အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၅ )
ညက တညလုံး အိပ်မပျော်။
အိပ်ခါနီး ထုံးစံအတိုင်း စိန်သီးတို အစီအစဉ်ကြည့်မိတယ်။ သတင်းတွေလည်း သိရ၊ ရယ်လည်းရယ်ရ။ အပန်းလည်း ပြေပေါ့။ ဒါပေမဲ့ ရုတ်တရက် အစီအစဉ်က ပုံစံပြောင်းသွားတယ်။ screen (ဖုန်းမျက်နှာပြင်)လှုပ်သွားတယ်။ ကိုစိန်သီးက သူ့ဖုန်းကိုကြည့်ရင်း "ငါတို့ကလေးတွေ ကို ငါတိုကလေးတွေကို" ။ သံကြိုးနဲ့ချည်၊ တရွတ်တိုက်ဆွဲ၊ ဖုန်းထဲက နာနာကျင်ကျင် အော်သံတွေထွက်လာ။ ဟာ ! အရှင်လတ်လတ်မီးရှို့။ ငါတို့ကလေးတွေကို ငါတို့ ကလေးတွေကို။ ကင်မရာဘက်ကို လက်ကာပြရင်း ချက်ချင်းအစီအစဉ်ရပ်ဖို့ ကြေကွဲသံကြီးနဲ့ပြောရင်း ပရိသတ်ကို တောင်းပန်။
ကျနော့်ရင်ထဲ တဒိတ်ဒိတ်ခုန်။ ဘုရား ဘုရား။ ဘာတွေဖြစ်ကုန်ကြပါလိမ့်။
သူငယ်ချင်းတွေဆီက သတင်းရောက်လာ။
ဘူးလက်လှဆွေ လက်အောက်ခံ ထက်ဝေဦး ခေါင်းဆောင်တဲ့ ပျူစောထီးတွေနဲ့ စစ်တပ်က PDF လူငယ်နှစ်ဦးကို သံကြိုးတုပ်ကာ အရှင်လတ်လတ် မီးရှို့သတ်လိုက်ကြတဲ့ ဗီဒီယိုဖိုင် ခေတ်သစ်ဟစ်စတာဂရမ်မှာ တင်ထားတယ်တဲ့။ ရင်နာတယ်။ စစ်ကောင်စီ အသားကို အရှင်လတ်လတ် ဖဲ့စားချင်စိတ် ဖြစ်လာတယ်။
ရင်ထဲပူလွန်းလို့ ရှင်မာဘိဝံသ တရားနာတယ်။ မရဘူး။ ကိုတင်မောင်ဦး ကြိုးပေးခံရတာတွေ၊ ၈၈ မှာ မှာကျောင်းသားတွေ အသတ်ခံရတာတွေ၊ ကိုဂျင်မီနဲ့ ရက်အဆိုတော်လေး ဇေယျာသော် ကြိုးပေးခံရတာတွေ မျက်စိထဲ ပြန်ပြန်ပေါ်လာတယ်။
ကလဲ့စားချေရမှ ကျေနပ်မယ်လို့ ခံစားမိတယ်။ တွေ့သမျှ စစ်ကောင်စီဘက်သားတွေကို ရရာလက်နက်နဲ့ ကလဲ့စားချေချင်တယ်။ ဥပဒေတွေ ၊ ကိုယ်ချင်းစာတရားတွေ၊ လူသားဆန်မှုတွေ မလိုချင်တော့ဘူး။ ငါတို့ ခံစားရတာ ငါတို့ပဲ သိတယ်။ ကုလသမဂ္ဂ၊ အာစီယံလည်း မလိုချင်ဘူး။ တရုတ်လဲ သောက်ဂရုမစိုက်ဘူး။ အမေရိကန်လဲ ဆောရီးပဲ။
ဒါဆို ငါတို့ ဘာလုပ်မလဲ။
ရက်စက်ယုတ်မာသူတွေကို တစ်ယောက်ချင်း အရှင်ဖမ်းပြီး ထိုက်တန်တဲ့ပြစ်ဒဏ် ပေးမယ်။
ပြည်သူဘက် ကူးပြောင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဘဝအာမခံချက်ပေးမယ်။ ပိုမိုပြင်းထန်တဲ့ ထိုးစစ်တွေကို ဆင်နွှဲမယ်။ ပိုအလုပ်လုပ်မယ်။ စဉ်ဆက်မပြတ် အလုပ်လုပ်မယ်။ စိတ်ပါလက်ပါ လုပ်မယ်။ ပိုမိုခိုင်မာတဲ့ ဦးတည်ချက်နဲ့ အလုပ်လုပ်မယ်။
မီးပြင်းတိုက်ခံထားရတဲ့ ငါတို့နှလုံးသားတွေ သံမဏိဓားသွားတွေ ဖြစ်ကုန်ပြီ။
မေတ္တာတရားတော်များ ဟောကြားတော်မူသော ဘုရားသခင်အပေါင်းတို့ကိုတော့ အားနာပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ...
7/2/24