လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၂)
လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၂)
(မိုးမခ) ဖေဖော်ဝါရီ ၁ ၊ ၂၀၂၄
ပိုးလမ်းမ အဆိုပြုချက်။(Belt and Road Initiative.BRI)
၂၀၂၃ ဒီဇင်ဘာ ၂၆) ရက်နေ့ဟာ ဥက္ကဋ္ဌကြီးမော်စီတုန်းရဲ့ အသက် (၁၃၀) ပြည့်မွေးနေ့ပါ။ အဲဒါကိုအထိမ်းအမှတ်ပြုတဲ့ အခမ်းအနားတရပ် ပီကင်းက ပြည့်သူ့ခန်းမကြီးထဲမှာ တခမ်းတနား ကျင်းပခဲ့ပါတယ်။ သမ္မတရှီကျင့်ပင် အမှူးပြုတဲ့ ပါတီခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေအပြင် မော်ရဲ့မိသားစုဝင်တွေ၊ မော့်အနားမှာ တာဝန်ထမ်းခဲ့ဖူးသူတွေ၊ မော်အထိမ်းအမှတ်ပြတိုက် ပန်းခြံ စတဲ့နေရာအသီးသီးက ကိုယ်စားလှယ်တွေ စသဖြင့် လူအတော်စုံပါတယ်။
အဲဒီအခမ်းအနားမှာ ရှီကျင့်ပင်က မိန့်ခွန်းပြောပါတယ်။ သဘောတရားအခြေခံတွေ ပါပြီး ရှေ့လုပ်ငန်းစဉ်များလည်း ပါဝင်တဲ့ ဒီမိန့်ခွန်းကို တရုတ်ဘာသာအပြင် တိုင်းရင်းသားဘာသာများနဲ့ပါထုတ်ဝေလိုက်ပြီး တရုတ်တပြည်လုံးရှိ တရုတ်ကွန်မြူနစ်ပါတီဝင်များအတွက် လေ့လာရေးစာစောင်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။
ရှီက မော်ရဲ့ တရုတ်ပြည်နဲ့ တရုတ်လူမျိုးများအပေါ် ကောင်းမှုပြုချက်များကို စနစ်တကျခွဲခြမ်းစိတ်ဖြာပြပြီး လက်ရှိ တရုတ်ပြည်ရဲ့ ခေတ်မီတိုးတက်ရေးအတွက် မော် အပါအ၀င် အရင်တော်လှန်ရေးသမားဟောင်းကြီးများရဲ့ မျှော်မှန်းချက်များအတွက် တပြည်လုံး ပြည်သူများအင်တိုက်အားတိုက် ဆက်လက်ကြိုးပမ်းသွားရေးအတွက် လှုံ့ဆော်သွားပါတယ်။
ရှီက ဒီလိုပြောတာလည်း တွေ့ရပါတယ်။
"မော်ဟာ မာ့က်စ်ဝါဒကို တရုတ်မှုပြုပေးပြီး၊ တရုတ်ပြည်နဲ့ တရုတ်လူမျိုးတရပ်လုံးရဲ့ ကံကြမ္မာကိုလှည့်ပြောင်းပေးခဲ့တဲ့ ကြီးမြတ်တဲ့ ပစ္စည်းမဲ့ခေါင်းဆောင် တော်လှန်ရေးသမားကြီး ဖြစ်ပြီး၊ ကမ္ဘာတဝန်းက အဖိနှိပ်ခံပြည်သူများ လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက်ရော၊ လူသားများရဲ့တိုးတက်ဖွံ့ဖြိုးမှုအတွက်ရော အလွန်ကြီးမားတဲ့ ကောင်းမှုတွေပြုခဲ့တဲ့ ကြီးမြတ်တဲ့ နိုင်ငံတကာ့ဝါဒီကြီးလည်း ဖြစ်ပါတယ်"တဲ့။
ဒီတော့ သမ္မတရှီ အပါအ၀င် တရုတ်ကွန်မြူနစ်တွေက ကမ္ဘာကို ဘယ်လို သတင်းစကားတွေ ပေးချင်တာလဲ။ မော် အပါအ၀င် သူတို့ တရုတ်ကွန်မြူနစ်တွေဟာ နိုင်ငံတကာဝါဒီတွေ ဖြစ်ကြောင်းနဲ့ သူတို့လက်ရှိ လုပ်ဆောင်နေမှုများအားလုံးဟာ တရုတ်ပြည်သူများအတွက်သာမက ကမ္ဘာတဝန်းလုံးရှိ အဖိနှိပ်ခံပြည်သူများအားလုံးရဲ့ လွတ်မြောက်ရေးအတွက်လည်းဖြစ်ကြောင်း ဆိုလိုဟန်ရှိပါတယ်။
ဒါဖြင့်ရင် အခု သူတို့ တင်နေတဲ့ "အေးအတူ-ပူအမျှ လူ့အဖွဲ့အစည်းတည်ဆောက်ရေး" ဆိုတာ ခေတ်သစ်ကာလအတွက် တရုတ်ရဲ့ နိုင်ငံတကာဝါဒသစ်လား။
သူတို့ရဲ့ အဆိုတင်သွင်းမှုတွေကို ကြည့်ရအောင်ပါ။
(၁) ပိုးလမ်းမကြီး အဆိုပြုချက်ဆိုတာ အစောဆုံး (၂၀၁၃) တင်သွင်းတဲ့ အဆိုပါ။ ရှီကျင်ပင်က အင်ဒိုနီရှားမှာ ကျင်းပတဲ့ အစည်းအဝေးတခုမှာ စပြောခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ပေါ်ခဲ့တဲ့ ရှေးတရုတ်ကုန်သည်တွေရဲ့ ကုန်းကြောင်း၊ ရေကြောင်း လမ်းမကြီးများကို အခြေခံတဲ့ ကုန်သွယ်ရေးလမ်းကြောင်းများကို အခုခေတ်သစ်မှာ ပြန်ဖော်ထုတ်ဖို့ အဆိုပြုတာပါ။
ရှေးတရုတ်ကုန်သည်များက သူတို့ရဲ့ ပိုးထည်ဖဲထည်တွေကို အဓိကထားကုန်သွယ်ခဲ့လို့ ပိုးလမ်းမ-လို့ အမည်တွင်တာပါ။
ဒီ ပိုးလမ်းမကြီးရဲ့ နိမိတ်ပုံကို ယူပြီး နိုင်ငံများအကြား အခြေခံဆက်သွယ်ရေးလမ်းကြောင်း အမျိုးမျိုးနဲ့(ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း)စီးပွားရေးအရ၊ အုပ်ချုပ်ရေးအရ၊ ယဉ်ကျေးမှုအရ၊ ပွင့်လင်းတဲ့၊ ထင်သာမြင်သာရှိတဲ့၊ အပြန်အလှန် အကျယ်အပြန့် အပေးအယူမျှတဲ့ အကျိုးအမြတ် ခွဲဝေမှုပါရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီး အဆင့်အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်ရေးများလုပ်ဆောင်ကာ၊ နိုင်ငံများရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးများလုပ်ဖို့ ဖြစ်ပါတယ်။ ဒီအတွက်တရုတ်ပြည်အနေနဲ့ ငွေရင်းငွေနှီးများ မြှုပ်နှံမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများ ဒီစီမံကိန်းတွေမှာ ပါဝင်ခဲ့ပါတယ်။
တရုတ်အနေနဲ့လည်း သူတို့ရဲ့စီမံကိန်းများရဲ့ အခြေအနေ သိနိုင်ဖို့ အချိန်တပိုင်းကြာရင် တခါ ညီလာခံအစည်းအဝေးကြီး လုပ်ပြီး စီမံကိန်းများရဲ့ အကောင်း အဆိုး နိဂုံးချုပ်လေ့ရှိပြီး ပြုပြင်သင့်တာတွေကို ပြုပြင်ကြပါတယ်။ ဒီလိုမျိုးအစည်းအဝေး ၂၀၁၇ မှာ တကြိမ်၊ ၂၀၁၉ မှာ တကြိမ်နဲ့ အခု ၂၀၂၃ မှာ တကြိမ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ၂၀၂၃ အစည်းအဝေးကြီးကို ကမ္ဘာနိုင်ငံပေါင်း ၁၄၀ ကျော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ က ခေါင်းဆောင်တွေ၊ တာဝန်ခံတွေ တက်ရောက်လာခဲ့ပါတယ်။
အဲဒီအစည်းအဝေးကြီးမှာ ဒီပိုးလမ်းမစီမံကိန်းရဲ့ ၁၀ နှစ်အတွင်းရရှိတဲ့ အကျိုးကျေးဇူးများကို စုစည်းသုံးသပ်ခဲ့ပါတယ်။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ စင်္ကြံလမ်းများ၊ (တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအပါ-၆လမ်း) ရထားလမ်း (ယူရေရှား-ဗဟိုအာရှ ၅ နိုင်ငံတို့ကို ဖြတ်သွားတဲ့ ဥရောပလမ်း၊ လာအို-ယူနန်၊ အင်ဒိုနီရှား-ဂျာကာတာနဲ့-ဘန်ဒေါင်း၊ မွန်ဘာဆာ-နိုင်ရိုဘီ--စသဖြင့်) သင်္ဘောဆိပ်များ (ဂရိ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ မြန်မာ) ဘဏ္ဍာရေးအဆက်အစပ်များ( တရုတ်က ဦးစီးတည်ထောင်ပေးတဲ့ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB)မှ စီမံကိန်းများ သုံးသပ်ချက်များ၊ ရေနံပိုက်လမ်းတည်ဆောက်မှုများ စတာတွေ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာပဲ ကမ္ဘာဘဏ်ဥက္ကဋ္ဌက-၂၀၃၀ အရောက်မှာ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းကြောင့်ကမ္ဘာကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလျံအထိ ရရှိနိုင်ကြောင်း ပြောသွားပါတယ်။ ဒါ့အပြင် ဆင်းရဲမှုပပျောက်ရေးစီမံကိန်းများအဖြစ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သရုပ်ပြဓာတ်ခွဲခန်းများ နိုင်ငံအများအပြား တည်ဆောက်ပေးပြီး တရုတ်ပညာရှင်များ၊ ဒေသခံ ပြည်သူများကို လက်တွေ့သင်ကြားပေးမှုများလည်း ရှိပါတယ်။
ဒါ့အပြင် ဒီအစည်းအဝေး အပိတ်အခန်းအနားမှာ ရှီကျင့်ပင်က ဒီလို ပြောသွားပါတယ်။
"ကျွန်တော်တို့ တရုတ်ပြည်ဟာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို လိုက်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ အတွေ့အကြုံတွေကို ကျန်နိုင်ငံများကို ဝေမျှပေးပြီး အတူတကွ အေးအတူ-ပူအမျှလူ့အဖွဲ့အစည်းတရပ် ဖွဲ့ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာပါ။ ဒါဟာ ကျွန်တော်တို့ တရုတ်ပြည်ရဲ့ လူသားများရဲ့ ခေတ်မီတိုးတက်ရေး (progress) အတွက် ကမ္ဘာလုံးဆိုင်ရာ တာဝန်တရပ်အဖြစ် ကောင်းမှုပြုချက်ပါ။ ဆက်လက်ပြီး ပိုးလမ်းမကြီးဆိုင်ရာ စီမံကိန်းများကို ဘက်စုံကနေ အဆင့်မြင့် (high-Quality) လုပ်ငန်းများအဖြစ် ဆက်လက်လုပ်ဆောင်သွားပါ့မယ်"တဲ့။
သူတို့ရဲ့ စီမံကိန်းများကိုလည်း ကုလသမဂွအဖွဲ့အစည်းများနဲ့ရော၊ တခြားဒေသဆိုင်ရာ အဖွဲ့အစည်းများနဲ့ရော၊ ပူးပေါင်းဆောင်ရွက်သွားပါ့မယ်လို့လည်း ကတိပြုသွားပါတယ်။
ဒါတွေကတော့ တရုတ်တွေ အစောဆုံး တင်သွင်းတဲ့ ပိုးလမ်းမ အဆိုပြုချက်နဲ့ အဲဒီအဆိုပြုချက်အပေါ် သူတို့ တရုတ်နိုင်ငံက ဘာတွေ လုပ်ဆောင်နေတာတယ် ဆိုတာတွေရဲ့ ဖော်ပြချက်အချို့ ဖြစ်ပါတယ်။
လှကျော်ဇော
၃၁-၁-၂၀၂၄
ကိုးကား - Symposium held to commemorate 130th anniversary of Comrade Mao Zedong's birth, Xi delivers important speech - Chinadaily.com.cn
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar