Breaking News

ကျော်မင်းထွန်း(NEW YORK) - ဆိုနေဆဲ သီချင်းတပုဒ်

Art by Than Htay Maung
ဆိုနေဆဲ သီချင်းတပုဒ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄

ကဗျာတပုဒ်ကို အသံသွင်း
သီချင်းတပုဒ် ဖန်ဆင်းလိုက်တယ်။

အဲ့ဒီသီချင်းမှာ ဧရာဝတီပါတယ်၊
သံလွင်ပါတယ်၊ ချင်းတွင်းပါတယ်၊
စစ်တောင်းလည်းပါတယ်။

အဲ့ဒီသီချင်းကို
မြောက်ပိုင်း ခါကာဘိုရာဇီမှာဆိုတယ်၊
အလယ်ပိုင်း ပဲခူးရိုးမမှာဆိုတယ်၊
တောင်ပိုင်း တနင်္သာရီမှာလည်းဆိုတယ်။

အဲ့ဒီသီချင်းကို
ဖားစည်သံ တညံညံနဲ့ ကရင်တွေဆိုသလို
နွားနောက်ဦးချိုနဲ့ ချင်းတွေလည်းဆိုတယ်၊
ရခိုင်ရိုးမမှာ ရခိုင်စည်တော်ကြီးနဲ့ဆိုသလို
ရှမ်းရိုးမမှာ ရှမ်းအိုးစည်နဲ့လည်းဆိုသေးတယ်၊
ကချင်မောင်းနဲ့ ကယားဗုံရှည်လည်းပါတာပေါ့။

ငါတို့တီးနေကျ ပတ်မကြီးကိုဖောက်ပြီး
ဒီမိုကရေစီအရေးကို ဆိုခဲ့ကြတာ
ဖက်ဒရယ်အရေးကို ဆိုခဲ့ကြတာ
ပြည်ထောင်တွေ စုထားတဲ့
ပြည်ထောင်စုအရေးကို ဆိုခဲ့ကြတာ။

ချစ်ခြင်းမေတ္တာဟာ ပီယာနိုဆိုရင်
အဲ့ဒီပီယာနိုနဲ့ ဒီသီချင်းနုတ်စ်ကိုတီးထားတယ်
ကတိကဝတ်ဟာ ဘေ့စ်ဂစ်တာဆိုရင်
အဲ့ဒီဂစ်တာနဲ့ သစ္စာတရားကိုဘေ့စ်တီးထားတယ်
အနာဂတ်ရစ်သမ်တွေကို
ပင်လုံစတူဒီယိုထဲ အသံဖမ်းခဲ့ပေမဲ့
ဒရမ်စက်တွေ ဟန်ချက်မညီတော့ဘူး။

ဒဏ္ဍာရီ မပါ
ပါးစပ်ရာဇဝင် မပါ
ငါတို့ ဆိုနေခဲ့တာ
ခန့်ညားစွာ၊ ထည်ဝါစွာ
ပြီးတော့ နာကျင်စွာ
၁၉၄၇ ခုနှစ်ကတည်းက
ရာစုနှစ်ပေါင်းများစွာ
ပင်လုံစာချုပ်မှာ မြစ်ဖျားခံခဲ့ပါတယ်။   ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar