မောင်ရစ် - အန်တီမာမာအေးကို နှုတ်ဆက်ခြင်း
မောင်ရစ် - အန်တီမာမာအေးကို နှုတ်ဆက်ခြင်း
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၄
မြန်မာပြည်၏ ဂီတအနုပညာရှင် မိခင်ကြီး၊ ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၉ ရက် အသက် ၈၂ နှစ် အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ပါတယ်။ ကွယ်လွန်ချိန်မှာ မြန်မာပြည်၏ အဝေး၊ အန်တီ၏ ဒုတိယအိမ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒီယာနာပြည်နယ်၊ မြန်မာအဝေးရောက်အများ၏ အခြေချရာ ဖို့ဝိန်းမြို့တော်က နေအိမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားတယ် ဆိုကြပါတယ်။ အခုစာရေးနေချိန်မှာ ကျန်ရစ်သူ အန်တီအေး၏ မိတ်ဆွေရင်းချာတွေက သက်ပျောက်ဆွမ်းသွပ်၊ ကောင်းမှုပြု အမျှအတန်းဝေကြ၊ ဈာပနအတွက် ဝိုင်းဝန်း တိုင်ပင်နေကြပြီ ဖြစ်ပါတယ်။
မိုးမခမီဒီယာကို ဆရာဦးတင်မိုးကအစပြုပြီး မြေတောင်မြှောက် ပျိုးထောင်ပေးကြတဲ့ လူကြီးသူမတွေထဲမှာ ဆရာဦးတင်မိုး၊ ဆရာမောင်စွမ်းရည်၊ ဦးဝင်းဖေ တို့ကို အကြောင်းပြုပြီး ဂီတပညာရှင်ကြီး အန်တီအေးက သူ၏ ဝါရင့်တဲ့ အနုပညာကလောင်နဲ့ ထောက်ပို့ အားပေးခဲ့ပါတယ်။ အန်တီအေးက မိုးမခ၏ နာယကကြီးတဦးအဖြစ် ၂၀၀၆ ခုနှစ်ကနေ ရပ်တည်ပေးခဲ့ပါတယ်။ အသံစာမူများစွာ လက်ရေးစာမူများစွာ ပေးအပ်ကူညီခဲ့ပါတယ်။ အန်တီအေး၏ အောင်မြင်သော ကိုယ်ရေးအထုပ္ပတ္တိများ အခန်းဆက်စာအုပ်များ မြန်မာပြည်မှာ အကြိမ်ကြိမ် ပြန်လည်ထုတ်ဝေကြတဲ့ဆီမှာ မိုးမခစာအုပ်တိုက်လည်း - မာမာအေး၏ ပြန်ကာသာရှေ့နောက်တွေး (မိုးမခအမှတ်တရစုစည်းမှု) စာအုပ်ကို ၂၀၁၈၊ အန်တီအေး ၇၅ နှစ် စိန်ရတုမွေးနေ့ အထိမ်းအမှတ် ထုတ်ဝေ ဂုဏ်ယူခဲ့ပါတယ်။ မိုးမခက ထုတ်တဲ့ စာအုပ်ရဲ့ ထူးခြားမှုက သူရဲ့ အနုပညာဈန်ရရင် ရသလို ခံစားချက်လှိုင်းများ မြင့်မားရင် မြင့်မားသလို ရေးသားတဲ့ စာမူတွေ ဖြစ်နေပြီး - အန်တီအေး၏ မြန်မာပြည် ဒီမိုကရေစီအရေးတော်ပုံ မြန်မာပြည်၏ စစ်အာဏရှင်တော်လှန်ရေး၏ ရပ်တည်ချက် သဘောထား ရုန်းကန်မှုတွေကို ထင်ဟတ်ဖွဲ့ဆိုထားတာတွေ ဖြစ်လို့ပါပဲ။ သည်တော့ အနုပညာဘ၀နဲ့ ထပ်တူတဲ့ အန်တီအေး၏ ကိုယ်ရေးကိုယ်တာ ဘ၀၊ နိုင်ငံရေးဘ၀ကို မြင်ရတာ ဖြစ်ပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်ခင် ၂၀၁၀ ကစပြီး ၂၀၁၉ အထိ အန်တီအေးဟာ အကြိမ်ကြိမ် မြန်မာပြည်ကို ပြန်ပြီး အနုပညာလုပ်တွေ ဂီတနဲ့ သာသနာအလှူပြုတဲ့ အလုပ်တွေ အမြောက်အများ လုပ်ခဲ့ပါတယ်။ အလွန်လည်း ကျန်းမာပြီး စိတ်ဓာတ်မာကျော ပြင်းထန်သူဖြစ်ပါတယ်။ လောကဓံ အားလုံးကို အဆိုးအကောင်း အပြည့်အ၀ အညီအမျှ ခံစားပြီး ကြံ့ကြံ့ခံသူ အမျိုးသမီးကြီး ပါရမီရှင်ကြီး အနုပညာရှင်ကြီး ဖြစ်ပါတယ်။ ၂၀၂၁ မှာ တပ်မတော်က စစ်အာဏာသိမ်းပြီး ပြည်သူတွေကို သတ်ဖြတ် ချေမှုန်းတဲ့အခါ အန်တီအေးကိုယ်တိုင်လည်း အကြီးအကျယ် စိတ်ထိခိုက် နာကျင်ရမှာ ဖြစ်ပါတယ်။ သူ့တသက်တာမှာ မြန်မာပြည်၏ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်မှာ ရှေ့တန်းက ရပ်တည်ပြီး ဂီတတေးသံနဲ့ လွတ်လပ်ရေးတံပိုးကို သီဆို ပေးဆပ်ခဲ့သူဟာ သူမ၏ နေဝင်ချိန်မှာ မြန်မာပြည်ကြီးရွှေရောင်ပြန်လည်တောက်ချိန်အောက် အနားယူ ခေါင်းချချင်မှာပါ။ သို့သော် သူဆန္ဒ မပြည့်ခဲ့ပါဘူး။ စစ်အာဏာရှင်တွေဟာ ဘယ်တော့မှ အရှင်မထွက်ဘူးဆိုတဲ့ အချိန် ရောက်မလာသေးခင် အန်တီအေးကတော့ တကိုယ်ရည်ငြိမ်းချမ်းရာကို မျက်မှောက်ပြုသွားပြီ ဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး များမကြာမီ မိုးမခမှာ အဝေးရောက်စာပေပညာရှင်ကြီးတွေ၏ နွေဦးတော်လှန်ရေးသင်္ကေတ လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်တဲ့ ဓာတ်ပုံတွေ တင်ဆက်ခဲ့တုန်းက ဆရာမောင်စွမ်းရည်နဲ့ အန်တီမာမာအေးတို့ ဓာတ်ပုံကို အမှတ်တရ တင်ဆက်ခဲ့ပါတယ်။ သည်ဓာတ်ပုံဟာ အန်တီအေး၏ နွေဦးတော်လှန်ရေး တေးသင်္ကေတအဖြစ် မော်ကွန်းတင် ကျန်ရစ်မှာ ဖြစ်ပါတယ်။
၂၀၂၂ မှာ အန်တီအေး အသက် ၈၀ ပြည့်ပါတယ်။ ၂၀၂၃ သက်တော် ၈၁ ပြည့် ဂီတပွဲတော်ကို ဒေါက်တာလှဘူးတို့ ကိုအောင်ဝေးတို့ အန်တီအေး၏ မိသားစု အနပညာသားချင်း မိတ်ဆွေ တပြည့်သားမြေးတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲသည်အချိန်မှာ အန်တီအေး သိပ်ကျန်းမာလှတယ် မဟုတ်ပါဘူး။ သို့သော် အနုပညာရှင်ကြီးတဦး၏ မွေးနေ့ပွဲမှာ အနုပညာအမွေခံ သား သမီး မြေးမြစ်တွေနဲ့ မျိုးဆက်ပေါင်းစုံက ပရိသတ်ချစ်သူတွေ စင်ပေါ် စင်အောက် အနီးအဝေး အွန်လိုင်းကနေ တက်ရောက် အားပေးခံစားကြတာဟာ အလွန်လှပ ကြည်နူးဖွယ် မြင်ကွင်းလို့ ဆိုနိုင်ပါတယ်။ အဲသည်မှာ ဒေါက်တာလှဘူးက ရုပ်သံဖိုင်တင်ထားပြီး သည်လို ရေးထားတာ ဖတ်ရပါတယ်။
(ဒေါ်မာမာအေး ၈၁ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုပွဲ - အနယ်နယ် အရပ်ရပ်က လာကြသူတွေ မွေးနေ့ ဆုတောင်းပေးခဲ့ကြသလို ဂန္ထဝင်ဂီတ ပညာရှင်ကြီးရဲ့ အတ္ထုပ္ပတ္တိအကျဥ်းကိုလည်း စန္ဒရား ဒေါက်တာလှဘူးက ဖတ်ကြားပြပါတယ်။ မွေးနေ့က ဇူလိုင် ၂၆ ရက် ဖြစ်ပေမယ့်လည််း အားလုံးအဆင်ပြေမယ့် သြဂုတ်လ ၅ ရက်နေ့မှ ပွဲကျင်းပနိုင်ခဲ့ပါတယ်။ )
အဲသည်ရက်တွေ ဝန်းကျင်မှာ အန်တီအေးကို ချစ်ခင်သူ မိတ်ဆွေတွေ အနုပညာရှင်တွေ အန်တီ့အိမ်ကို တဖွဲဖွဲ လာရောက်ပြီး သတင်းမေးကြတာ အားပေးနှုတ်ဆက်ကြတာတွေကို သူ့ချစ်သူတွေရဲ့ ဆိုရှယ်မီဒီယာမှာ လှိုင်းတွေလို တလှိုင်းပြီး တလှိုင်းတွေ့ကြရတာ သူ မကွယ်လွန်ခင် ရက်ပိုင်းလေးတွေ အထိလို့ ဆိုရပါမယ်။
အန်တီအေးက ဆန်ဖရန်ဘေးဧရိယာက ချစ်ခင်သူ မိသားစုများ ပရိသတ်များနဲ့လည်း အဆက်မပြတ် လာရောက်နေထိုင်သူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ၆၃ နှစ် အထိမ်းအမှတ်ပွဲ၊ ဇွန် ၂၀၀၈ မှာ ဘေးဧရိယာက Burmese American Women’s Alliance က ကြီးမှူး ကျင်းပတော့ ပရိသတ်ကို ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်ကြဖို့ တိုက်တွန်းခဲ့တဲ့အပြင် မြန်မာပြည်သူတွေ၏ ဇာတိသွေး ဇာတိမာန် အမျိုးသားစိတ်ဓာတ် အမျိုးသားရေး ပြန်လည် နိုးထ စည်းလုံးညီညွတ်ဖို့ မူလနိုင်ငံတော်သီချင်းကို ပရိသတ်ကိုလည်း သင်ကြား၊ သူကိုယ်တိုင်လည်း သီဆိုပြီး တိုက်တွန်း ဟစ်ကြွေးခဲ့တာလည်း အမှတ်တရ ဖြစ်ပါတယ်။ အခါအားလျော်စွာ မာမာအေး ဂီတဖျော်ဖြေပွဲတွေကို မျိုးဆက်သစ်တွေနဲ့ ပြုလုပ်သလို၊ ဆရာတင်မိုးကွယ်လွန်ပြီးတော့ ဆရာကြေးမုံဦးသောင်း၊ မောင်စွမ်းရည်၊ ဦးဝင်းဖေ တို့၊ အောင်ဝေးတို့နဲ့အတူတူ အကြိမ်ကြိမ် ဘေးဧရိယာက စာပေဟောပြောပွဲတွေလည်း ဆင်နွှဲခဲ့ပါတယ်။ မြန်မာစာ၊ မြန်မာစကား၏ ဩဇာကို မြန်မာပရိသတ်ထဲ စွဲဝင်နေအောင် ကြံဆောင်ကြိုးစားသူလည်း ဖြစ်ပါတယ်။ ကလေးသူငယ်တွေကိုလည်း မြန်မာဂီတ နဲ့ သီချင်းတွေ သင်ပေးပြီး သူနဲ့အတူ စင်ပေါ်မှာ ပွဲထုတ်ပေးခဲ့တာကြောင့် မြန်မာ့ဂီတမျိုးစေ့လေးတွေ သူတတ်နိုင်သလောက် ချပေးခဲ့သူ ဖြစ်ပါတယ်။
သည်လို ပါရမီရှင် ဒေါ်မာမာအေး၏ စောင့်ရှောက် ဖေးမ အားပေးမှုတွေကို ခံယူခဲ့ကြရတဲ့ မိုးမခစာပေမိသားစုအဖွဲ့အတွက်သာမက နိုင်ငံတကာက မြန်မာပြည်သူတွေအတွက် အန်တီအေး၏ အနုပညာနဲ့ ဘ၀အားမာန်တွေကို ကြုံဆုံခံစားခွင့်ရခဲ့ကြရတာဟာ အလွန်တရာ ကြီးကျယ်တဲ့ လက်ဆောင်ဖြစ်ပါတယ်။ ဘုရားသခင်၏ ချီးမြောက်မှုဖြစ်ပါတယ်။ ကုသိုလ် ကောင်းမှုကြီး ဖြစ်ပါတယ်။ ကျနော်ကတော့ သည်လို ယုံကြည်ပါတယ်။ ကျေးဇူးတင်မိ ဦးညွတ်မိပါတယ်။
ဒေါ်မာမာအေးသာ မရှိခဲ့ရင်ဆိုပြီး ပြန်ပြောင်းတွေးကြည့်မိပါတယ်။ မြန်မာပြည်ထောင်စုကြီး၏ ဂီတ၊ စာပေ၊ အနုပညာမှာ ကြီးမားသော ကွက်လပ်ကြီး လစ်ဟာမှုကြီး ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ တောင်ပေါ် မြေပြန့်တွေ ဘာသာအယူအဆ အသားအရောင်မတူသူတွေ ပြည်သူတွေအားလုံးအတူတူ နှလုံးသားတခုတည်းထပ်တူဖြစ်စေတဲ့ ပေါင်းစည်း ညီညွတ် ချစ်ခင်တဲ့ သိင်္ဂါရ ရသခံစားချက်များ တသားတည်း စီးဆင်းနေမှုတွေကို ဒေါ်မာမာအေး၏ ဂီတ အနုပညာ ပေးဆပ်မှုတွေကနေ ကျနော်တို့အားလုံး တပြေးတည်း ရရှိကြ ကြီးပြင်း ရင့်ကျက်ခွင့် ကြရတာ ဖြစ်ပါတယ်။ ဒေါ်မာမာအေး၏ တေးသံတွေက ကျနော်တို့ကို မြန်မာပြည်ကြီးတခုလုံး၏ ပြည်ထောင်စုစိတ် အမျိုးသားစိတ်ကို ဆွဲဆောင် ပူးကပ်ပေးတဲ့ သရုပ်လက္ခဏာ အလင်းရောင်တန်းသဖွယ် ဖြစ်ပါတယ်။ မာမာအေး သီချင်းကို တိုင်းရင်းသားတွေသာမက နိုင်ငံမှာ မှီတင်းနေထိုင်ကြကုန်သော် တရုတ် ကုလား ဂေါ်ရခါး လူကြီး လူငယ်စုံက ဆိုညီးဖူးကြသူတွေချည်း ဖြစ်ပါတယ်။ ဒေါ်မာမာအေးက ကျောင်းသားသမဂ္ဂ သီချင်းကို ဆိုခဲ့တယ်။ နိုင်ငံတော်သီချင်းကို ဆိုခဲ့တယ်။ နာဂစ်တေးကို ဆိုခဲ့တယ်။ အသဲနာ ကမ္ဘာမကြေကို ဆိုခဲ့တယ်။ မဲရုံဆီသို့ ကန့်ကွက်စို့ကို ဆိုခဲ့တယ်။ ငြိမ်းချမ်းမြေမှာ ပျော်ပါစေ သီချင်းကို ဆိုခဲ့တယ်။ မြန်မာပြည်သားတွေ အမြဲပြုံးပျော်နေစေဖို့ သက်တန့်ပေါ်မှာ ကစားမယ်ကိုလည်း ဆိုခဲ့ပါတယ်။ အန်တီအေး၏ အနုပညာတွေကနေ မြန်မာသံစဉ် ဂီတတွေကို ကျနော်တို့ ချစ်ကြတယ်။ မြန်မာစာ မြန်မာစကားကို ကျနော်တို့ ချစ်ကြတယ်။ မြန်မာပြည်သူတွေအချင်းချင်း ချစ်ကြတယ်။ မြန်မာပြည်ကြီးကိုလည်း ကျနော်တို့ ချစ်ကြတယ်။ တခါတလေများဆို ကျနော်တို့အားလုံး လွမ်းမော ဆွေးမြည့်ကြရပါတယ်။
ဒေါ်မာမာအေးကား ကွယ်လွန်လေပြီ။ ဒေါ်မာမာအေး သက်တော်ရာကျော် ရှည်ပါစေသတည်း။
ခုလိုအချိန်မျိုးမှာ နောက်ထပ်ပြောချင်တဲ့စကား ရှိပါတယ်။ ဘယ်အစိုးရတွေ ဘယ်ခေါင်းဆောင်တွေမှ ပေးဖို့ မလိုအပ်ဘဲ မြန်မာပြည်သူတွေနဲ့ မြန်မာပြည်ထောင်စုကြီးကနေ ဒေါ်မာမာအေးကို မြန်မာပြည်ထောင်စုနိုင်ငံတော်၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဇာနည်တဦးအဖြစ် မှတ်ကျောက်တင် မော်ကွန်းတင် ရေးထိုးထားလိုက်ပြီ ဖြစ်ပါတယ်။ နောင် မျိုးဆက်အဆက်ဆက်၏ နိုင်ငံတော်သင်ရိုးတွေမှာ မာမာအေးနဲ့ သူစာ၊ သူစကား၊ သူ့တေးသံကို လေ့လာသင်အံ လက်ဆင့်ကမ်း ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar