Breaking News

ရခိုင်ပြည်နယ်ကနေ စစ်ကောင်စီရဲ့ ဆုတ်ခွာနေရတဲ့ အနေအထား၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကချင်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၇ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄


ရခိုင်ပြည်နယ်ကနေ စစ်ကောင်စီရဲ့ ဆုတ်ခွာနေရတဲ့ အနေအထား၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကချင်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ

လက်နက် လူအင်အား ကြီးထွားလာနေတဲ့ AA လက်နက်ကိုင် အဖွဲ့ နဲ့ စစ်ကောင်စီတပ်အကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး ၃ လ ကျော်အကြာမှာတော့ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်ရဲ့ စစ်မျက်နှာတွေမှာ အရှုံးကို စကားလုံးလှလှနဲ့ သုံးကြတဲ့ အသုံးအနှုန်းနဲ့ဆို “ခွာစစ်” နဲ့ လက်နက်ချတာ၊ တဖက်နိုင်ငံထဲ ထွက်ပြေးပြီး အစိုးရချင်း ဆက်သွယ်ကာ ပြန်ပို့ခံရတာတွေ ဖြစ်ပွားနေပြီး၊ ခုရက်ပိုင်းနောက်ဆုံး သတင်းတွေမှာ စစ်ကောင်စီတပ်တွေက ရခိုင်မြောက်ပိုင်းကနေ ဆုတ်ခွာလာတဲ့  လမ်းကြောင်းပေါ်က တံတားတွေ ဖျက်ဆီးတာ၊ ခုခံစစ်အတွက် ဗျူဟာအရအသာစီးရမယ့် နေရာတွေမှာ အင်အားပြန်စုစည်းတာ အရင်ဖြန့်ကြက်ထားတဲ့ အချို့သောနေရာတွေကို လက်လွှတ်ပြီး အင်အားစုစည်းတာတွေ လုပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရခိုင်တောင်ပိုင်းကို ဆက်လက်ထိန်းချုပ်ထားဖို့ ဘယ်နေရာကနေ ခုခံမလဲ၊ ပြည်နယ်မြို့တော် စစ်တွေကို ဘယ်လို ခုခံကာကွယ်မလဲ ဆိုတာတွေက စစ်ကောင်စီအဖို့ လတ်တလော အလောတကြီး ဆုံးဖြတ်ရွေးချယ်ရမယ့် ကိစ္စရပ်တွေ ဖြစ်လာနေပါပြီ။ 

စစ်ကောင်စီတပ်တွေ အနေနဲ့ မကြာခင် အချိန်အထိ အသာစီးရတဲ့ ရေတပ်ရဲ့ အကူအညီတွေကလည်း အခု နောက်ဆုံး တကျော့ပြန်စစ်ပွဲ ဖြစ်ပွားလာချိန်မှာ မြေပြင်တပ်တွေကို မကယ်နိုင်တော့ဘဲ ရေကြောင်းက ဆုတ်ခွာလာတဲ့ ကျောက်တော်တပ်ရင်း တပ်စခန်းတွေက လက်နက်ကိုင်အဖွဲ့ဝင်နဲ့ ၄င်းတို့ရဲ့ မိသားစုတွေကိုတောင်အကာအကွယ် မပေးနိုင်ခဲ့တဲ့ အဖြစ်တွေက သာဓကအနေနဲ့ ထင်ရှားစွာတွေ့နေရပါတယ်။ 

တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရှိတဲ့ ကျောက်ဖြူလိုနေရာမျိုးကိုတောင် စစ်ကောင်စီအနေနဲ့ ဆက်လက် ထိန်းချုပ်ထားနိုင်ဖို့ မသေချာတဲ့ အနေအထားလည်း ဖြစ်နေပြီး၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စတဲ့ ရခိုင်ပြည်နယ် တောင်ဘက်အဆုံး နေရာဒေသတွေအထိ AA က သိမ်းယူဖို့ ရည်မှန်းထားတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်ကို ဘယ်အစိတ်အပိုင်း ဆက်လက်ထိန်းချုပ်ထားနိုင်မလဲဆိုတာ အာမမခံနိုင်တဲ့ အနေအထားမျိုး ရောက်နေပြီဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ အမ်းမြို့နယ်ကိုလည်း AA အနေနဲ့ အဝေးကြီး မဟုတ်တဲ့ အနေအထား လက်လှမ်းမီတဲ့ အနေအထားရှိနေတဲ့သဘောဖြစ်ပြီး ဒုတိယ ရှမ်းမြောက် အဖြစ်မျိုး ကြုံရနိုင်တဲ့ အနေအထား ရောက်နေပြီလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ 

ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီတပ်တွေ တခုပြီးတခု ဆုတ်ခွာ၊ လက်နက်ချတာတွေ ဖြစ်ပွားနေချိန် မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ PDF လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒေသအလိုက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတာတွေ၊ တချို့နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းလို့ဆိုတဲ့ တရွာဝင်တရွာထွက် လုယူ၊ ဖျက်ဆီး၊ သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။

မကွေးတိုင်း မြောက်ပိုင်း ဂန့်ဂေါမြို့နယ်ထဲက မြောက်ခင်ရန်းရွာတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းတွေက ဝင်ရောက်ခဲ့ပြီး ကျေးရွာက အမျိုးသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ သင်တောရွာမှာ အရပ်သား ၇ ဦးထက်မနည်း သတ်ဖြတ်ခံရပြီး အဲဒီကျေးရွာတွေနဲ့ ထိစပ်နေတဲ့ ရွှေဘိုရွာမှာ ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြောင်းသတင်းတွေထဲ ပါရှိပါတယ်။ 

ကလေးမြို့နဲ့  ဂန့်ဂေါမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေအနီးက မြောက်ခင်ရန်းရွာနဲ့ ဆက်စပ်နေတဲ့ အခြားရွာတွေမှာ PDF ကို ထောက်ခံတဲ့ ကျေးရွာ၊ ပျူစောထီး ဖွဲ့စည်းထားပြီး စစ်ကောင်စီကို ထောက်ခံတဲ့ ကျေးရွာစသဖြင့် ကွဲပြားနေကြတာ ယခင် နှစ်တွေကတည်းက ဖြစ်ပြီး စစ်အာဏာသိမ်းပြီး အစောဆုံးကာလတွေမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နှမ်းခါးရွာကလည်း အဲဒီဒေသက ကျေးရွာတရွာဖြစ်ပါတယ်။ ဒီဒေသမှာ NUG လက်အောက်ကမဟုတ်ဘဲ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ LPDF တွေရှိသလို၊ NUG လက်အောက်က ပကဖ လိုလက်နက်ကိုင် အဖွဲ့တွေလည်း ရှိကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရှိတဲ့ ဒေသမဟုတ်ပဲ အနောက်ဖက် နယ်နိမိတ်ထိစပ်နေတဲ့ ဒေသဖြစ်တဲ့ ချင်းပြည်နယ်ဘက်မှာတော့ ချင်းပြည်နယ်က ဒေသအလိုက် PDF အဖွဲ့တွေ ရှိကြတဲ့ ဒေသဖြစ်ပါတယ်။ 

နောက်ထပ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ ဒေသတခုက မြန်မာနိုင်ငံ မြောက်ပိုင်း မံစီမြို့နယ်ထဲက အချို့သောဒေသတွေမှာ စစ်ကောင်စီ စခန်းတွေကို KIA က တိုက်ခိုက်နေတဲ့ သတင်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စီခမ်းကြီး စခန်းကို KIA တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်နေတယ်လို့ သတင်းထဲ ဖော်ပြထားတာ တွေ့ရပါတယ်။ နမ့်ခမ်းမြို့နယ်နဲ့ ထိစပ်နေတဲ့ မံစီမြို့နယ်ထဲမှာ စစ်ကောင်စီက ၂၀၂၁ ခုနှစ်မတိုင်ခင်ကတည်းက KIA နဲ့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက သိမ်းယူထားတဲ့ နယ်မြေတွေထဲက တချို့ကို KIA က ပြန်လည်ရယူဖို့ တိုက်ခိုက်နေတဲ့ အနေအထားလို့ ကောက်ချက်ချရပါတယ်။ 

နမ့်ခမ်းမြို့နဲ့ မန်ဝိန်းကြီးတို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးတွေ အတွင်း တိုက်ခိုက်သိမ်းယူထားပြီး အဆိုပါ ဒေသတွေနဲ့ ထိစပ်နေတဲ့ မံစီမြို့နယ်ထဲက နယ်မြေတွေကို KIA က သိမ်းယူဖို့ ကြိုးစားနေတာလို့ ကောက်ချက်ချရပါတယ်။ 

ကချင်ပြည်နယ်ရဲ့ ဒေသအချို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် ကရင်ပြည်နယ်မှာတော့ နိုဝင်ဘာလကတည်းက KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ဖို့ တိုက်ခိုက်နေတဲ့ ကော့ကရိတ်မြို့ သိမ်းတိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းတွေထဲ ဖော်ပြထားကြတာဖြစ်ပါတယ်။ 

၃ လကြာ တိုက်ခိုက်နေတဲ့ မြို့သိမ်းတိုက်ပွဲအတွင်း မြို့ခံတွေ သေဆုံးမှု ဆယ်ဂဏန်းနဲ့ ရှိနေတာဖြစ်ပြီး နေအိမ်တွေ ရပ်ကွက်တွေ မီးလောင်ဆုံးရှုံးမှုတွေ ကြိုကြားကြိုကြား ဖြစ်ပွားနေရာမှာ အခုအချိန်ထိ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ ကော့ကရိတ်မြို့ဟာ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ် ကုန်သွယ်ရေးမြို့ မြဝတီနဲ့ ကရင်ပြည်နယ် မြို့တော် ဘားအံအကြား တည်ရှိတဲ့ မြို့တမြို့ဖြစ်ပြီး အိန္ဒု၊-မြဝတီ လမ်းမပေါ် က မြဝတီ-ကော့ကရိတ် အာရှလမ်းရဲ့ အစလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar