Breaking News

နေသွင်ညိဏ်း - ‘ညီညွတ်သူတို့သာ သမိုင်းကို ရေးသားခဲ့ကြသည်’

ညီညွတ်သူတို့သာ သမိုင်းကို ရေးသားခဲ့ကြသည်
နေသွင်ညိဏ်း
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄

ကျနော်တို့ခေတ်ရဲ့ အထင်ရှားဆုံးသမိုင်းဆရာလို့ ဆိုရမယ့် Yuval Noah Harari က ဟောပြောပွဲတခုမှာ လူနဲ့ တိရစ္ဆာန် ဘာကွာလို့ လူက ကမ္ဘာကြီးကို အုပ်စိုးသွားတာလဲလို့ မေးတယ်။ 

မေးခွန်းက အဟောင်းပါ။ သူ့ရူ့ထောင့်ကို မပြောခင်မှာ ကျနော်တို့ရဲ့ တောင်တွင်းသားကြီး ဆရာကြီး ဦးအောင်သင်းဟာလည်း ဒီလိုမေးခွန်းတွေနဲ့ ဆွေးနွေးတတ်တာကို သတိရပါတယ်။ 
တခါမှာ ဆရာက လူက တိရစ္ဆာန်ထက်သာသလားလို့ မေးတော့ ပရိသတ်က သာပါတယ်လို့ ဖြေတယ်။ ဒီတော့ ဆရာက ဆက်မေးတယ်။ 
‘အစစ အရာရာ သာပါသလား’
ပရိသတ်က တွေဝေသွားသလို ငြိမ်ကျသွားတယ်။ ဟိုနားဒီနားက တယောက်တပေါက် ပြောသံ ဗလုံးဗထွေးပဲ ကြားရတော့တယ်။ ဒီကျတော့ ဆရာက မေးခွန်းတွေ တဒိုင်းဒိုင်း ပစ်သွင်းတော့တယ်။ လူဟာ
‘ငါးလောက် ရေကူးမြန်သလား။ 
မြင်းလောက် အပြေးသန်သလား။ 
ဆင်လောက် အားကြီးသလား။’
အဖြေကတော့ အားလုံးသိပြီးသားပါ။ ဆရာ့လို စေ့စေ့ မတွေးမိကြ၊ မတွေးဖူးကြ၊ တွေးမိရင်လည်း နောက်ထပ်ဆက်မတွေးမိကြတာတော့ ကွာခြားပါလိမ့်မယ်။ 
အခု ဒီအကြောင်းပြန်စဉ်းစားမိတော့ ချုပ်လိုက်ရင် လူဟာ ကာယစွမ်းရည်မှာ တိရစ္ဆာန်ထက် အမြဲတမ်းသာမနေပါဘူး။ ဒါဆို လူက တိရစ္ဆာန်ထက်သာတဲ့နေရာဟာ ဥာဏပိုင်းလို့ ဆိုရပါမယ်။ 
ဆရာက အချက် ၃ ချက်ကို ပြောတယ်။ 

၁- ကျိုးကြောင်း ပညာသိခြင်း
၂- ကိုယ်ကျင့်တရားရှိခြင်း
၃- အလှအပကို ခံစားတတ်ခြင်း 

အရင်ကတော့ အော် ဟုတ်သားပဲလို့ သဘောကျပေမယ့် အခု ပြန်တွေးကြည့်တော့ ကျနော် သိပ်မသေချာတော့ပါဘူး။ ဆရာက လူသားမျိုးနွယ်တခုလုံးနဲ့ တိရစ္ဆာန်မျိုးနွယ် တခုလုံးကို ယေဘုယျ  generally speaking ပြောတာလို့ပဲ နားလည်မိပါတယ်။ ဘာလို့လဲဆိုရင် တဦးချင်းဆိုရင် တချို့လူတွေက တချို့တိရစ္ဆာန်တွေနဲ့ ယှဉ်ရင် ၃ ချက်စလုံးသာပါ့မလားလို့ ကျနော် သံသယရှိလာပါတယ်။ 

ကျိုးကြောင်းပညာ ဆိုတာဘာကို ဆိုလိုတာလဲ။ ကိုယ့်ကျင့်တရားဆိုတာရော ဘယ်သူက သတ်မှတ်တာလဲ။  အနုပညာဆိုတာရော စသဖြင့် ကျနော်ဆက်တွေးမိသွားလို့ပါပဲ။ အတွေးခေါင်တယ်ဆိုချင်လည်းဆိုတော့။ 
တကယ်တော့ ကျိုးကြောင်း၊ ကိုယ့်ကျင့်တရား၊ အလှအပခံစားခြင်းဆိုတာကို ဘာသာရေးဆိုင်ရာ သင်ကြားချက်ထဲက ဖြစ်ဖြစ်၊ အနုပညာကျမ်းတွေထဲက ဖြစ်ဖြစ် သွားကြည့်လိုက်ရင် သိရမှာပါပဲ။ ဒါပေမယ့် ဒါက လူတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲမဟုတ်ဘူးလား။ လူတွေရဲ့ narrative ပါပဲ။ တချို့ကတော့ ဘုရားတွေ၊ သူတော်စင်တွေ၊ ပါရမီကြီးတဲ့ အနုပညာရှင် ဆိုသူတွေရဲ့ ဗျာဒိတ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုပြီးသွားရောလား။ 

ကျနော်ဟာ ဆရာဦးအောင်သင်းလို နှံ့နှံ့စပ်စပ် နှိုက်နှိုက်ချွတ်ချွတ်တွေးတတ်တဲ့ ပုဂ္ဂိုလ်ကြီးကို မလေးမစား လုပ်လိုတာ မဟုတ်ရပါဘူး။ ပြောရရင်အလွန်လေးစားပါတယ်။ ဒါပေမယ့် ဆရာက ဒီလို အထွန့်တက်တာမျိုးကို ဝမ်းသာမယ်လို့ ကျနော် သေချာပေါက်ယုံနေပါတယ်။ လွဲနေရင်လည်း ပယ်ပယ်နယ်နယ် ချက်ကျကျ ပြန်ချေပမှာလည်း သိနေပါတယ်။ 

ဂျူးလူမျိုးသမိုင်းဆရာ Yuval Noah Harari ရဲ့ ရူ့ထောင့်က ဒီလိုပါ။ ဆရာဦးအောင်သင်း ပြောသလို လူဟာ တိရစ္ဆာန်ထက် အစစအရာမသာဘူးဆိုတာ သူလည်း သဘောတူပါတယ်။ အထူးသဖြင့် တဦးချင်း ယှဉ်မယ်ဆိုရင် လူက မသာနိုင်ပါဘူးတဲ့။ သူရဲ့ ဥပမာက လူတယောက်နဲ့ ချင်ပန်ဇီ မျောက်တကောင်ကို လူသူမနေတဲ့ ကျွန်းထဲမှာ သွားထားရင် ဘယ်သူက ပိုပြီးရှင်သန်နိုင်မလဲ။ သူကိုယ်တိုင်နဲ့ ဆိုရင်တောင် သူကတော့ မျောက်ဘက်ကနေပဲ လောင်းကြေးထပ်မယ်လို့ ဆိုတယ်။ စင်ပေါ်က ပိန်ပိန်ဖျော့ဖျော့ စာရေးဆရာကို လူတွေက ရီကြတယ်။ 
သူဆက်ပြောတဲ့ ဆွေးနွေးချက်က ပိုအရေးကြီးပါတယ်။ လူဟာ တဦးချင်၊ ဒါမှမဟုတ် အရေအတွက် သိပ်မများလှတဲ့ အစုအဖွဲ့အထိ တိရစ္ဆာန်ထက် မသာနိုင်ပါဘူး။ ဒါပေမယ့် အရေအတွက်များလာလေလေ လူဟာ တိရစ္ဆာန်ထက် ပိုသာလာလေလေပါပဲတဲ့။  

နားရှုပ်စရာတော့ ရှိနိုင်ပါတယ်။ ကျနော်တွေးမိတဲ့ဥပမာတခုက တောလိုက်မုဆိုးတယောက်ဟာ ဆင်တကောင်ကို အသေဖမ်းနိုင်ပါတယ်။ ဒါပေမယ့် မုဆိုးဟာ သူ့ခွန်အားထက်စာရင် သူ့ကျိုးကြောင်းပညာကို သုံးခဲ့တာမှန်ပါတယ်။ ဆင်လာရာလမ်းမှာစောင့်ပြီး သေနတ်၊ ဒူးလေးနဲ့ပစ်တယ်ဆိုကြပါစို့။ ဒီသေနတ်၊ ဒူးလေးဟာ သူကိုယ် တိုင် အိမ်မှာလုပ်တတ်တယ်ပဲ ဆိုပါဦး။ ဒီ လက်နက်တွေကိုလုပ်တဲ့အတတ်ကတော့ သူ့ အဖေဆီက ရတာဖြစ်နိုင်ပါတယ်။ ဒါဆို သူ့အဖေကရော သူ့အဘိုးဆီက ဖြစ်နိုင်ပါတယ်။ နောက်ပြီး လက်နက်လုပ်ရာမှာသုံးတဲ့ ပစ္စည်း၊ ကိရိယာတွေ၊ သံစတဲ့ သတ္တုတွေ ဖြစ်လာရတဲ့ ကွင်းဆက်ကိုပဲ တွေးကြည့်ရင် လူပေါင်းများစွာဆိုတဲ့ အဖြေကိုရပါမယ်။ ဆင်ပစ်ခြင်း၊ ဆင်ဖမ်းခြင်း အတတ်ကလည်း ထိုနည်းလည်ကောင်းပါပဲ။ 

ဒါက လူနဲ့ တိရစ္ဆာန်တို့ ကြားက ခြားနားချက်ပါပဲ။ လူဟာ အရေအတွက်အများကြီး ပူးပေါင်းဆောင်ရွက်နိုင်တယ်။ မျိုးဆက်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ဒီနေရာမှာလူကို တိရစ္ဆာန်က မမီတော့ပါဘူး။ 
ကျနော် ဆွေးနွေးချင်တဲ့ အပိုင်းရောက်လာပါပြီ။ ဒါဆိုရင် လူတွေထဲက လူတွေမှာရော ဒီလိုပဲလား။ ရာဇဝင်မှာ လူမျိုးတမျိုးဟာ စစ်ကို အနိုင်တိုက်တဲ့ အခါ ရှိသလို စစ်ရှုံးတဲ့ အခါလည်းရှိခဲ့တယ်။ A ဆိုတဲ့ လူမျိုးဟာ B ဆိုတဲ့ လူမျိုးထက် စစ်တိုက်တာ ပိုတော်တယ်လို့ ကျနော်တို့ ပြောတတ်တယ်။ တကယ်က အဓိက အကြောင်းက A ဆိုတဲ့ လူမျိုးဟာ သမိုင်းရဲ့ အချိန်တချိန်မှာ B ဆိုတဲ့ လူမျိုးထက် ပိုစည်းလုံး၊ ပိုပူးပေါင်ဆောင်ရွက်နိုင်လို့ဆိုတဲ့ အဖြေက အမှန်တရားနဲ့ ပိုနီးစပ်ပါလိမ့်မယ်။ ခေါင်းဆောင်၊ ဓနအင်အား၊ နိုင်ငံရေးစနစ် စတဲ့ အချက်တွေဟာလည်း စည်းလုံးခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ အဓိက အချက်ကို ဖြစ်ပေါ်စေဖို့ပဲ မဟုတ်လား။

အနာဂတ်သမိုင်းအကျဉ်း Homo Deus ထဲမှာ  သမိုင်းဆရာ Harari က ဒီအကြောင်း ဆွေးနွေးထားပါတယ်။ 
‘သမိုင်းတလျောက်မှာ စည်းကမ်းသေဝပ်တဲ့ စစ်တပ်တွေဟာ မညီမညွတ်ဖြစ်နေတဲ့ လူပေါင်းများစွာကို အလွယ်တကူအနိုင်ယူခဲ့သလို၊ စုစည်းမှုရှိတဲ့ လက်တဆုပ်စာ အထက်တန်းလွှာတွေဟာလည်း တယောက်တပေါက်ဖြစ်နေတဲ့ လူအုပ်တွေကို လွှမ်းမိုးချုပ်ကိုင်ခဲ့ကြတယ်။ 
(Homo Deus စာမျက်နှာ ၅၅) 

ကမ္ဘာသမိုင်းမှာ ဒီလို ကိစ္စတွေ လက်ညိုးထိုး မလွဲပါဘူး။ မြန်မာ့သမိုင်းမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဗုဒ္ဓဘာသာအဆုံးအမထဲ မြန်မာတွေ နားရည်ဝနေတဲ့ ဝေသာလီကျဆုံးခန်းကလည်း နောက်ဆုံး ညီညွတ်မှု ပျက်စီးခြင်းကြောင့်ပဲ မဟုတ်လား။ သိပ်မဝေးလှတဲ့ ကုန်းဘောင်ခေတ်ကျဆုံးခန်းနဲ့ လွတ်လပ်ရေးရခန်းကို ပြန်ချုပ်ကြည့်ရင် ညီညွတ်မှုမရှိခြင်းနဲ့ ရှိခြင်းကို ထင်ရှားမြင်ရပါလိမ့်မယ်။ 

ကျနော်ပြောနေတာက တစုတဖွဲ့ လွှမ်းမိုးရေးထက်၊ လူမျိုးတမျိုး သို့မဟုတ် ပထဝီ ဒေသတခုထဲ နှစ်ပေါင်းများစွာနေထိုင်ကြတဲ့ လူမျိုးများရဲ့ အရေးကိုဆိုတာ နားလည်စေချင်ပါတယ်။ ညီညွတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဘယ်အချိန်မှာ ဖြစ်ပေါ်ပြီး ဘယ်အချိန်မှာ ပျက်ယွင်းသလဲ။ ရှည်ရှည်ဝေးဝေးပြောစရာတွေ ရှိကောင်းပေမယ့် ကျနော်ကတော့ သင်္ဂဟတရား လေးပါးကိုပဲ ပြန်ညွှန်းချင်ပါတယ်။
 
ကျနော်တို့ ပြဿနာက ပါဠိ တွေ့တာနဲ့ ဘုရား၊ ကျောင်းကန်တွေကို ပြေးမြင်တာများတာပါပဲ။ သင်္ဂဟတရား ၄ ပါးကို ဟောထားတာတွေ အများကြီးရှိပါတယ်။ ပါချုပ်ဆရာတော်ဘုရားကလည်း four conditions of unity ဆိုပြီးဟောပြထားတာရှိပါတယ်။ မိသားစုယူနစ်ကနေ နိုင်ငံတနိုင်ငံ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အထိ ထည့်သွင်းအသုံးချဖို့ လိုပါတယ်။ 

ဒါန လိုဆိုရာမှာ ပေးကမ်းလှူတန်းခြင်းဆိုတဲ့ ဘောင်ကနေ အာဏာခွဲဝေခြင်း၊ အရင်းအမြစ် ခွဲဝေခြင်း အထိ ဘောင်ချဲ့ကြည့်ရပါမယ်။ ပေယျဝဇ္ဇ ဆိုရာမှာ ယဉ်ကျေးသောစကားကိုဆိုခြင်း။ ကျနော်တို့ ခေတ်မှာ အခေါ်အဝေါ၊ အပြောအဆို၊ အသုံးအနှုန်းကြောင်း ပြဿနာတွေ ဖြစ်ပေါင်းများပါပြီ။ အတ္ထစရိယာ ဆိုတာက အကျိုးကို ဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတရားပါပဲ။ အရေးအကြီးဆုံးကတော့ သမာနတ္ထတာ ဆိုတဲ့ တန်းတူဆက်ဆံခြင်း ဆိုတာပါပဲ။ 

ဆရာကြီး ဒဂုန်တာရာရဲ့ စကားအတိုင်း ပြောရရင် တန်းတူရေးမရှိရင် ညီညွတ်ရေး မဖြစ်နိုင်၊ ညီညွတ်ရေးမရှိရင် ငြိမ်းချမ်းရေး မဖြစ်နိုင် ဆိုတဲ့ စကားကလည်း ဆိုခဲ့တာတွေရဲ့ အနှစ်ချုပ်သဘောတရားလို့ ဆိုရပါမယ်။ 
နိဂုံးချုပ်ရင်တော့ ညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင် ဒီလိုမှ မရှိရင် လူဟာ မျောက်တမျိုးဖြစ်တဲ့ ချင်ပန်ဇီနဲ့ ဘာမှမခြားနားပါဘူး။ နိုင်ငံတခု၊ လူမျိုးတမျိုးဟာလည်း ကျောက် ခေတ်နဲ့ မနှီးယိုးစွဲ အဆင့်၊ သို့မဟုတ် ပိုပြီး စုစည်း စည်းလုံးတဲ့ လူမျိုးတမျိုးရဲ့ ကျွန်၊ သဘောက်အဖြစ်က တက်လာစရာအကြောင်းမမြင်ဘူးဆိုတာ သမိုင်းက သက်သေပြပြီးဖြစ်ပါတယ်။
 
နေသွင်ညိဏ်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar