Breaking News

ဝင်းမင်းခိုင် - နာနေတဲ့တောဝက်

နာနေတဲ့တောဝက်
ဝင်းမင်းခိုင်
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄

ငါပစ်ချလိုက်တော့
ကျည်ဆံကရှေ့လက်ပတ်ကဖြတ်ပြီး
သူ့နှလုံးကိုဖောက်ဝင်သွားခဲ့တယ်
နောက်ကိုဖင်ထိုင်တချက်ကျပြီး
ရုတ်တရက်ကမူးရှုးထိုးသွေးရှုးသွေးတန်းထပြေးတယ်
လမ်းမှာတွေ့သမျှဝါးရုံတွေသစ်ပင်ငယ်တွေခြုံပုတ်တွေ
သူ့ဒေါသကြောင့်အပိုင်းပိုင်းပြတ်ကုန်တယ်
သူ့သွေးစက်အတိုင်းခြေရာခံပြီး
ငါတို့လိုက်ကြတယ်
ခြေသံလုံဖို့နဲ့နားတွေမျက်စေ့တွေနိုးကြားနေဖို့ဆိုတာ
မုဆိုးတိုင်းအတွက်အခြေခံသင်ရိုးပဲ
ငါတို့ရဲ့အမဲလိုက်ခွေးတွေနဲ့သားကောင်ရဲ့တိုက်ခိုက်သံ
ငါတို့ကြားနေကြရပြီ
သူ့အစွယ်နဲ့အားကုန်ထိုးပက်လိုက်လို့
အမဲလိုက်ခွေးတကောင်မြောက်တက်သွားတာကိုလဲ
မြင်လိုက်ကြရပြီ
တောကောင်တွေထဲမှာ
နာနေတဲ့တောဝက်ထက်ကြောက်စရာကောင်းတဲ့အကောင်မရှိဘူးလို့
မုဆိုးစဉ်ဆက်လက်ခံထားကြတယ်
ငါ့စိတ်နဲ့ငါ့ခန္ဓာတခုလုံးဖြေလျှော့ချလိုက်တယ်
ပြီးတော့ သွေးအလိမ်းလိမ်းမာန်ဖီနေတဲ့
တောဝက်ရဲ့မျက်လုံး၂ လုံးကြားကိုနောက်ဆုံးအကြိမ်ပစ်လွှတ်ဖို့
ငါစောင့်နေခဲ့တယ်

၉.၂.၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar