မိုးမခကဗျာ- " ကျော်ဟုန်း၊ ခက်ဦး "
ကျော်ဟုန်း
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄
အဲ့ဒိ ဖေဖော်ဝါရီ ၁၃ ကြီးကို
ကိုးကွယ်ဆည်းကပ်
ကျေးဇူးအထူးကို သိတတ်သူတွေလည်း ရှိတယ်။
အဲ့ဒိ ဖေဖော်ဝါရီ ၁၃ ကြီးကို
စော်ကားမော်ကား
ကျေးဇူးကန်းသမားတွေလည်း ရှိတယ်။
ကျေးဇူးသိသိ၊ ကန်းကန်း
ဖေဖော်ဝါရီ ၁၃ ကြီးက
ထီးထီးတည်နေမြဲ။
မြန်မာပြည်က
အဲဒိ ဖေဖော်ဝါရီ ၁၃ကြီးဆိုရင်
ဗိုလ်ချုပ်ဆို
အောင်ဆန်းမှန်း
တန်းသိ။
အောင်ဆန်းဆို
လူထုခေါင်းဆောင်မှန်း
တန်းသိ။
နောက်ထပ် ကြီးမြတ်ခြင်းဘွဲ့
လွတ်လပ်ရေးဗိသုကာဆိုတာ
နိုင်ငံတိုင်း မရှိသလို
ရှိတဲ့နိုင်ငံတွေမှာလည်း
တယောက်တည်း။
သမိုင်းက ပေးထားတဲ့
ဂုဏ်ပြုဘွဲ့
ဘယ်သူမှ လုယူလို့ မရ။
ကဲ ...
စော်ကားရဲသူ
မင့်သဘော အတိမ်အနက်အတိုင်းပဲ။
လမင်း ခွေးဟောင်ခန်းပဲကို
ပဲပြုတ်နဲ့ နံပြားစားရင်း
ကြည့် ရယ်မယ်။
24213
-
ဗိုလ် ချုပ် အောင် ဆန်း
ခက်ဦး
လက်ကြမ်းကြီးနဲ့လည်းဖြုတ်မနိုင်
ရှက်ရမ်းပြီးတော့လည်းဖျက်မရ
ကျုပ်တို့နှလုံးသားတွေထဲ
နစ် ဝင် နေ ဆဲ
နီ စွေး မွှေး မြဲ
သွေး ရဲ စာ သား
ဗိုလ် ချုပ် အောင် ဆန်း ။
၁၃ . ၂ . ၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar