Breaking News

အလုံးစုံပျက်သုဥ်းရေး သို့ ဦးတည်နေတဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၃၁ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၄


အလုံးစုံပျက်သုဥ်းရေး သို့ ဦးတည်နေတဲ့ မြန်မာနိုင်ငံ 

ဇန်နဝါရီလ ၃၁ ရက်နေ့ ညမှာ စစ်ကောင်စီရဲ့ အမည်ခံ အနေနဲ့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးကြောင်း ကြေညာချက်ထွက်ပေါ်လာတာ ထူးခြားတဲ့ ဖြစ်ရပ် အနေနဲ့ အများစုက မယူဆကြပေမယ့် မြန်မာနိုင်ငံအနေနဲ့ အလုံးစုံပျက်သုဥ်းရေးကို နောက်ထပ် ဦးတည်ချဥ်းကပ်သွားနေပြီး နကိုလမ်းကြောင်းတွေက ဘယ်ညာသို့မဟုတ် နောက်ပြန်လှည့်ခြင်း မရှိပဲ ဒိမတိုင်ခင် ဆုံးဖြတ်ထားကြတဲ့ ဦးတည်ထားကြတဲ့ အတိုင်းဆက်လက် ရွေ့လျားနေကြတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီလို စစ်ကောင်စီရဲ့  ၆လ သက်တမ်းတိုးကြေညာချက် မထွက်ပေါ်ခင် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့တို့ရဲ့ "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင် နေကြသော အဖွဲ့များ၏  ဘုံသဘောထား ရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း" ဆိုတဲ့ ထုတ်ပြန်ချက် တရပ်ကို ကြေညာခဲ့ကြပါတယ်။ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပါဝင်သလဲ ဆိုတာတိတိပပ ရေးမထားပဲ ကြေညာချက်ရဲ့ အဆုံးသတ် ဆက်သွယ်ရန် ပုဂ္ဂိုလ် အမည်တွေမှာ KNPP, NUG, KNU, CNF တို့က တာဝန်ရှိသူအမည်နဲ့ ဖုန်းနံပါတ်တွေ ထည့်သွင်းထားတာ ဖြစ်လို့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့ NUG တို့ရဲ့ ကြေညာချက်လို့ မှန်းဆကြည့်ရတာဖြစ်ပါတယ်။ ထုတ်ပြန်ချက်ဟာ သဘောထား ကြေညာချက်ဆိုတာထက် ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းစဥ်အဆင့်ဆင့်ကို ကြေညာတဲ့ စာတမ်းနဲ့ ပိုမိုဆင်တူတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၃ နှစ်ကြာတဲ့အချိန်မှာ ရှေ့ဆက်သွားမယ့် လမ်းကို ထုတ်ပြန်တဲ့ သဘောဖြစ်ပါတယ်။ 

၃ နှစ်တိတိ ပြည့်တဲ့နေ့မှာတော့ စစ်ကောင်စီအနေနဲ့ ယခင် အကြိမ်တွေလိုပဲ အခြေခံဥပဒေက ပုဒ်မ ၄၂၅ ကို ကိုးကားပြီး ဆက်လက်သက်တမ်းတိုးကာ စစ်ကောင်စီ အစိုးရအဖွဲ့ရဲ့ အရေးမကြီးလှတဲ့နေရာ ရာထူးအချို့ကို လူအပြောင်းအလဲ လုပ်ခဲ့တာ တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် မှာ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှု၊ တပ်အတွင်း ထောက်ခံမှုကျဆင်းလာမှုတွေ ရင်ဆိုင်နေရတာကြောင့် နိုင်ငံရေးအရ ကျားကန်တဲ့ လုပ်ရပ်တွေ၊ စစ်ရေးထက် နိုင်ငံရေးနည်းနဲ့ အဖြေရှာမလားဆိုတဲ့ မှန်းဆချက်တချို့ ရှိခဲ့ပေမယ့် စစ်ကောင်စီတပ်မှာ မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုကို ကျော်လွန်နိုင်တဲ့ သူ၊ အင်အားစု ပေါ်ထွက်မလာသေးတဲ့ အနေအထားကို ပြသလိုက်ပြီး စစ်ရေးအရ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်နေရသည့်တိုင် စစ်ရေးနည်းလမ်းနဲ့ပဲ ဆက်လက်ဖြေရှင်းမယ် ဆိုတဲ့ ရပ်တည်ချက်ကို ပြသလိုက်တာ ဖြစ်ပါတယ်။ 

ဒီလို စစ်ကောင်စီရဲ့ ကြေညာချက်မထွက်ပေါ်မီ အချို့သော နိုင်ငံရေးသမားတွေက စစ်ကောင်စီအနေနဲ့ အမျိုးသားညီညွတ်ရေးကို လုပ်ဆောင်လာမလားဆိုတဲ့ မျှော်လင့်ချက် နဲ့ လမ်းကြောင်းပေးမှုတွေ ပေါ်ထွက်ခဲ့ပေမယ့်လည်း အာဏာသိမ်းစစ်ကောင်စီက အဲဒီလို လမ်းကြောင်းမျိုးကို မရွေးချယ်ပဲ စစ်ရေးနည်းလမ်းနဲ့ပဲ ဆက်လက်ရင်ဆိုင်မယ် ဆိုတဲ့ သဘောကိုပြသခဲ့တာ ဖြစ်ပါတယ်။

အထက်က NUG နဲ့ ERO လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ရဲ့ ကြေညာချက်မှာတော့ လုပ်ငန်းစဥ် ဆိုတဲ့ အချက်တွေရဲ့ ဒုတိယမြောက် အချက်အဖြစ် “မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း” ဆိုတဲ့အချက်ကို ထည့်သွင်းထားတာ တွေ့ရတာကြောင့် တွေ့ဆုံဆွေးနွေးရေး ဆိုတာကို လုံးဝငြင်းပယ်ထားတာ မဟုတ်ပဲ ထုတ်ပြန်ချက်ပါ ဦးတည်ချက် (objectives) ဆိုတဲ့ အချက် ၆ ချက်ကို အာဏာသိမ်းစစ်တပ်က လက်ခံခဲ့ရင် ဆွေးနွေးမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်တဲ့ သဘောဖြစ်ပါတယ်။ ဒီလုပ်ငန်းစဥ် အချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုထဲမှာပင်လျင် သဘောထား အမြင်မတူညီမှု၊ လက်မခံနိုင်မှုတွေ ရှိကောင်းလည်း ရှိနိုင်တာ ဖြစ်ပါတယ်။ စစ်တပ်ကို အပြုတ်တိုက်ရမယ် တနည်း အမြစ်မှ ဖယ်ရှားရှင်းလင်းရမယ် ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ နိုင်ငံရေး အင်အးစုတချို့က ဒီလုပ်ငန်းစဥ်အချက်ကို မနှစ်သက်တဲ့ အနေအထားလည်း ရှိကောင်းရှိနိုင်တာ ဖြစ်ပါတယ်။ 

ဒါတွေကတော့ စစ်အာဏာသိမ်း ၃ နှစ်ပြည့်မြောက်ချိန် စစ်ကောင်စီရဲ့ သဘောထား ရပ်တည်ချက်၊ ERO တချို့နဲ့ NUG ရဲ့ သဘောထား ရပ်တည်ချက်တွေ ဖြစ်ပါတယ်။ ဒီ ထုတ်ပြန်ချက်တွေ အထဲမပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့တွေအများအပြား ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။ ရှမ်းမြောက် ရှမ်းတောင်နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်က လက်နက်ကိုင် အဖွဲ့တွေ၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ NUG လက်အောက်ခံမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့လည်း ၄င်းရဲ့ ထိန်းချုပ်နယ်မြေ၊ စခန်းနဲ့ မြို့တွေ တဖြည်းဖြည်း လျော့ပါးလာနေပေမယ့် စစ်ရေးလမ်းကြောင်းနဲ့ သာ ဖြေရှင်းမယ့် သဘော၊ တိုက်ခိုက်ဖို့ စိတ်ဓာတ်ပိုင်းအရ အားနည်းလာနေတဲ့ စစ်တပ်ကို ဆက်လက်အမိန့်ပေးပြီး တိုက်ခိုက်နေဦးမယ့် သဘောမျိုး မြင်တွေ့နေရသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နယ်မြေအလိုက် ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့အစည်းတွေက စစ်ရေးတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ကြမယ့် အနေအထားလည်းဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီး ၃ နှစ်တိတိပြည့်မြောက်တဲ့အချိန် မှာ ရရှိခဲ့တဲ့ အဆိုးအကောင်းတွေကို ပြန်တွေးကြည့်ရင် အဆိုးကများနေတာ ဘယ်သူမှ အငြင်းပွားကြမယ် မထင်ပါဘူး။ စစ်အာဏာသိမ်းမှုကိုယ်၌က ဒုက္ခတွင်းထဲ ပဋိပက္ခတွင်းထဲ အလုံးစုံပျက်သုဥ်းမှုထဲကို သက်ဆင်းခြင်း ဖြစ်နေပြီး ဒီဒုက္ခတွင်း အလုံးစုံပျက်သုဥ်းခြင်းကနေ လွတ်မြောက်ဖို့ သို့မဟုတ် ထွက်ပေါက် ရဖို့နည်းလမ်းက ရှာဖွေဆဲ သို့မဟုတ် မျှော်မှန်းချက် တခုနဲ့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်ချီကြာရှည်လာတဲ့ ပြဿနာအဟောင်းတွေကို ဖြေရှင်းရင်း ပြဿနာအသစ်တွေ ပိုမိုရှုပ်ထွေးတဲ့ ပြဿနာတွေ ပေါ်ထွက်လာတာမျိုး မဖြစ်ဖို့လည်း သတိပြုကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar