Breaking News

ဇာနည် - ""ကြက်ပြေး..""

Image- Credit

""ကြက်ပြေး..""
ဇာနည်
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄

ကျုပ်ကလဲ စာရေးဆရာကြီးသော်တာဆွေနဲ့တရပ်ထဲသားဆိုတော့.. ဆရာကြီးသော်တာဆွေပြောခဲ့ဖူးတာတွေအမှတ်ရနေမိတယ်...
ဆရာကြီးသော်တာဆွေဟာ သူ့ဘဝတလျှောက်လုံး ကြက်တိုက်တဲ့အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်..သူရေးတဲ့ "ကျနော့်ဘဝဇတ်ကြောင်း" ဆိုတဲ့ "ရူမဝမဂ္ဂဇင်း" မှာ လပေါင်းများစွာအခန်းဆက်ရေးခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ထဲက အခန်းတော်တော်များများမှာ သူရဲ့ကြက်တိုက်တဲ့အတွေ့အကြုံတွေကိုရေးခဲ့ဖူးတယ်..သီးခြားစာအုပ်တခုအဖြစ်နဲ့လဲ "ကြက်ဋီကာ" ဆိုတဲ့စာအုပ်ရေးခဲ့ဖူးတယ်..
ဒီနေ့ ဒီအချိန်မှာ ကျုပ်အမှတ်ရနေမိတာက တခြားတော့မဟုတ်ပါဘူး.. ဆရာကြီးသော်တာဆွေပြောခဲ့ဖူးတဲ့ "ကြက်ပြေး" အကြောင်းပါ..

ခွပ်လက်ချတဲ့တိုက်ကြက်တကောင်ဟာ ကြက်ဝိုင်းထဲမှာ ပြိုင်ဘက်ကို ယှဉ်မခွပ်နိုင်လို့ကြောက်ပြီးပြေးရင် အဲ့ဒီကြက်ကို "ကြက်ပြေး" လို့ခေါ်တယ်..
ဆရာကြီးသော်တာဆွေက"ခွပ်ဝိုင်းထဲက ထွက်ပြေးခဲ့ဖူးတဲ့ ကြက်ကဟာ ဘယ်တော့မှသုံးစားလို့မရတော့ဘူး..တခါထဲ ဟင်းအိုးထဲသာပို့လိုက်ပေတော့..နောက်တခါ ခွပ်လက်ချရင်လဲ.. စကတည်းက တဖက်ကြက်ပေါင်ကြားထဲကို ခေါင်းထိုးပေးတတ်ပြီး..တဖက်က တချက် နှစ်ချက်လောက်ပင့်ခွပ်လိုက်တာနဲ့ 'ကတော် ကတော်' အော်ပြီး ထွက်ပြေးတော့တာပဲ.." တဲ့..
မြန်မာရာဇဝင်မှာ ပုဂံပြည်ပျက်ခဲ့ရတဲ့"နရသီဟပတေ့မင်း" ကို "တရုတ်ပြေးမင်း" လို့ ကမ္ဗည်းတင်ခဲ့ကြတယ်..
အခုတော့ မြန်မာဝေါဟာရမှာ"တရုတ်ပြေးမင်း" သာမက.."ကုလားပြေးမင်း" လို့ပါပြောရတော့ပါမယ် ..
စိတ်ဓာတ်ပျက်ပြား (Morale down) နေတဲ့ မြန်မာစစ်တပ်ဟာ..တရုတ်လဲပြေး..ကုလားလဲပြေး..ထစ်ကနဲဆို တွေ့ကရာ  မဲမဲမြင်ရာပြေးပေါက်ဘဲချောင်းနေတဲ့ "ကြက်ပြေးတပ်"ဖြစ်နေပါပြီ..

မြန်မာစစ်အုပ်စု စစ်တပ်ခေါင်းဆောင်တွေဟာ..သူတို့အာဏာတည်မြဲဖို့ ဒီစစ်တပ်ကိုဘဲအားကိုးနေရပြီး..ဒီ စစ်တပ်ဟာလဲ ပြည်သူလူထုတရပ်လုံးရဲ့ "ရွံရှာမုန်တီးမူ့" ကိုခံစားနေတဲ့ဖက်ဆစ်စစ်တပ်ဖြစ်နေပြီး..နောက်ထပ်တပ်သားသစ်စုဆောင်းဖို့မရနိုင်တော့တဲ့အခြေအနေဆိုက်ရောက်နေပြီမို့..ဒီ "တရုတ်ပြေး","ကုလားပြေး" တပ်ဖွ့ဲတွေကိုပဲပြန်ခေါ်ပြီး.. စစ်ပြန်တိုက်ခိုင်းနေရတဲ့.. ဒင်းတို့အာဏာဆက်လက်တည်တံဖို့အသည်းအသန်လုံးပမ်းနေကြရတဲ့အချိန်ဖြစ်ပါတယ်..

သို့သော်လဲ...စစ်ပွဲထဲကထွက်ပြေးခဲ့ဖူးတဲ့ စစ်သားဆိုတာ..ဆရာကြီးသော်တာဆွေပြောခဲ့ဘူးတဲ့ "ကြက်ပြေး" တွေပါပဲ..နောက်တခါ စစ်တိုက်ခိုင်းလဲ..ပွဲစတာနဲ့ တဖက်ကြက်ကို ခေါင်းထိုးပေး (လံဖြူထောင် လက် နက်ချ..) တဲ့..တဖက်ကြက်က တချက်နှစ်ချက်ပင့်ခွပ်လိုက်တာနဲ့ "ကတော် ကတော်" အော်ပြီးထွက်းပြေးတဲ့ တရုတ်ပြေး,ကုလားပြေး.. ခြံစည်းရိုးခြင်း ထိစပ်နေတဲ့ အိမ်နီးချင်းနယ်မြေမှန်သမျှကို ထွက်ပြေးမဲ့ "ကြက်ပြေးတပ်" တွေပဲဖြစ်မှာမလွဲပေါ့ခင်ဗျား။

ဇာနည်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar