ ဆက်နွယ်ပြီး ဒီ လက်နက်ကိုင် ၃ဖွဲ့ အပေါ် စည်းရုံးပြောဆိုနိုင်တယ်လို့ အများက ယူဆထားကြတဲ့ အတွက် စစ်ကောင်စီက ရှမ်းမြောက်ဒေသမှာ စစ်ရေးအရ အချိန်တခု ယူဖို့၊ လက်ရှိ ဖိအားကနေ ခေတ္တရုန်းထွက်ပြီး အင်အားပြန်စုစည်းဖို့တွေ လမ်းကြောင်း ဖြတ်တောက်ထားတာတွေကို ပြန်ပွင့်အောင် ကြိုးစားဖို့ရာမှာ တရုတ်နိုင်ငံက ကြားကပြောဆိုနိုင်စွမ်း ရှိတယ်လို့ ယူဆနေတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းအချက်တွေ ပေါ် အခြေခံပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ တလအတွင်း ၃ ကြိမ်တိုင် စစ်ကောင်စီနဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ဖွဲ့တို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် စစ်ကောင်စီ လိုလားတဲ့ ရလဒ်တော့ အခုချိန်ထိ မရရှိသေးတာလည်း တွေ့ရပြီး ယခုနောက်ဆုံး တွေ့ဆုံမှုက ဇန်နဝါရီ ၇ ရက်နေ့ကနေ ၉ ရက်နေ့ထိ ဖြစ်ပြီး အပစ်ရပ်မယ့် ထိုးစစ်ရပ်ဆိုင်းမယ့် သဘောတူညီမှု တစုံတရာ မရရှိတဲ့ သဘောလို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကောက်ချက်ချ ရပါတယ်။
ရှမ်းမြောက်မှာ နောက်ထပ် ပစ်မှတ်ဖြစ်လာတဲ့ မြို့ ၂ မြို့ကတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အုပ်ချုပ်ရေး ရုံးစိုက်ရာမြို့လည်းဖြစ်တဲ့ လားရှိုးမြို့ နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး အကြီးဆုံး ဂိတ်ဝဖြစ်တဲ့ မူဆယ်မြို့တို့ ဖြစ်ပါတယ်။
ဒီမြို့တွေက ကွတ်ခိုင်နဲ့ နမ္မတူကျပြီးနောက် ရှမ်းမြောက်မှာ နောက်ထပ် ပစ်မှတ်ဖြစ်လာတဲ့ မြို့တွေလို့ ဆိုရမှာဖြစ်ပြီး စီးပွားရေးအရ၊ အုပ်ချုပ်ရေးအရ ကျန်မြို့တွေအားလုံးထက် အရေးပါတဲ့ မြို့ ၂ မြို့လို့ဆိုနိုင်ပါတယ်။
လားရှိုးမြို့ ခံတွေအနေနဲ့ မြို့မှာဆက်နေမှာလား သို့မဟုတ် အခြားမြို့တွေကို တိမ်းရှောင်မှာလားဆိုတာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက စဥ်းစားဆုံးဖြတ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ခုရက်ပိုင်းမှာတော့ လားရှိုးဟာ နောက်ထပ်ပစ်မှတ်ထား တိုက်ခံရမယ့်မြို့ ဆိုတဲ့ ယူဆချက်က ပိုအားကောင်းလာပြီး ငွေကြေးတတ်နိုင်သူတွေအနေနဲ့ မြို့ကနေ စတင်တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။ တောင်ကြီး၊ မန္တလေး အစရှိတဲ့ မြို့တွေကို တိမ်းရှောင်နေကြတာ ဖြစ်ပြီး လားရှိုးကနေ သီပေါ ကျောက်မဲ နောင်ချိုကားလမ်းမှာ တံတားတွေ ကျိုးနေတာ၊ လုံခြုံရေး အရ အန္တရာယ်ရှိတာတွေကြောင့် ဝေးလံတဲ့ လမ်းကြောင်းတွေကတဆင့် ပတ်ကာ သွားကြရတဲ့ အနေအထားလည်းဖြစ်ပါတယ်။ လောက်ကိုင် က လက်နက်ချ ဆုတ်ခွာလာတဲ့ စကခ၊ ဒကစ အင်အား ၂၄၀၀ ဝန်းကျင်ကိုလည်း လားရှိုးမှာ နေရာချထားပြီး လားရှိုးကို ခုခံကာကွယ်မယ်လို့ သတင်းတွေ မှန်းဆချက်တွေ ရှိနေပြီး မကြာခင် သီတင်းပတ်တွေမှာတော့ လားရှိုးနဲ့ မူဆယ်မြို့တွေကို တိုက်ခိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာလိမ့်မယ် လို့မှန်းဆရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar