Breaking News

ထရန့်နဲ့ သူရဲ့ ကိုကိုများ

ထရန့်နဲ့ သူရဲ့ ကိုကိုများ

နိုင်ငံတကာသာဂိ၊ (မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄


လွန်ခဲ့တဲ့ တပတ်က နယူးယောက်တရားရုံးကနေ သမ္မတလောင်းဖြစ်ချင်သူ ထရန့်ကို စီးပွားရေးစာရင်းလိမ်လို့ ဒေါ်လာ သန်း ၃၆၀ ကျော် ဒဏ်ချတယ်။ နယူးယောက်ပြည်နယ်အတွင်း စီးပွားရေးလာမှတ်ပုံမတင်ရလို့ ကန့်သတ်တယ် ကြားတယ်။ သူ့နောက်လိုက်တွေက Go Fund Me ထောင်ပြီး ထရန့်အတွက် ရန်ပုံငွေ ရှာပေးကြတယ်။ ဒါတင်လားဆိုတော့ မဟုတ်ဘူး၊ ထရန့်ကိုယ်တိုင်က ရွှေရောင်ဆေးသုတ်ထားတဲ့ sneaker ဘွတ်ဖိနပ် ထွက်ရောင်းတယ်။ တရံကို ၃၅၀ ဆိုလားပဲ။ စီးပွားရေးမျက်စိက ပြူးနေတော့ သူ ဘာဖြစ်ဖြစ် စျေးထွက်ရောင်းပြီး စီးပွားရှား အမြတ်ထုတ်၊ နိုင်ငံရေးလည်း အမြတ်ထုတ်တတ်တဲ့ ထရန့်နဲ့ သူ၏ ကိုကိုတွေ မမတွေကတော့ စံပဲ လို့ ပြောရမလိုပါပဲ။

တလောက ထရန့်က ယူကရိန်းစစ်မှာ ဝင်မကူနိုင်ဘူး၊ ရုရှားက ဝင်တိုက်လည်း တိုက်ပါစေဆိုပြီး ရုရှားအာဏာရှင် ပူတင်ကို မျက်စိပစ်တဲ့ မဲဆွယ်မိန့်ခွန်းပြောလိုက်တယ်။ အမေရိကန်ပြည်ကြီးနဲ့ ဥရောပတိုက်နဲ့  ယူကရိန်းပြည်သူတွေ တုန်သွားပေမယ့် ထရန့်၏ ကိုကို မမတွေက ဩဘာပေးကြတယ်။ မှန်ပါတယ်ပေါ့။ ကမ္ဘာလှည့်ပြီး လက်ဖြန့်ပြီး တောင်းနေတဲ့ ယူကရိန်းစစ်ပွဲကို သူတို့က ဘာမှ မပေးချင်ဘူးလို့ ပြောချင်တဲ့သဘောပဲ။ နောက်တပတ်လည်းကျရော ပူတင်က သူ ထောင်ချထားတဲ့ အတိုက်အခံခေါင်းဆောင်ကို ထောင်ထဲမှာ သတ်လိုက်တယ် (လို့ ဆိုပါတယ်)။ ကမ္ဘာကြီး တုန်သွားတယ်။ ထရန့်တို့က လုံး၀ မတုန်လှုပ်ဘူး။ ပူတင့်ကို မျက်စောင်းတောင် ထိုးမကြည့်ဘူး။ စံပါပဲပေါ့။

ထရန့်ကို တောက်လျှောက် ထောက်ခံ မြှောက်ပင့်ပေးတဲ့ လက်ယာစွန်းမီဒီယာက FOX News ဖြစ်ပါတယ်။ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲကို အသရေဖျက်ပြီး ထရန့်ဘက်က သံယောင်လိုက် မဲစာရင်းတွေ လုပ်ကြံတယ်ပြောတာ တရားစွဲခံရလို့ ဒေါ်လာသန်းချီ လျော်ခဲ့ရပါတယ်။ သူ့ဆီက သတင်းထောက် Tucker ကို အလုပ်ဖြုတ်လိုက်တယ်။ Tucker က အခြားလက်ယာစွန်း မီဒီယာတွေမှာ အလုပ်ကောင်းရပြီး ပန်းပန်လျက်ပဲ။ Tucker ကလည်း ရုရှားသွားလည်ပြီး ပူတင်နဲ့ အင်တာဗျုးလုပ်ပြီး မြန်မာပြည်က မိုးဟိန်းလို ဖားအင်တာဗျုူး ဘောမအင်တာဗျုးလုပ်ပြီး အမေရိကားမှာ ရုရှားကောင်းကြောင်း ရုပ်သံလွှင့်လိုက်လို့ အခြားမီဒီယာတွေနဲ့ သတင်းစာဆရာတွေက ဝိုင်းဆဲကြ ပြစ်တင်ဝေဖန်ကြပါတယ်။ မနိုင်စိန်တွေပါပဲ။

အမေရိကန်နဲ့ သူတို့ကမ္ဘာကြီး ဘာတွေ ဖြစ်ကုန်ကြပြီလဲလို့ အောချရမလို ဖြစ်နေပါပြီ။ ကလစ်တွေ ဟစ်တွေရဖို့ ၊ကြော်ငြာရဖို့ ၊ လူပြိန်းတွေကြိုက်ဖို့ ၊ ဘယ်သူသေသေ ငတေတွေမာနေရင်ပြီးရောဆိုတဲ့ လူ့ဂုဏ်သိက္ခာ လူ့သီလကို မစောင့်တဲ့ လူတွေ ကြီးစိုးပြီး ဖွတ်မိကျောင်းဖြစ်နေတဲ့ ကမ္ဘာကြီး၊ ဇော်မဲလုံးတို့ မအလတို့ တမိုးလုံး ဖြောက်ဆိတ်ကမ္ဘာကြီး၊ ထရန့် ပူတင်နဲ့ အာဏာရှင်တွေ မီးတောက်တဲ့ ခေတ်ကြီးလားလို့ စိတ်ပျက်ချင်စရာပါ။ 

သည်တော့ သူတို့တွေကြောင့် ကိုယ့်သဘောထား ကိုယ့်အာဘော်ကို ရေငုံနှုတ်ပိတ်မနေဘဲ ကိုယ့်ဘက်ကလဲ ကိုယ့်အမြင်နဲ့ သဘောထားတွေ အသံတွေ ဆက်ထုတ်ဖော်နေရမှာ ဖြစ်ပါတယ်။ အသံတွေထဲမှာ ဆူညံသံတွေချည်း ပွက်ထနေတာကြောင့် ကိုယ့်သီချင်း ကိုယ့်သတင်း မသီဆို မပြောဆိုဘဲ ရပ်ဆိုင်းလိုက်ရင် တဖက်အစွန်းရောက်တွေကို အရှုံးပေးရာ ရောက်တော့မှာပေါ့။

သည်တော့ ရွာစားရေ … သတင်းထဲက မျက်စိစပါးမွှေး စူးမိတာလည်း ပြောချထားခဲ့ရမှာပဲ။ 

ထရန့်တောင် ဖိနပ်ရောင်းပြီး ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေတာ သူ့ဖိနပ်လေးက ချစ်စရာလေးဆိုပြီး မျက်စိလွှဲမနေနိုင်ပေါင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar