Breaking News

ဗိုလ်မှူးချုပ် ၆ ဦးကို ထောင်ဒဏ် တသက်နဲ့ သေဒဏ်ပြစ်ဒဏ်ချ၊ ဟိုပုံးမြို့နယ် စံဖူးရွာက လက်နက်သယ်လာတဲ့ ကားတွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျေးရွာ အိမ် ၂၀ မီးလောင်

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၂ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၄


ဗိုလ်မှူးချုပ် ၆ ဦးကို ထောင်ဒဏ် တသက်နဲ့ သေဒဏ်ပြစ်ဒဏ်ချ၊ ဟိုပုံးမြို့နယ် စံဖူးရွာက လက်နက်သယ်လာတဲ့ ကားတွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျေးရွာ အိမ် ၂၀ မီးလောင်

မကြာသေးတဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ညနေမှာ MNDAA ကိုးကန့်တပ်နဲ့ ဆွေးနွေးညှိနှိုင်းပြီး စစ်သည်အင်အား ၂၄၀၀ နီးပါး လက်နက်ချပြီး လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကို ပြန်လာခဲ့ကြတဲ့ ဖြစ်ရပ်က ဘယ်သူမှ မျှော်လင့်မထားတဲ့ ဖြစ်ရပ်ဖြစ်ပြီး စစ်ရုံးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ လက်နက်ချခဲ့တယ်လို့ သတင်းတွေထဲ ရေးသားခဲ့ကြပါတယ်။ လောက်ကိုင် မြို့နဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) ကိုMNDAA တပ်တွေက ဝိုင်းထားမိတဲ့ အနေအထားဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်လောက်က စတင်ကာ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာရာက လောက်ကိုင်မြို့တွင်းတိုက်ပွဲတချို့ လေကြောင်းက ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး အများအမြင်မှာတော့ ဒကစ ဌာနချုပ်ဖြစ်တဲ့ တောင်ကုန်းကနေ ခုခံတိုက်ခိုက်လိမ့်မယ်လို့ ယူဆနေချိန်မှာ ရုတ်တရက်လက်နက်ချတဲ့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ လက်နက်ချတဲ့နေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ ၄င်းတို့ကို အရှက်ကွဲအောင် လုပ်ဆောင်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ စစ်ရုံးချုပ်ကို ဘယ်လို အစီရင်ခံပြီး ဘယ်လိုခွင့်ပြုသလဲ၊ ဒီဆုံးဖြတ်ချက်ကို ဘယ်ဗိုလ်မှူးချုပ်က စတင်ခဲ့သလဲဆိုတာတွေတော့ တိတိပပ မသိကြရပါဘူး။ 

လက်နက်ချတဲ့ ညမှာ ဝ နယ်ထဲမှာ တညအိပ်ပြီး အဲဒီည ညစာစားချိန် အရပ်ဝတ်တွေဝတ်ထားတဲ့ ဗိုလ်မှူးချုပ် ၆ ယောက် ခွက်ချင်းတိုက်နေကြတဲ့ ဓာတ်ပုံက ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဓာတ်ပုံကို ဝ လုံခြုံရေးအဖွဲ့တွေဘက်က ရိုက်ယူပြီး ပျံ့နှံ့စေတာလားတော့ မသိရှိရပေမယ့် နောက်တရက်မှာ ၄င်းတို့ကို ရဟတ်ယာဥ်နဲ့ လာရောက်ခေါ်ဆောင်ပြီး လားရှိုး ရမခ စစ်ဌာနချုပ်မှာ ထိန်းသိမ်းထားလိုက်တယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

အဲဒီနောက် ၁၈ ရက်ခန့်အကြာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ဗိုလ်မှူးချုပ် ၆ ယောက်အနက်က ၃ ဦးကို သေဒဏ်ချမှတ်ပြီး ကျန်သူတချို့က တသက်တကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

လက်နက်ချရတဲ့ စေ့ဆော်မှုတွေထဲက တချက်က ဒကစ ဌာနချုပ်မှာ တပ်မိသားစုတွေ ၁၂၀၀ ကျော် ရှိနေခဲ့ပြီး ခုခံကာကွယ်တိုက်ခိုက်ကြရင် လက်နက်ကိုင်တပ်တွေနဲ့အတူ မိသားစုဝင်တွေပါ သေဆုံးကြရမယ့် အလားအလာကြောင့်လို့လည်း ခန့်မှန်းပြောဆိုကြတာ တွေ့ရပါတယ်။ 

စစ်ကောင်စီ တပ်အဖို့တော့ အင်အား ၂၄၀၀ နီးပါး တပ်၊ ဗိုလ်မှူးချုပ် ၆ ဦးပါဝင်တဲ့ တပ်တွေက လွယ်လွယ်ကူကူ လက်နက်ချခဲ့ခြင်းဟာ စစ်ကောင်စီတပ်တွေ အကြားမှာ စိတ်ဓါတ်ပျက်ပြားစရာ အဖြစ်အပျက်တခု၊ ကျန်တဲ့ စစ်ကောင်စီတပ်တွေကို ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှု ဖြစ်စေတဲ့ ဖြစ်ရပ်တခု ဖြစ်လို့ စစ်ကောင်စီခေါင်းဆောင်တွေ အနေနဲ့ အခုလို တပ်ပုန်ကန်မှု ပြစ်ဒဏ်တွေထဲက အမြင့်ဆုံးသေဒဏ်အထိ ချမှတ်လိုက်ပြီး ကျန်တဲ့တပ်တွေကိုထိန်းဖို့ ကြိုးပမ်းမှုလည်း ဖြစ်နိုင်ပါတယ်။ 

အခုလို တပ်မှာ လက်နက်ချခဲ့ရင် စစ်ခုံရုံးတင် စစ်ဆေးခံရတယ်ဆိုတာကို အားလုံး သိရှိထားကြပေမယ့် အခုလောက် သေဒဏ်အထိ အပြစ်ပေးလိမ့်မယ်လို့တော့ မျှော်လင့်မထားကြပါဘူး။ ဒီလို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ စစ်တပ်က အရှုံးတွေ တခုပြီးတခု ရင်ဆိုင်နေရချိန် ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့သူ ၆ ဦးကို အမြင့်မားဆုံး ထောင်ဒဏ်နဲ့ သေဒဏ်ချမှတ်လိုက်ခြင်းဟာ သူ့ရဲ့ တပ်ထဲက ရာထူးနေရာကို ကိုင်လှုပ်နိုင်တဲ့ အလောင်းအစားတခုကို လုပ်လိုက်သလိုလည်း ဖြစ်နိုင်ပါတယ်။ လွဲမှားတဲ့ အမိန့်ပေးမှု စစ်ရေးကို စီမံခန့်ခွဲနေတဲ့ ခေါင်းဆောင်အပေါ် မကျေနပ်မှုတွေ ပေါင်းစုပြီးတစုံတရာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ၊ အထိမခံတဲ့ အခြေအနေမျိုးမှာ အခုလို အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ရာဇဝတ်ပြစ်မှုမဟုတ်ပဲ စစ်ဆင်ရေး တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီး တပ်ကသူ အချင်းချင်း သေဒဏ်ပေးတဲ့ သာဓကဆိုလို့ အခုဖြစ်ရပ်က ပထမဆုံး စီရင်ချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

၂၀၁၀ ကာလမတိုင်ခင် တပ်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုနဲ့ စစ်ရုံးက ဗိုလ်မှူးဝင်းနိုင်ကျော်ကို သေဒဏ်ချမှတ်ခဲ့ဖူးတဲ့ သာဓက တခုတော့ရှိခဲ့တာ ဖြစ်ပါတယ်။ တသက်တကျွန်း ပြစ်ဒဏ်ပေးတာမျိုးကတော့ ရှိခဲ့ပေမယ့် သေဒဏ်လိုပြစ်ဒဏ်မျိုးက မရှိသလောက် ရှားပါးတာဖြစ်ပါတယ်။ စစ်တပ်အချင်းချင်း ချမှတ်တဲ့ ပြစ်ဒဏ်၊ အခြားအဆင့် သာမန်အရာရှိ အဆင့်မဟုတ်ဘဲ အရာရှိကြီးလို့ဆိုရမယ့် ဗိုလ်မှူးချုပ်အဆင့်တွေကိုပေးတဲ့ ပြစ်ဒဏ်ဖြစ်လို့ အခုချမှတ်တဲ့ ပြစ်ဒဏ်ကို တကယ်လက်တွေ့မှာ စီရင်မယ်လို့တော့ မယူဆပေမယ့် စစ်တပ်အတွင်း စိတ်ဓာတ်ရေးရာအရ ကြီးမားတဲ့ သက်ရောက်မှုရှိစေလိမ့်မှာ အမှန်ပဲဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်ထပ် အကြောင်းအရာတခုကတော့ ဇန်နဝါရီ ၂၁ ရက်နေ့ မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့PNLO က လက်နက်ကိုင်ကားတန်းကို ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင်ဒေသက ကျေးရွာတရွာထဲမှာ တားဆီးပြီး စစ်ဆေးဖို့လုပ်ရာကနေ အပြန်အလှန်ပစ်ခတ်ကြပြီး ကားပေါ်မှာပါလာတဲ့ လက်နက်တွေ မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သတင်းဓါတ်ပုံတွေ၊ ဗီဒီယိုတွေမှာတွေ့ရပါတယ်။ ချေမှုန်းရေး လက်နက်ငယ် အလက် ၅၀၀ ကျော်၊ ရှော့တိုက်ဒုံးနဲ့ အာရ်ပီဂျီတွေ ဒုံးသီးတွေနဲ့ လက်နက်ငယ် ကျည်တွေ ၃ သောင်းကျော်ပါရှိတယ်လို့ ခန့်မှန်းဖေါ်ပြထားကြတာတွေ့ရပါတယ်။ PNLO ကားတန်းကို စစ်ဆေးရာမှာ စစ်ကောင်စီတပ်တွေနဲ့ တွဲဖက် လှုပ်ရှားနေတဲ့ ဦးအောင်ခမ်းထီရဲ့ PNO တပ်တွေပူးပေါင်းပြီး စစ်ဆေးရာက ပစ်ခတ်မှုဖြစ်ကာ ကားတွေ နဲ့ လက်နက်တွေ မီးလောင်ပေါက်ကွဲပြီး ကျေးရွာက လူနေအိမ် ၂၀ ကျော်ပါ မီးလောင်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒေသခံ အရပ်သားတွေထဲကလည်း အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သတင်းတချို့မှာ ဖေါ်ပြထားပါတယ်။ 

စစ်ကောင်စီ တပ်ဘက်က တယ်လီဂရမ်တွေမှာကတော့ ဒီလက်နက်တွေဟာ SSPP/SSA နယ်မြေဘက်က သယ်ယူလာတာဖြစ်ပြီး ကရင်နီဒေသက လက်နက်ကိုင် အဖွဲ့တွေအတွက် သယ်ဆောင်လာတာလို့ ရေးသားထားကြပေမယ့် အတည်မပြုနိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဝန်းကျင်ကလည်း ပင်လုံမြို့နယ်ဘက်မှာ ကရင်နီပြည်ဘက်ကို သယ်ဆောင်ဖို့လို့ ယူဆရတဲ့ လက်နက်ငယ်၊ လက်နက်ငယ်ကျည်နဲ့ ပခုံးထမ်းလောင်ချာတွေ ကားနှစ်စီးစာ ဖမ်းဆီးရမိခဲ့ဖူးတာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဥ်မှာတော့ လက်နက်ကိုင် တပ်ဖွဲ့ပါလာခြင်း မရှိပဲ သယ်ဆောင်လာသူနဲ့ ယာဥ်မောင်းတွေ အဖမ်းခံရတာ ဖြစ်ပါတယ်။ 

အခုဖြစ်ရပ်ကို အချို့သတင်းတွေမှာ PNLO နဲ့ PNO တပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်တဲ့ သဘောမျိုး ရေးသားကြပေမယ့် လက်နက်သယ်ဆောင်လာတာကို ကြားဖြတ်ဖမ်းဆီးဖို့ လုပ်ရာက NCA လက်မှတ်ထိုးထားတဲ့ PNLO နဲ့ နယ်ခြားစောင့်တပ် ဖြစ်တဲ့ PNO တို့ တိုက်ခိုက်မှုဖြစ်ပွားရတာလို့ ကောက်ချက်ချရပါတယ်။ ဒီကိစ္စဖြစ်ပွားလျှင်ဖြစ်ပွားချင်း တောင်ကြီးမြို့မှာရှိတဲ့ PNLO ဆက်ဆံရေး ရုံးက ဗိုလ်အဆင့်ရှိသူ ၃ ဦးကို စရဖ က လာရောက် ခေါ်ယူကာ တရက်ကြာ စစ်ဆေးမေးမြန်းပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီအနေနဲ့  အခုလို အရူးမီးဝိုင်းနေတဲ့ အခြေအနေမှာ NCA လက်မှတ်ထိုးထားတဲ့ PNLO အကြား တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ရှောင်လွှဲချင်ပုံရပြီး ကရင်နီပြည်နယ်ဘက် စီးဝင်နေတဲ့ လက်နက်တွေကို တားဆီးဖို့ ကြိုးပမ်းမှုလို့ ကောက်ချက် ချရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar