Breaking News

မောင်မောင်မြင့် - "ပြည်ထောင်တွေ တကယ်စုမှ၊ တကယ့် ပြည်ထောင်စု"


Image - Credit

"ပြည်ထောင်တွေ တကယ်စုမှ၊ 
တကယ့် ပြည်ထောင်စု"
မောင်မောင်မြင့် ရေးသည်
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄

ပြည်ထောင်စုနေ့ဆိုတာဟာ ဒီနေ့ခေတ် မြန်မာနိုင်ငံသား အားလုံးနီးပါး ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့ကြတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရရဲ့ တပါတီအာဏာ ရှင်ခေတ်တလျှောက်မှာဆိုရင် ပြည်ထောင်စုအလံကို တိုင်းနဲ့ ပြည်နယ်တွေအနှံ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအားဖြင့် သယ်ဆောင်ပြီး၊ ညအိပ်ရပ်နားရာ မြို့တိုင်းမှာ ပွဲလမ်းသဘင်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိခဲ့တာကြောင့် ဒီနေ့ဟာ လူတိုင်းရဲ့ စိတ်ထဲမှာ မှတ်မှတ်ထင်ထင် စွဲကျန်ရစ်ခဲ့ပါတယ်။
ပြည်ထောင်စုနေ့နဲ့အတူ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” နဲ့ “ပင်လုံစာချုပ်” ဆိုတဲ့ စကားရပ်တွေကိုလည်း အမြဲတမ်း ကြားရလေ့ရှိပါတယ်။ ပြည်ထောင်စုနေ့ဆိုတာဟာ အင်္ဂလိပ်ကိုလိုနီအဖြစ် မနေလိုကြတော့တဲ့ တိုင်းရင်းသားတွေက တောင်တန်းနဲ့ ပြည်မ အတူတကွ လွတ်လပ်ရေး ယူကြမယ်ဆိုတဲ့ ကတိကဝတ်ကို ပင်လုံမြို့မှာ အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတဲ့နေ့ ဖြစ်လို့ စည်းလုံးညီညွတ်မှုရဲ့  ပြယုဂ်တခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပင်လုံစာချုပ်ကို အခြေခံကာ လွတ်လပ်ရေးရယူလိုက်ပြီး နောက်မှာတော့ မြန်မာနိုင်ငံမှာ စည်းလုံးညီညွတ်ရေးပျက်ပြားလာခဲ့ပြီး ပင်လုံစာချုပ်ရဲ့ အနှစ်သာရကလည်း လျော့ပါးလာခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် နှစ်ရှည် ပြည်တွင်းစစ်ပွဲကြီး စတင် ဖြစ်ပွားခဲ့ပါတယ်။ ဆင့်ပွားအကျိုးဆက်အနေနဲ့ ပင်လုံစာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးရပ်တန့်သွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်အတွက် အစိုးရက လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေကို ခွဲထွက်ရေးသမားတွေအဖြစ် ပုံဖော်ခဲ့သလို၊ တိုင်းရင်းသားတွေကလည်း အစိုးရကို လူမျိုးကြီးဝါဒ ကျင့်သုံးတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒီခေတ်ဟာ ဒီမိုကရေစီခေတ် ဖြစ်တဲ့အလျောက် နိုင်ငံရေးနည်းလမ်းတွေအားဖြင့် တောင်းဆိုညှိနှိုင်းနိုင်ခွင့်တွေ ရှိခဲ့ပါတယ်။
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကချင်း၊ ချင်းနဲ့ ရှမ်းလူမျိုးတွေသာမက ကရင်၊ ကယား၊ မွန်နဲ့ ရခိုင်လူမျိုးတွေ ပါဝင်တက်ရောက်ခဲ့ကြတဲ့ "ပြည်နယ်ပေါင်းစုံညီလာခံ" တရပ်ကို ၁၉၆၁ ဇွန်လမှာ ကျင်းပခဲ့ပြီး တောင်းဆိုချက် ၅ ရပ်ကို ချမှတ်တောင်းဆိုခဲ့ပါတယ်။ အဲဒါတွေကတော့ ~

(၁) ပြည်မကို ပြည်နယ်တနယ်အဖြစ် ဖွဲ့စည်းရေး
(၂) လွှတ်တော် ၂ ရပ်ကို အာဏာတူပေးရေး
(၃) လူမျိုးစုလွှတ်တော်မှာ ပြည်နယ်တိုင်းရဲ့ ကိုယ်စားပြု ကိုယ်စားလှယ်ဦးရေ ညီမျှစေရေး
(၄) ပြည်နယ်တွေကနေ ပြည်ထောင်စုဗဟိုအစိုးရထံ မိမိတို့ဆန္ဒအလျောက် လွှဲအပ်ထားတဲ့ အာဏာတွေကလွဲလို့ ကျန်အာဏာများကို ပြည်နယ်တွေထံ ပေးအပ်ရေး
(၅) ပြည်နယ်တိုင်းမှာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်တဲ့ သီးခြား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေပြုလွှတ်တော်၊ အစိုးရနဲ့ တရားရုံးများ ထားရှိရေး ~ စတာတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီညီလာခံရဲ့ အကျိုးဆက်အဖြစ် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့နဲ့ မတ်လ ၁ ရက်နေ့များမှာ "ဖက်ဒရယ် နှီးနှောဖလှယ်ပွဲ" ကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၆ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီနှီးနှောဖလှယ်ပွဲ မပြီးစီးခင် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ဒီအခါမှာတော့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ရာမှာ အခြေခံအဖြစ် ယုံကြည်ထားခဲ့ကြတဲ့ "ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေး" တွေဟာလည်း ဒီအာဏာသိမ်းမှုနဲ့အတူ ရေစုန်မျောသွားခဲ့ရပါတယ်။

စစ်တပ်က ဦးစီးပြီး ၁၉၇၄ ခုနှစ်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပါတီအာဏာရှင်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအမည်ခံ အမျိုးသားနိုင်ငံတော် ထူထောင်ရေးကို ဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ခဲ့တာကြောင့် ပင်လုံစာချုပ်ပါ "ပြည်ထောင်စုအခြေခံမူ" ကို လုံးဝဥဿုံ ဥပေက္ခာပြုရာရောက်ခဲ့ပါတယ်။ တော်လှန်ရေးကောင်စီခေတ်ကစလို့ စစ်အစိုးရခေတ်အဆက်ဆက်မှာ “ဖက်ဒရယ်” ဆိုတဲ့ ဝေါဟာရကို ပြည်ဖျက်စနစ်တခုလို ပုံဖျက်ပြီး ဝါဒဖြန့်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း စစ်အာဏာရှင်စနစ်ကို အခြေခံပြီး ပြည်ထောင်စုအမည်ခံ အမျိုးသားနိုင်ငံတော် ထူထောင်ရေးကို ဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသာ ဖြစ်ခဲ့ပါတယ်။ လက်တွေ့မှာလည်း ပြည်တွင်းစစ်ပြဿနာနဲ့ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုတဲ့ ကိစ္စတွေကို အမျိုးသားတန်းတူညီမျှရေးမူ၊ ပြည်ထောင်စုမူတွေနဲ့ ချဉ်းကပ်ဖြေရှင်းတာမျိုး မရှိခဲ့ဘဲ စစ်ပဒေသရာဇ်ဆန်ဆန် သွေးခွဲပြီး အခွင့်အရေးပေးတဲ့ နည်းမျိုးတွေနဲ့သာ ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။

ပင်လုံစာချုပ်ကို အခြေခံတဲ့ ပြည်ထောင်စုစစ်စစ်မူဟာ စစ်အစိုးရခေတ်တလျှောက် နှစ်ပေါင်း ၆ဝ ကျော်လောက် လမ်းပျောက်ခဲ့ရာကနေ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလမှာ ပြန်လည်ဆန်းသစ်လာတာ တွေ့ရပါတယ်။ တော်လှန်ရေးအရှိန်ရလာတာနဲ့အမျှ နယ်မြေပိုင်စိုးမှုတွေပါ တိုး တက်ပြီး ရရှိလာတာကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ဆိုင်ရာ ယုံကြည်မှုတွေ ပိုပြီး ရှိလာကြတာကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ မြင်ရတဲ့ ထူးခြားချက်တခုကတော့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးရဲ့ ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းနိုင်ရေး ဖြစ်ပြီး၊ ပြည်ထောင်စုကနေ ခွဲထွက်မယ်လို့ မပြောကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလအတွင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ဖက်ဒရယ်ပဋိညာဉ်ကိုလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက အနာဂတ်ပြည်ထောင်စုရဲ့  ရည်မှန်းချက်အဖြစ် လက်ခံထားကြခြင်းပဲ ဖြစ်ပါတယ်။ ထူးခြားချက် နောက်တခုကတော့ တော်လှန်ရေးကာလအတွင်းမှာ ဗမာအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအင်အားစု အချင်းချင်းအကြား နားလည်မှုတွေ ပိုမိုရရှိလာကြခြင်း ဖြစ်ပါတယ်။ ဒီလို ဖြစ်ရခြင်းဟာ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုကနေ လက်နက်ကိုင်လှုပ်ရှားမှုထဲကို ဝင်ရောက်လာကြသူ ဗမာတိုင်းရင်းသားအများစုပါဝင်ကြတဲ့ PDF တပ် သားတွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက စစ်သင်တန်းပေးခဲ့ခြင်း၊ စကစတပ်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ PDF တပ်သားတွေက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးနေခြင်း၊ တိုင်းရင်းသားနယ်မြေပြင်ပမှာ စစ်ရေးလှုပ်ရှားတဲ့အခါ တိုင်း ရင်းသားစစ်အရာရှိများက ဦးဆောင်မှုပေးနေခြင်း စတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေးဆင်နွဲနေဆဲ ကာလဖြစ်လို့ တော်လှန်ရေးအပြီးမှာ ပေါ်လာမယ့် နိုင်ငံရေးအခင်းအကျင်းကို ကြိုတင်ခန့်မှန်းဖို့ ခက်ပါတယ်။ တော်လှန်ရေးအပြီးမှာ စစ်မှန်တဲ့ ပြည်ထောင်စုတရပ် ပေါ်ထွန်းလာလိမ့်မယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းနိုင်ပေမယ့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့.ပြည်ထောင်စုလား၊ ကွန်ဖက်ဒရိတ်စနစ်ကို အခြေခံတဲ့ ပြည် ထောင်စုလား ဆိုတာကို ခန့်မှန်းလို့ မရသေးသလိုဘဲ၊ ပြည်ထောင်စုထဲကနေ ခွဲထွက်လိုတဲ့ ပြည်နယ်တွေ ရှိမယ်-မရှိဘူး ဆိုတာကိုလည်း ခန့်မှန်းလို့ မရသေးပါဘူး။ သို့သော် လက်ရှိ ကမ္ဘာနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေကို လေ့လာကြည့်မယ်ဆိုရင်တော့ အနာဂတ် ပြည် ထောင်စုရဲ့ အသွင်သဏ္ဍာန်ကို ပိုမိုနီးစပ်စွာ ခန့်မှန်းနိုင်ပါလိမ့်မယ်။

ဖက်ဒရယ်စနစ်နဲ့ ကွန်ဖက်ဒရိတ်စနစ်တွေကြားမှာ ရှိတဲ့ အဓိကတူညီချက်ကတော့ ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) နဲ့ ပြည်နယ်အစိုးရတွေမှာ သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေပြုလွှတ်တော်၊ အစိုးရနဲ့ တရားရုံးများ ရှိကြခြင်း ဖြစ်ပါတယ်။ ဒီစနစ် ၂ ခု အကြား အဓိက ကွာခြားချက်ကတော့ ~ ဖက်ဒရယ်စနစ်မှာ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ ပြည်နယ်အစိုးရတွေထက် ပိုပြီးမြင့်မားပြီး၊ ကွန်ဖက်ဒရိတ်စနစ်မှာတော့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ ပြည် ထောင်စုအစိုးရထက် ပိုပြီးမြင့်မားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားချက်တခုကတော့ လက်ရှိ ကမ္ဘာ့နိုင်ငံ ၁၉၃ ခုမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတဲ့ ပြည်ထောင်စုနိုင်ငံ ၂၅ ခု (လူဦးရေအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၄၀%) ရှိပေမဲ့၊ ကွန်ဖက်ဒရိတ်စနစ်ကို ကျင့်သုံး‌နေတဲ့ ပြည်ထောင်စုနိုင်ငံ တခုမှ မရှိခြင်းဘဲ ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ရှိခဲ့ဖူးတဲ့ ကွန်ဖက်ဒရိတ်ပြည် ထောင်စုတချို့ကတော့ ဆွဇ်ဇာလန် (၁၂၉၁-၁၈၄၈)၊ အမေရိကန် (၁၇၇၆-၁၇၈၉)၊ နော်ဝေ-ဆွီဒင် (၁၈၁၄-၁၉၀၅)၊ ဂျာမနီ (၁၈၁၅-၁၈၆၆)၊ ဆီနီ-ဂမ်ဘီယာ (၁၉၈၂-၁၉၈၉) နဲ့ ဆားဗီးယား-မွန်တီနီးဂရိုး (၂၀၀၃-၂၀၀၆) တို့ ဖြစ်ကြပါတယ်။ ကွန်ဖက်ဒရိတ်ပြည်ထောင်စုတွေ မတည်မြဲရခြင်းရဲ့ အဓိကအချက်ကတော့ လုပ်ပိုင်ခွင့်အာဏာ အားနည်းတဲ့ ဗဟိုအစိုးရအနေနဲ့ လုပ်ပိုင်ခွင့်အာဏာ ကြီးမားတဲ့ ပြည်နယ်အစိုးရတွေကို စုစည်းထားနိုင်ဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူလို့ ဖြစ်ပါတယ်။ 

ဒါကြောင့် စစ်အာဏာရှင်တော်လှန်ရေးအပြီးမှာ ပေါ်ပေါက်လာမယ့် ပြည်ထောင်စုဟာ ကွန်ဖက်ဒရိတ်စနစ်ကို ကျင့်သုံးတဲ့ ပြည်ထောင်စုမျိုးထက်၊ ပင်လုံစာချုပ်ပါ ရည်မှန်းချက်တွေ ဖြစ်တဲ့ "ဒီမိုကရေစီရေး၊ အမျိုး သားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး" တွေကို အပြည့်အဝ ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စုမျိုးသာ ဖြစ်လိမ့်မယ်လို့ စာရေးသူအနေနဲ့ မျှော်လင့်မိပါတယ်။

မောင်မောင်မြင့်
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar