Breaking News

စိတ်ဆင်းရဲစရာ နေ့စဥ် သတင်း အကြောင်းအရာတွေ၊ ကလေးမြို့ အစပ်ကို ရောက်လာတဲ့ တိုက်ပွဲ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၇ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄

စိတ်ဆင်းရဲစရာ နေ့စဥ် သတင်း အကြောင်းအရာတွေ၊ ကလေးမြို့ အစပ်ကို ရောက်လာတဲ့ တိုက်ပွဲ 

နေ့စဥ် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖတ်ကြည့်တဲ့အခါ စိတ်ချမ်းသာစရာ သတင်းက ၁၀ ပုဒ်မှာ ၁ ပုဒ်ပင် မတွေ့ရပါ။  စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ဘယ်နှစ်သိန်း၊ ဘယ်နှစ်သန်း ရှိလာသည့် သတင်း၊ စစ်အာဏာသိမ်း ၃ နှစ်တာအတွင်း အရပ်သား သေဆုံးမှုအရေအတွက်၊ အမျိုးသမီး သေဆုံးမှုအရေအတွက်၊ ကလေးငယ် သေဆုံးမှု အရေအတွက် ဘယ်လောက် ရှိလာပြီဆိုသည့် သတင်းမျိုး၊ ဘယ်မြို့ ဘယ်ရွာတွေမှာတော့ စစ်ကြောင်းထိုးလို့ နေအိမ် အရေအတွက်မည်မျှ မီးရှို့ခံရသည့် သတင်း၊ မြို့တွေနဲ့ ပတ်သက်သည့် သတင်းဆိုပါက မြို့သိမ်းယူဖို့ တိုက်ပွဲဖြစ်ပွားနေသည့်ဘယ်မြို့တွင် ဈေးမီးလောင်သည့် သတင်း စသည့် နေအိမ် မြို့ရွာပျက်စီးဆုံးရှုံးရသည့် အရေအတွက်များကို ဖော်ပြသည့် သတင်းများနေ့စဥ် တွေ့ရလေ့ရှိပြီး စစ်ကြောင်းထိုးနေခြင်း မြို့အနီး ရွာအနီး တိုက်ပွဲဖြစ်ပွားနေခြင်း တိုက်ပွဲဖြစ်ပွားမည့် အရိပ်အယောင်ကြောင့် မြို့၊ ကျေးရွာမှ လူ ထောင်ဂဏန်း၊ သောင်းဂဏန်း နှင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် သတင်းများက နေ့စဥ်သတင်း ခေါင်းစဥ်တွေရဲ့ နေရာကို ပုံမှန်ယူထား ကြသည်။ အဆိုပါ သတင်းတွေအပြင် စစ်ကောင်စီ စခန်းသိမ်းယူသည့် သတင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဘယ်၍ ဘယ်မျှကို ချေမှုန်းနိုင်ခဲ့သည် ဆိုသည့်သတင်း၊ လက်နက်မည်ရွေ့မည်မျှ သိမ်းယူရရှိသည့် သတင်းတွေက နေ့စဥ်တွေ့နေရသည့် သတင်းများဖြစ်သည်။ 

နေ့စဥ် သတင်းတွေမှာ ပါနေကျ နောက်ထပ် အကြောင်းအရာတခုကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါမှမဟုတ် လက်နက်ကြီး ကျရောက်တာကြောင့် နေအိမ်မှာ၊ စာသင်ကျောင်းမှာ၊ ဘုန်းကြီကျောင်းတို့မှာ အရပ်သား ဘယ်နှယောက်သေဆုံးပြီး ဘယ်နှယောက်ဒဏ်ရာရသည်ဆိုသည့် သတင်းများဖြစ်သည်။ တဦး ၂ ဦးသေဆုံးသည့် သတင်းမျိုးက သိပ်စိတ်ဝင်စားစရာ မကောင်းဟု ဆိုရလောက်အောင် နေ့စဥ်ဖြစ်ပျက်နေသည့် အဖြစ်အပျက်များဖြစ်သည်။ အသက်သေဆုံးမှုမရှိဘဲ ဒဏ်ရာရသည့် အဖြစ်အပျက်ဆိုလျင် သတင်းမဖြစ်ဟု ဆိုနိုင်သည်။ သတင်းထဲပါသည့် အဖြစ်အပျက်များမှာ အသက်သေဆုံးသည့် ဖြစ်ရပ်များသာ ဖြစ်သည်။ 

အသက်ဆုံးရှုံး ဒဏ်ရာရသည့် သတင်းများ အပြင် အခြားအကြောင်းအရာများမှာ လက်နက်ကိုင် တိုက်ပွဲများနှင် ဆက်နွယ်လျှက် စီးပွားရေး ကျဆင်းသည့် သတင်းများ၊ ကုန်စျေးနှုန်းမြင့်တက်သည့် သတင်းများ၊ ရိက္ခာ၊ လောင်စာ၊ ဆေးဝါး ပြတ်လပ်နေသည့် သတင်းများ ဖြစ်သည်။ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်လာရာက ဆက်သွယ်ထားသည့် လမ်းများပိတ်နေပြီး ကုန်စျေးနှုန်းမြင့်တက်သည့် သတင်းတွေ၊ ဆန်စျေးနှုန်း လောင်စာဆီစျေးနှုန်း မတန်တဆမြင့်တက်နေသည့် သတင်းများဖြစ်သည်။ 

သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှင်းဆဲမှု၊ အကျဥ်းချခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ လက်စားချေဖျက်ဆီး မီးရှို့ခြင်းများနှင့် စီးပွားရေး ကျဆင်းခြင်းများ တိုင်းပြည်မှ ထွက်ခွာခြင်းများ လက်စားချေ သတ်ဖြတ်ခြင်းများ နှင့် ကြီးလေးသည့်၊ သတ်သတ်မှတ်မှတ်ပမာဏ မရှိသည့် အခွန်အကောက်များနှင့် ဆက်လက် အသက်ရှင်သန်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည့် အနေအထားက နေ့စဥ် ဖတ်ရှု ကြားသိနေရသည့် သတင်းအကြောင်းအရာများ ဖြစ်နေသည်။ 

၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ အစပိုင်းတွင် ယမန်နှစ်တွေက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွေ ဖျက်ဆီးခံရမှုတွေ သတ်ဖြတ်မှုတွေထက်၊  အဆိုပါ နှစ်တွေက ဖြစ်ပျက်မှုတွေထက် ပိုဆိုးရွားသော၊ ပိုပြင်းထန်သော ဖြစ်ရပ်တွေ ပိုမိုဖြစ်ပွားလာနေသည်။ အချို့သောဒေသများတွင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေက စစ်ကောင်စီတပ်တွေနှင့် အင်အားညီမျှလု နီးနီး အနေအထား ရောက်ရှိလာသလို၊ အချို့ဒေသတွေမှာ အင်အားအားဖြင့် အသာစီး၊ စိတ်ဓါတ်အားဖြင့် အသာစီးရလာသည့် အနေအထားမျိုးလည်း တွေ့လာနေရသည်။ 

ခုနောက်ဆုံး မြို့အနီးတိုက်ပွဲနီးကပ်လာသည့် မြို့ကြီးတမြို့မှာ ကလေးမြို့ဖြစ်သည်။ စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်ထိစပ်ရာ ချင်းတောင်ခြေရှိသည့် မြို့ဖြစ်ပြီး ချင်းတောင်တန်း အလယ်ပိုင်းနှင့် အထက်ပိုင်းတပိုင်းလုံးက ကလေးမြို့ကတဆင့် ပြည်မနှင့် ကုန်စည်ရောင်းဝယ် ကြသည့်မြို့၊ အိန္ဒိယ-မြန်မာကုန်သွယ်ရေး ၏ အချက်အချာမြို့တမြို့ တောင်ဘက်တွင် ဂန့်ဂေါမြို့နှင့်ကားလမ်းအားဖြင့် ဆက်စပ်နေသည့် မြို့တမြို့ဖြစ်သည်။ စစ်ကိုင်းတိုင်းဟုဆိုသော်လည်း ချင်းတောင်ပေါ်မှ မြေပြန့်သို့ ပြောင်းရွှေ့အခြေချလာသည့် ချင်းလူမျိုးအများအပြား နေထိုင်ကြသည့် မြို့ဖြစ်သည်။ ပြောရလျင် ကလေးမြို့သည် ချင်းတောင် အဝင်ဝမြို့ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ဒကစ ဟုခေါ်ဆိုသည့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ထားရှိသည့် မြို့တမြို့ဖြစ်သည်။ လက်အောက်ခံ တပ်ရင်း ၄ ရင်းဖြင့်ဖွဲ့စည်းထားသည့် စကခ ဌာနချုပ်ရှိသည့် ကလေးမြို့မှာ ယခုနှစ် ဆန်းပိုင်းအထိ တိုက်ခိုက်မှုများ မြို့အနီးသို့ရောက်ရှိမလာခဲ့သေးပါ။ မြို့တောင်ဘက် ဂန့်ဂေါကားလမ်း၊ နတ်ချောင်းစသည့် ကျေးရွာတွေမှာတော့ PDF နှင့် စစ်ကောင်စီတပ်၊ စစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့တို့ မကြာခဏ တိုက်ခိုက်မှုတွေဖြစ်ပွားလေ့ရှိသည်ကို သတင်းတွေမှာ တွေ့ကြရမည်ဖြစ်သော်လည်း မြို့အနီးထိ တိုက်ပွဲများ ရောက်ရှိမလာခဲ့ပေ။ ခုရက်ပိုင်းအတွင်း ချင်း PDF အဖွဲ့များက ချင်းတောင်တက်သည့် ကလေး-သိုင်းငင်း ကားလမ်းအစ ခိုင်ကမ်းမြို့ အနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ခုရက်ပိုင်းမှာတော့ ထိစပ်နေတဲ့ ကလေးတက္ကသိုလ် အထိ တိုက်ပွဲရောက်ရှိလာကာ ကလေးတက္ကသိုလ်ဝင်းအတွင်းက ပညာရေးဝန်ထမ်းတွေ ကို တိုက်ပွဲတွေအကြားက အသက်အန္တရာယ်မကျရောက်အောင် ကယ်ထုတ်ကြရတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ကလေးမြို့နဲ့ ၉ မိုင်ခန့်ကွာဝေးတဲ့ ခိုင်ကမ်းမြို့ဟာ ကလေးတက္ကသိုလ်နှင့် ဆက်စပ်နေတဲ့နယ်မြေ အနေအထားရှိသည့်မြို့ဖြစ်သည်။ ကလေးမြို့ဟာ စစ်အာဏာသိမ်းပြီးနောက်လအနည်းငယ်အတွင်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှု စတင်ခဲ့သည့် အစောဆုံးမြို့တွေထဲက တမြို့ဖြစ်သည်။ မင်းတပ်မြို့နှင့် ကလေးမြို့တို့တွင် လက်လုပ်တူးမီးသေနတ်များ အသုံးပြုပြီး စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်ခဲ့ ကြသလို ကလေးမြို့ မြောက်ဘက် တာဟန်းမြို့မှာ လမ်းတွေပိတ်ဆို့ပြီး စစ်ကောင်စီတပ် မဝင်နိုင်အောင် ခုခံခဲ့ကြတဲ့ အဖြစ်အပျက်တွေ ၂၀၂၁ခုနှစ် အစောပိုင်းမှာဖြစ်ပျက်ခဲ့သည်။ အဲဒီနောက်ပိုင်းမှာတော့ ကလေးမြို့မှာ တိုက်ပွဲဖြစ်ပွားတာ နည်းပါးသွားခဲ့ပြီး ချင်းတောင်တန်းတွေနဲ့ ကလေးမြို့ တောင်ဘက် ဂန့်ဂေါကားလမ်းတလျှောက်က ကျေးရွာများတွင်သာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

၃ နှစ်နီးပါးကြာပြီးနောက်တွင် ချင်းတောင်တန်းပေါ်က ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းလာပြီး ချင်းတောင်နဲ့ ထိစပ်နေတဲ့ ကလေးမြို့ရဲ့ မြောက်ဘက်အစပ်တွင် ယခုလို တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ ဒကစ ဌာနချုပ်ရှိပြီး လေယာဥ်ကွင်းလည်း ရှိသည့် ကလေးမြို့ကို ချင်းပီဒီအက်ဖ်တွေနှင့် ကလေးဒေသက ပီဒီအက်ဖ်တွေ ဘယ်လောက်ထိ တိုက်ခိုက်ဖို့ မျှော်မှန်းထားသလဲ၊ သိမ်းယူဖို့အထိ ရည်မှန်းချက်ရှိသလား ဆိုသည့်အချက်က လောလောဆယ်မှာ ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးသည့် အနေအထားလည်း ဖြစ်သည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar