နေချိုသွေး - လက်ပံ
နေချိုသွေး
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄
ရောက်ရှိလာမယ့် နွေနေ့ရက်တွေက မြေအောက်ခန်းမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ ဝိုင်အရက်ချိုလို ပြင်းရှနေရင် သိပ်ကောင်းမှာပါပဲ။နွေပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ လူတယောက်အတွက် တခါတလေမှာ လဲမှို့ပွင့်လို လွင့်နေချင်မိတယ်။
မျှော်လင့်မှုတွေက မီးခိုးမဆုံး မိုးမဆုံးနဲ့ ကျယ်ဝန်း ပြန့်ကားလို့နေတယ်။အရာရာကို လွှတ်ချထားလိုက်ချင်ပေမယ့် ရေလိုက်ငါးလိုက် မနေတတ်တဲ့စိတ်က မတရားတာကိုမြင်ရင် ဝင်ပါလိုက်ချင်တယ်။
ရာထူး အာဏာ ဘာကိုမှ မက်မောတွယ်တာမနေတော့တဲ့အခါ မတရားမှုနဲ့ ရှာဖွေလို့ရလာမယ့် ငွေကြေးချမ်း သာစေမယ့်အကြောင်း ခေါင်းထဲမှာကို မထည့်ထားမိတော့ဘူး။ အလိုလောဘနောက်လိုက်မိတဲ့အခါ မတရားတဲ့ အမှုကိစ္စတွေကိုလည်း ပြုလုပ်ကျူးလွန်ဖို့ ဝန်မလေးတဲ့ လောကကြီးမှာ တရားသဖြင့်တွေနဲ့ ရှင်သန်နေထိုင်နိုင်အောင် ကြိုးစားနေပါတယ်။
ငယ်ငယ်တုန်းကဆို ဒိုင်ယာရီစာအုပ်ထဲက အဖြူရောင်စာရွက်ထဲမှာ ကိုယ်ဖြစ်ချင်တာကိုရေးပြီး စက္ကူလှေလေးတွေလုပ် တောင်ကျရေချောင်းထဲ မျှောပစ်လိုက်ဖူးတယ်။
တောင်ကျရေချောင်းတလျှောက် မျောပါသွားတဲ့စက္ကူလှေလေးတွေကို မျက်စိတဆုံးငေးကြည့်ရင်း ဖြစ်ချင်တာကို ဆုတောင်းခဲ့ဖူးတယ်။
စက္ကူလှေလေးတွေကို သယ်ဆောင်သွားတဲ့ တောင်ကျရေတွေကမြစ်ပြင်ကျယ်ထဲ စီးဝင်သွားတယ်ဆိုတာ အဲဒီ့အချိန်က မသိခဲ့ဘူး။ မိုးကုပ်စက်ဝိုင်းအထိ စက္ကူလှေလေးတွေ ဘေးမထိ ရန်မခဘဲ မျောပါသွားမယ်လို့ ယုံ ကြည်ခဲ့ဖူးတာပါပဲ။
အိမ်ကယူလာတဲ့ ပြောင်းဖူးပေါက်ပေါက်စေ့တွေကို တောင်ကျရေချောင်းထဲက ငါးလေးတွေအတွက် အစာ ကျွေးတယ်။
ငါးလေးတွေကို အစာကျွေးပြီးရင် ရေချောင်းထဲ ဆင်းပြီး လက်ပန်းကျတဲ့အချိန်ထိ ရေကူးတယ်။
ရေချောင်းစပ်က သဲစိုစိုသောင်ပြင်ပေါ်မှာ ပက်လက်ကလေးကျောခင်းရင်း ကောင်းကင်ပြာပြာကြီးကို ငေးကြည့်တယ်။
အမြင့်ပျံသွားတဲ့ ငှက်တအုပ်ကို ကြည့်ပြီး ဘာရယ်မဟုတ် ဝမ်းသာ ကြည်နူးနေမိတယ်။
ရေချောင်းကမ်းစပ်မှာပေါက်နေတဲ့ သစ်ပင်မြင့်မြင့်ကြီးကိုကြည့်ပြီး စိတ်ထဲရှိသမျှ အော်ဟစ်လိုက်ဖူးတယ်။သစ်ပင်က မြင့်လွန်းတော့ သစ်ပင်သစ်ကိုင်းပေါ် ရောက်အောင်မတက်နိုင်တဲ့အတွက်ကြောင့်လည်း ပါတာပေါ့။ကိုယ်မတက်နိုင်တဲ့သစ်ပင်ကို ခုတ်လှဲပစ်မယ့်ဆိုတဲ့စိတ်တော့မရှိခဲ့မိတာ သေချာပါတယ်။
ဘယ်လောက်မြင့်တဲ့သစ်ပင်ဖြစ်ဖြစ် ကမ်းနားသစ်ပင်ဆိုတာက အမြစ်မကျွတ်ခင် အချိန်ထိဘဲ အရာဝင်တာပါပဲ။ အတိတ်အကြောင်းကို ပြန်တွေးကြည့်မိတော့ အပူအပင်ကင်းတဲ့ငယ်ဘဝက လွမ်းစရာပါပဲ။
ပြုမူလုပ်ဆောင်ခဲ့တဲ့အကြောင်းအရာတွေက ဘယ်သူတဦးတယောက်ကိုမှ ထိခိုက်နစ်နာစရာတွေမဖြစ်ခဲ့တာ သေခြာခဲ့လို့လေ။
အတွေးထဲကိုကုတ်ခြစ်ပြီး ဝင်ရောက်လာတာ ကြောင်တကောင်မဟုတ်ပေမယ့် ကြောင်တောင်တောင်နိုင်တယ်လို့အပြောခံရတဲ့အဖြစ်အပျက်တချို့လည်း ရှိခဲ့ဖူးပါတယ်။
လမ်းဘေးမှာ ကိုယ်နဲ့ ရွယ်တူ ကောင်လေးတယောက်ကို ဝါးခြမ်းပြားနဲ့ ရိုက်နေတဲ့မိန်းမကြီးတယောက်ကို ခဲနဲ့ ကောက်ပေါက်ဖူးတယ်။
အိမ်ပြန်ရောက်တော့ ပြဿနာကိုမီးခွက်ထွန်းရှာရမလားဆိုပြီး ဝါးခြမ်းနဲ့ အသင့်စောင့်နေတဲ့မိခင်ကြီးကို မြင်ရတယ်။
ခဲနဲ့ပေါက်ခံရတဲ့ အဒေါ်ကြီးရှေ့မှာ ဝါးခြမ်းပြားက ကိုယ့်ခန္ဓာကိုယ်အတွက်ဖြစ်သွားတယ်။ မျက်စိရှေ့မှာ ကလေးတယောက်ကို ငိုအောင် ရိုက်နေတာမကြည့်ရက်လို့ဆိုတဲ့ ကိုယ့်အဖြေစကားမှာ အရှိုးရာအထပ်ထပ်ကျလာတယ်။ ကိုယ်နဲ့မဆိုင်ရင် ဝင်ဝင်မပါနဲ့ဆိုတဲ့မိခင်ကြီးရဲ့ဆုံးမစကားမှာ ကိုယ်ဟာ အခုအရွယ်ထိ ခေါင်းမာနေတုန်းပါပဲ။
နွေခေါင်ခေါင်မှာ ညဘက်ကြီး မိုးတွေရွာတဲ့တရက်က မိခင်ကြီးမသိအောင် အိမ်ပြတင်းပေါက်ကနေ ခုန်ဆင်းပြီး မိုးရေထဲ ပြေးလွှား ဆော့ကစားခဲ့ဖူးပါတယ်။
ငယ်တဲ့အရွယ်ဆိုတော့လည်း ကိုယ်တုံးလုံး၊ အဝတ်မပါ ကိုယ်ဗလာနဲ့ မှောင်မှောင်မည်းမည်း မိုးရေထဲမှာ လျှောက်ပြေးဆော့နေမိတာပါပဲ။
ရပ်ကွက်ထဲမှာ လမ်းထဲ သွားလာနေတဲ့လူတွေကို ခြံဝင်းထဲကနေ ထွက်ထွက်ကိုက်တတ်တဲ့ ခွေးတကောင်ရှိတယ်။
ခွေးပိုင်ရှင်ရဲ့ အိမ်ခြံဝင်းသံတံခါးပေါက်မှာ “သတိ! အိမ်ရှင်ခွေး ကိုက်တတ်သည်”ဆိုတဲ့ စာလုံးကို အိမ်ရှင်မသိအောင် ရေးထားပေးဖူးတယ်။
တကျပ်တန် မန်ကျည်းသီးယိုထုပ်ကို ကြွပ်ကြွပ်အိတ်ပါဝါးပြီး မန်ကျည်းသီးယို အရသာကုန်တော့မှ ထွီးခနဲနေအောင် ထွေးထုတ်ဖူးတယ်။ သူများအိမ် ခြံစည်းရိုးမှာ ပေါက်နေတဲ့ကြံပင်ကို အလေ့ကျပေါက်နေတယ် အထင်နဲ့ လက်နှစ်ဖက်နဲ့ အားရပါးရလှဲချိုး စားဖူးတယ်။ လက်ထဲကနေ မြေကြီးပေါ်ကဖုန်တောထဲ ပြုတ်ကျသွားတဲ့ချိုချဉ်ကိုပြန်ကောက်ပြီး ဝတ်ထားတဲ့မြင်းခေါင်းတံဆိပ်စွပ်ကျယ်အင်္ကျီအဖြူနဲ့သုတ်ပြီး တကျွတ်ကျွတ်နဲ့ ကိုက်ဝါးစားခဲ့ဖူးတယ်။
နေကြာစေ့တွေကို အခွံမခွာဘဲဝါးပြီး ထွီခနဲ နေအောင် ထွေးထုတ်ပစ်လိုက်ဖူးပါတယ်။
သားရေဖိနပ်ကို ဖနောင့်နေရာ နောက်မြီးပါးပြီး ပေါက်သွားတဲ့အထိ စီးခဲ့ဖူးတယ်။ ဘုန်းကြီးကျောင်းဝင်းထဲ လျှောက်သွားပြီး ကပ္ပိယထံက ထမင်းကျန်၊ ဟင်းကျန်တွေစုပေါင်းထားတဲ့ ဟင်းလေးကြီးချက်ကို တောင်းစားခဲ့ဖူးတယ်။
လက်ပံပင်ပေါ်ကနေ တဖြုတ်ဖြုတ်ကြွေကျလာတဲ့ လက်ပံပွင့်တွေကို မြေပေါ်မကျရောက်ခင် လွယ်အိတ်နဲ့ ခံယူခဲ့ဖူးတယ်။
ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ မြေမနမ်းသေးတဲ့ လက်ပံပွင့်တွေကို လွယ်အိတ်ထဲ အပြည့် ထည့်ယူခဲ့ဖူးပါတယ်။ လက်ပံပွင့်တွေကို ကြိုးနဲ့သီ၊ လည်ပင်းမှာဆွဲပြီး အိမ်အထိ ပြန်ဖူးတယ်။ လမ်းတလျှောက် ဖြတ်သွားဖြတ်လာ လူတွေရဲ့ စူးစမ်းတဲ့အကြည့်ကို နားမလည်ဖူးဘူး။
အိမ်ရှေ့ကွင်းပြင်မှာ လက်ပံပွင့်တွေကို ခြောက်သွေ့သွားအောင်နေထုတ်လှန်းရတာ အလုပ်တခုလိုပါပဲ။
ရေနွေးနဲ့ ပြုတ်ထားတဲ့လက်ပံပွင့်တွေကို ခရမ်းချဉ်သီး၊ ငါးပိများများနဲ့ ငရုတ်သီးစပ်စပ်ချက်ပြီး ထမင်းပူပူနဲ့စားခဲ့ရတာကို ဒီတသက်မမေ့နိုင်ဘူး။ လက်ပံပွင့်ခြောက်တွေကို ဟင်းစာအတွက်တန်ဖိုးထားပြီး သိမ်းထားခဲ့ရဖူးတဲ့ ငယ်ဘဝကို မမေ့နိုင်တော့ပါဘူး။
ကိုယ့် ဇာတိ တောင်ပေါ်မြို့မှာ လက်ပံပင်ဆိုတာလက်ချိုးရေတွက်လို့ ရတဲ့အထိ ရှားရှားပါးပါးနဲ့ အလေ့ကျ ပေါက်ရောက်ရှင်သန်နေကြတာပါပဲ။ ဘုန်းကြီးကျောင်းဝင်းထဲမှာ တည်ထားတဲ့စေတီနံဘေးမှာ အကိုင်းအခက် တွေယှက်ဖြာနေတဲ့လက်ပံပင်ကြီးက တုတ်ခိုင်မြင့်မားပြီး တပင်ထဲ ထီးတည်းကြီးပေါက်နေတယ်။ ရိုးမတောင် တန်းတွေဘက်ကတိုက်ခတ်လာတဲ့ လေအဝှေ့မှာကြွေကျလာတဲ့လက်ပံပွင့်တွေက ပြန့်ပြူးတဲ့မြေပြင်ပေါ် ရဲရဲ နီတဲ့ ကမ္ဗလာကော်ဇောခင်းထားသလိုကို ဖြစ်နေတော့တာ။
သစ်ပင်သစ်ကိုင်းပေါ်မှာ အဖူး၊ အပွင့်တွေ အပြိုင်အဆိုင်နဲ့ရဲရဲနီ ရဲရဲ တောက် ပွင့်လန်းနေတဲ့ လက်ပံပင်မှာ သစ်ရွက်ဆိုလို့ တရွက်တလေတောင် မမြင်တွေ့ရတော့ဘူး။
လက်ပံတွေ မပွင့်ခင် သစ်ရွက်အို၊ သစ်ရွက်ဟောင်း ရော်ရွက်ဝါတွေက ကြွေကျ မြေခ ပေးရရှာတာပါပဲ။
လက်ပံပင်ရဲ့ သစ်ကိုင်းတွေပေါ် ရှုပ်ယှက်ခတ်နေတဲ့ သစ်ရွက်စိမ်းစိမ်းတွေကို သဘာဝတရားက ခြွေချပစ်လိုက်ပုံရတယ်။
လက်ပံတွေ အစွမ်းကုန်ဖူးပွင့်ပါစေတော့။
ဆောင်းခိုငှက်တွေရှိသလို ပူလောင်မှုတွေကို တိမ်းရှောင်လာတဲ့ နွေခို ငှက်တွေလည်း မိုင်ထောင်ချီ ပျံသန်းလာရင်း လက်ပံပင်တွေပေါ် ရောက်ရှိလာပုံရပါတယ်။
လက်ပံပင်ထက်မှာ ပျံသန်းရောက်ရှိလာတဲ့ ငှက်တွေကလည်း ပိုးကောင်၊မွှားကောင်လေးတွေကို နှုတ်သီးချွန်ချွန်ကလေးတွေနဲ့ ထိုးဆွ စားနေကြတယ်။ လက်ပံပွင့်တွေရဲ့ အကြိုအကြားတွေမှာ ကပ်တွယ်နေတဲ့ ပိုးကောင်လေးတွေကို နှုတ်သီး ချွန်ချွန်လေးတွေနဲ့ ထိုးဆွ ရှာဖွေစားနေတော့ လက်ပံပွင့်တွေကို ခြွေချသလိုဖြစ်နေတယ်။
လက်ပံပင်ပေါ် ဇရက်ကျတယ်ဆိုတဲ့အတိုင်း ငှက်တွေရဲ့အစာလုမြည်ကျူးသံတွေနဲ့ ညံနေတော့တယ်။
လက်ပံပင်ရဲ့ အနီးဝန်းကျင်မှာ ငှက်ငယ်လေးတွေရဲ့ အစာလုမြည်ကျူးသံတွေက တဖြုတ်ဖြုတ် ကျွေကျလာတဲ့ လက်ပံပွင့်တွေနဲ့အပြိုင် ပျံ့နှံ့နေပါတော့တယ်။
ငွားငွားစွင့်စွင့်ဖူးပွင့်နေတဲ့လက်ပံတွေ ပင်လုံးဝေတာကြည့်ပြီး ကြည်နူးနေမိတယ်။ကြည်နူးချမ်းမြေ့မှုတွေက တာရှည်မှ ခံပါ့မလား။
အစိုးမရတဲ့ စိတ်တွေအတွက် စိုးရိမ်လို့၊နောင်တချိန်မှာ လက်ပံပင်တွေကို မြင်တွေ့ရပါတော့မလား။ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ပေါက်နေတဲ့ သစ်ပင်တွေတောင် အာမခံချက်မရှိတဲ့အခြေအနေတွေဆိုတော့။လက်ပံတွေ တတောလုံးဝေပြီး တပင်လုံး မွှေးပါစေလို့ဘဲ ဆုတောင်းနေမိတယ်။
လူတိုင်းဆိုးယုတ်တဲ့စိတ်တွေ မရှိကြပါစေနဲ့။
ခေတ်ကာလကြီးက ဆုတောင်းစရာမလိုတဲ့ အခြေအနေမှာရှိနေရင်တော့ သိပ်ကောင်းတာပေါ့။
ခေတ်ကာလကြီးက ကိုယ့် သူမယုံ၊ သူ့ ကိုယ်မယုံနဲ့ အေးချမ်းမှုတွေ တဖြည်းဖြည်း ဆိတ်သုဉ်းလာနေတဲ့အခြေအနေမှာ အုပ်ချုပ်သူ လူ တန်းစားကောင်းတဲ့ခေတ်ကောင်းကို လိုအပ်နေတယ်။
နွေကာလက ခြောက်သွေ့ပူလောင်မှုတွေ ကဲလာတယ်။
နွေကာလက ချွေးသိပ်စရာ အေးရိပ်ဆာယာတွေကို လိုအပ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။
တနွဲ့နွဲ့တိုက်ခတ်လာတဲ့လေပြည်လေညင်းတွေတာမရှိရင် နွေကာလက ပိုပြီး ပူလောင်ခြောက်သွေ့နေတော့မယ်။
ဆိုလိုတာက သစ်ရိပ်ဝါးရိပ်တွေ ထူထူထဲထဲရှိနေစေချင်တာပါပဲ။
သစ်ပင်၊ သစ်တောတွေကို ညို့ညို့ဆိုင်းဆိုင်းနဲ့ ရှိနေစေချင်တာပါပဲ။
နွေကာလရောက်ပြီဆိုရင် လက်ပံပင်တွေပေါ် ရဲရဲနီ၊ ရဲရဲတောက်နေတဲ့ လက်ပံပွင့်တွေကို မြင်တွေ့ချင် မိတာပါပဲ။
ငယ်ငယ်တုန်းကလို လက်ပံပွင့်တွေကို ကြိုးနဲ့သီ၊ လည်ပင်းမှာ ဆွဲပြီး သွားရင် ရူးနေတယ်လို့ထင်ကြမှာပါပဲ။ ဘယ်သူ ဘာထင်ထင်။
အပေါ်ယံ အမြင်ဆိုတာ အမြဲတမ်း မမှန်ဘူးဆိုတာ သိနေမှပဲ။
နေချိုသွေး
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar