စစ်ဘေးရှောင်ရခြင်း၊ မီးလောင် ပျက်စီးဆုံးရှုံးခြင်းနဲ့ အသက်ဆုံးရှုံးကြရတဲ့ ဘဝတွေ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၀ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄
စစ်ဘေးရှောင်ရခြင်း၊ မီးလောင် ပျက်စီးဆုံးရှုံးခြင်းနဲ့ အသက်ဆုံးရှုံးကြရတဲ့ ဘဝတွေ
တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ မြို့တွေ သိမ်းယူဖို့ တိုက်ခိုက်ကြတဲ့ ထိုးစစ်အတွင်း ထိခိုက်သေဆုံးမှုတွေ၊ တဖန် တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ မြို့ကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတာ၊ ပစ်ခတ်မှုတွေကြောင့် မြို့တွေမှာ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ စောင့်ရှောက်ဖို့ ကျန်ရစ်ခဲ့သူတွေ ထိခိုက်သေဆုံးကြရတဲ့ အဖြစ်တွေ၊ မြို့တွေမှာရှိတဲ့ စျေးတွေ မီးလောင်ပျက်စီးတာ နေအိမ်တွေ မီးလောင်ပျက်စီးတာတွေက ထူးခြားတဲ့ သတင်းလို့ မမှတ်ယူကြတော့လောက်တဲ့အထိ ဖြစ်ပျက်နေကျ အဖြစ်အပျက်ဖြစ်လာနေတာပါ။ လူ့သက်တမ်း တခုအတွင်း တကြိမ်မက ကြုံတွေ့ဖို့ ခက်ခဲတဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားတဲ့ ပြည်တွင်းစစ်လိုမျိုးကို ကြုံနေကြရတဲ့ အနေအထားမျိုးမှာ မြန်မာနိုင်ငံက ရောက်ရှိနေတာပါ။
၂၀၂၁ ခုနှစ်စက်တင်ဘာလက အစောဆုံး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့ရဲ့ ပျက်စီးဆုံးရှုံးမှုက တနိုင်ငံလုံးက ကြားသိရသူတွေ အဖို့ စိတ်ထိခိုက်ခဲ့ကြရတာ ဖြစ်ပြီး အခု ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေမှာတော့ ထန်တလန်မြို့လို ပျက်စီးရတဲ့ မြို့တွေ အများအပြားရှိလာနေတာပါ။ ရှမ်းမြောက်က သိန္နီ၊ မိုးမိတ်၊ ကရင်နီပြည်မြို့တော် လွိုင်ကော်၊ စစ်ကိုင်းတိုင်းမှာ ထီးချိုင့်၊ ရခိုင်ပြည်နယ်မှာ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့တွေဟာ တစတစနဲ့ ထန်တလန်မြို့လို ကံကြမ္မာမျိုး ကြုံကြရတဲ့ အနေအထားဖြစ်လာနေပြီ ဖြစ်ပါတယ်။
အရပ်သားတွေ အနေနဲ့ မြို့တွေ ကျေးရွာတွေမှာ ဖြစ်ပွားတဲ့ စစ်ပွဲအကြားမှာ ထိခိုက်ပြီး အသက်ဆုံးရှုံးကြရတာရှိသလို၊ အသက်အန္တရာယ် မထိခိုက်သည့်တိုင် အဝတ်တထည် ကိုယ်တခုနဲ့ ဘာပစ္စည်းမှ မသယ်ယူနိုင်ဘဲ မြို့တွေ ရွာတွေကို စွန့်ပြီးစစ်ဘေး ရှောင်တိမ်းရတဲ့အခါ၊ ရိက္ခာ၊ အဝတ်အစား၊ စောင် အစရှိတဲ့ ပစ္စည်းတွေက မရှိမဖြစ် လိုအပ်ချက် ဖြစ်လာပါတယ်။ တနိုင်ငံလုံး စစ်ဘေးရှောင်တွေချည်းမို့ ဘယ်သူကမှ ဘယ်သူ့ကို ရက်ကြာရှည် အကူအညီပေးနိုင်တဲ့ အနေအထားမရှိကြတော့ပါဘူး။ ဒေသတခုမှာသာ တိုက်ပွဲဖြစ်ပွားပြီး မြို့တွေက စစ်ဘေးရှောင် ခိုလှုံလို့ရတဲ့အနေအထား စီးပွားရေးလုပ်ငန်းဆောင်တာ ပုံမှန်ရှိနေတဲ့ အနေအထားမျိုးမှာ အချင်းချင်း အကူအညီပေးနိုင်ကြပေမယ့် အခုလို အခြေအနေမျိုးမှာ ကျေးရွာနေ လူထုလည်း စစ်ဘေးရှောင်ကြရသလို မြို့နေလူထုလည်း စစ်ဘေးရှောင်နေကြရတာမို့ မိမိတို့ စားဝတ်နေရေးက မိမိတို့ဘာသာ ဖြေရှင်းကြရတာမျိုးဖြစ်ပါတယ်။ မြို့တွေမှာ အုပ်ချုပ်ရေး အကူအညီပေးရေးထက် အုပ်ချုပ်ရေးက တပိုင်းတစသာရှိတော့တဲ့ အခြေအနေမျိုးတွေဖြစ်ပြီး ဒုက္ခသည်ကူညီရေး ကို ဘယ်ဘက်ကမှ ဖိဖိစီးစီး လုပ်နိုင်တဲ့အနေအထားမျိုး မရှိတာ တွေ့ရမှာပါ။
မြို့နဲ့ ကျေးရွာတွေကနေ စစ်ပွဲလွတ်ရာ နေရာတွေမှာ ရက်သီတင်းပတ်ချီ တိမ်းရှောင်ရတဲ့အခါ အအေးဒဏ် နဲ့ အမိုးအကာမရှိတဲ့ တောထဲတောင်ထဲ နေရတဲ့ ဒုက္ခတွေကလည်း အသက်သေဆုံးသွားသူတွေကမှ တော်သေးတယ်လို့ တွေးတောမိလောက်တဲ့ အထိ ခက်ခဲလွန်းတဲ့ အခြေအနေမှာ နေထိုင်ရှင်သန်ကြရတာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်တွေ ပုံရိပ်တွေက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နဲ့ ကရင်ပြည်နယ်တို့လိုမှာ အနှံ့အပြား တွေ့နေရပြီဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်၊ စစ်အာရှင်စစ်တပ်ကို အပြီးတိုင် ဖယ်ရှားရေး အတွက် ဒီလိုအခြေအနေတွေက ရှောင်လွှဲမရဘူးလို့ အချို့က ပြောဆိုကြမှာ ဖြစ်ပေမယ့် စစ်ပွဲတွေရဲ့ အကျိုးဆက်၊ လူထုရဲ့ ခံနိုင်ရည်၊ အောင်ပွဲအတွက် ကြံ့ကြံ့ခံကြဖို့ အကန့်အသတ်က ဘယ်တော့ရောက်မလဲ၊ ဆုံးရှုံးမှု ပြာပုံထဲက ပြန်ရုန်းထဖို့ အချိန်၊ နေရာ စမှတ်ကဘယ်နေရာမှာလဲ ဆိုတာတွေက ဘယ်သူမှ မမှန်းဆနိုင် မခန့်မှန်းနိုင်ကြတဲ့ အခြေအနေလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
အခုရက်ပိုင်း သတင်းတွေအထဲက အဖြစ်အပျက်တခုကတော့ ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းဒေသ PNLA တပ်တွေသိမ်းယူထားတဲ့ ဆီဆိုင်မြို့ကို ပစ္စည်းပြန်ယူကြတဲ့ ကားတန်းတိုက်ခိုက်ခံရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ဇန်နဝါရီလ နောက်ဆုံးပတ်ကတည်းက ဆီဆိုင်မြို့နဲ့ မြို့နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်လာသူတွေက စစ်ဘေးရှောင်ပြီး ၂၃ ရက်အကြာမှာ နေအိမ်က ရိက္ခာ၊ ပိုင်ဆိုင်မှု ပစ္စည်းအချို့ယူဖို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ နံနက်စောစောမှာ လူစုပြီး ဆီဆိုင်မြို့ကို ဦးတည်သွားရောက်ကြရာမှာ အဲဒီကားတန်းက မြို့မရောက်မီ ၁ မိုင်ခန့်အလိုမှာ ဒရော့ပ်ဗုံးကျပြီး အရပ်သား ၇ ဦး နေရာမှာတင် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်က စိတ်ထိခိုက်စရာ အဖြစ်အပျက်တခုဖြစ်ပါတယ်။ ပွဲချင်းပြီး သေဆုံးသူတွေအပြင် ဆယ်ဂဏန်းကျော်တဲ့သူတွေ ဒဏ်ရာရခဲ့ကြကာ အဲဒီအထဲက အချို့က ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားလို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖတ်ရှုရပါတယ်။
ဖော်ပြတဲ့ သတင်းအောက်က ကွန်မင့်တွေမှာ ရေးသားထားချက်အရဆို အဲဒီရက်မတိုင်ခင်က ဆီဆိုင်မြို့ခံတွေကို ၁၉ ရက်နေ့ တရက် ပစ္စည်းပြန်သယ်ခွင့်ပေးတယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပေါ်က ရေးသားမှုတွေ ပေါ်ထွက်ခဲ့ပြီးနောက် အခုလို အချင်းချင်းတိုင်ပင် လူစုကာ ပစ္စည်းပြန်ယူဖို့ သွားကြတာလို့လည်း နားလည်ရပါတယ်။ တိုက်ပွဲတွေ ဘယ်လို ဖြစ်ပွားလာမလဲ၊ ဘယ်လောက်ကြာမလဲ ဆိုတာ ဘယ်သူမှ မမှန်းဆနိုင်ကြတာမို့လို့ မြို့တွေနဲ့ တိုက်ပွဲနီးကပ်လာချိန် ဒါမှမဟုတ် မြို့တွေက ထွက်ခွာကြဖို့ နှိုးဆော်ချိန်မှာ လူ့အသက်ထက် ဘာမှ အရေးမကြီးဘူးလို့ ယူဆပြီး ငွေကြေး၊ မှတ်ပုံတင်၊ စာရွက်စာတမ်းလိုမျိုးတွေသာ သယ်ယူပြီး အမြန်ဆုံး တိမ်းရှောင်ခဲ့ကြရတာကြောင့် အဝတ်အစား၊ စားသောက်ဖို့ ရိက္ခာ၊ မိမိတို့ နေအိမ်၊ စျေးဆိုင်၊ စိုက်ပျိုးမွေးမြူထားတဲ့ ရိက္ခာ တိရိစ္ဆာန် စတာတွေကို ပြန်ယူချင် ပြန်ကြည့်ချင်ကြတဲ့ လူထုကိုလည်း အပြစ်တင်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ မြို့ကို စုပြီးပြန်ကြမလား၊ သေရင်လည်း သေ မြို့က ကိုယ့်အိမ်မှာ ကိုယ်နေရာမှာပဲ အသေခံမယ်ဆိုတဲ့ ခံစားချက်မျိုး၊ ဆုံးဖြတ်ချက်မျိုးတွေ စစ်ဘေးရှောင်တွေရဲ့ စိတ်ထဲ ခံစားနေကြရတာ ဆိုရှယ်မီဒီယာမှာ ဖတ်မိတဲ့အခါ ကိုယ်ချင်းစာနာတဲ့ ခံစားချက်မျိုး ခံစားရပါတယ်။
အချို့သော ဒေသတွေမှာ တရွာက တရွာ၊ တမြို့က တမြို့စစ်ဘေးရှောင်ကြရတဲ့ အခါ လူမျိုးစုမတူကွဲပြားတာ၊ ကိုးကွယ်ရာဘာသာ ကွဲပြားတာတွေ အပေါ်အကြောင်းပြုပြီး ကြိုဆိုတဲ့ အနေအထားမျိုးမကြုံကြရပဲ မလိုလားတဲ့ တုံ့ပြန်မှုတွေနဲ့ ကြုံကြရတာမျိုးလည်း ရှိနေတဲ့ ဖြစ်ရပ်တွေ ရှိနေတာပါ။ မကြာသေးတဲ့ လပိုင်းတုန်းက မိုးဗြဲမြို့နယ်ထဲကနေ ပင်လောင်းဘက်ကို စစ်ဘေးရှောင်ရတဲ့ မိသားစုတစုက ပြောပြရာမှာ ပင်လောင်းဘက်က ဒေသခံတွေ အနေနဲ့ မိုးဗြဲဘက်က စစ်ဘေးရှောင်တွေကို လိုလိုလားလား မရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ကြရတယ်လို့ ပြောပြဖူးပါတယ်။ လူမျိုးစုတွေမတူကြတဲ့အချက်၊ ကိုးကွယ်ရာ ဘာသာမတူကြတဲ့အချက်နဲ့ စစ်ပွဲတွေ ဖြစ်ပွားလာရတဲ့ အကြောင်းရင်းကို အချို့သော လူမျိုးစုတွေကြောင့်လို့ ထင်မြင်ယူဆကြတဲ့ အပေါ် အခြေခံပြီး အခုလို မလိုလားကြတဲ့ သဘောလို့ အဲဒီစစ်ဘေးရှောင်သူက ပြောပြခဲ့ပါတယ်။
စစ်ပွဲတွေ၊ လူမျိုးစုတူအချင်းချင်းထဲမှာတောင် နိုင်ငံရေးအရ လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်နေကြတဲ့ လူမျိုးစုတွေ ရှိပြီး တဖက်နဲ့ တဖက် ရန်ဘက်ဖြစ်နေတဲ့ အခြေအနေတွေက ဒီနေ့ မျက်မှောက်ခေတ်ရဲ့ မြေပြင်ပကတိ အခြေအနေလည်း ဖြစ်နေတာပါ။ ပအိုဝ်းဒေသမှာ PNO နဲ့ PNLO တို့ရဲ့ နိုင်ငံရေး၊ စစ်ရေး ဆန့်ကျင်ဖက်ဖြစ်မှုဟာ လူမှုအသိုင်းအဝိုင်းထဲထိ နက်ရှိုင်းစွာထိုးဖောက်တည်ရှိနေတာမျိုး ဖြစ်ပါတယ်။
အခု တိုက်ပွဲတွေဟာ စစ်အာဏာရှင် စနစ်ဖယ်ရှားရေး တိုက်ဖျက်ရေးရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် ပြည်သူလူထုတွေ အနေနဲ့ သည်းခံပြီး ကျော်ဖြတ်ကြရမယ်၊ အားလုံးအောင်မြင်ရေးအတွက် စည်းလုံးညီညွတ်ကြရမယ်လို့ နှိုးဆော်မှုတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ နှိုးဆော်မှု၊ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့အတူ တပြိုင်နက်တည်းမှာ လက်တွေ့အခြေအနေမှာ ဖြစ်ပျက်နေတာတွေကိုလည်း ပကတိ အရှိတရားအတိုင်း ရှုမြင်အကဲဖြတ်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဆန္ဒနဲ့ လက်တွေ့ ဖြစ်ပျက်နေတာတွေဟာ ဘယ်လောက် ကိုက်ညီနေသလဲ ဆိုတာအကဲဖြတ်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ် ရည်မှန်းချက် ပန်းတိုင်က အားလုံးအတွက် တခုထည်းသော ပန်းတိုင်ဖြစ်တယ်ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်သဘောတူထား ကြဖို့လည်း အရေးကြီးလှပါတယ်။ အဲလိုမဟုတ်ခဲ့ရင်တော့ လက်ရှိ ခံစားရတဲ့ စစ်ပွဲရဲ့ ဒုက္ခတွေ၊ ဆုံးရှုံးမှုတွေ၊ နာကျင်မှု၊ သေဆုံး ပျက်စီးမှုတွေက ဘာအတွက် ပေးဆပ်လိုက်ရတာလဲ ဆိုတဲ့ သံသယ မယုံကြည်မှုတွေ ဝင်ရောက်လာနိုင်တယ်ဆိုတာလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar