မောင်စွမ်းရည် - နယူးယောက်-မြန်မာ စာပေဟောပြောပွဲ
မောင်စွမ်းရည် - နယူးယောက်-မြန်မာ စာပေဟောပြောပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၄
‘ပီတိ လူကြီးမိဘများ နားနေရန်ဂေဟာ’ တဲ့။ အဲဒီမှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ နေရာရဲ့ အမည်က နည်းနည်းရှည်တော့ သိပ်မမှတ်မိဘူး။ ကျွန်တော်ကတော့ ဗမာပြည်မှာလိုပဲ ‘ဘိုးဘွားရိပ်သာ’လို့ လွယ်လွယ်ခေါ်လိုက်ပါတယ်။ ပီတိ ဘိုးဘွားရိပ်သာ ဖွင့်လိုက်တာ တနှစ် မကြာသေးပါဘူး။ ဘိုးဘွားများးကတော့ အလာနည်းပါသေးတယ်။ ခုလို ဟောပြောပွဲလေးတွေ လုပ်ရင်တော့ လူငယ်တွေပဲ အလာများပါတယ်။ စက်တင်ဘာ ၃ ရက် (၂၀၂၃) ကတော့ ပီတိအဖွဲ့ကပဲ ဦးစီးပြီး စာပေဟောပြောပွဲ လုပ်ပါတယ်။ နယူးယောက်ကနေ သတင်းစာဆရာ ရှမ်းခင်မောင်ကြီး၊ နယူးယောက်နေ ဒေါက်တာတင်ဇော်လွင်၊ ဝါရှင်တန်နေ အောင်စောဦး၊ နယူးယောက်နနေ မောင်စွမ်းရည်တို့ ဟောပြောကြပါတယ်။ နယူးယောက်မှာ စာပေဟောပြောပွဲတွေ ပြတ်လပ်နေတာ ကြာပြီ။ အရင်နှစ်တွေကတော့ ဗမာပြည်က စာရေးဆရာကြီးတွေကို ဖိတ်ကြားပြီး ဟောပြောပွဲ လုပ်ခဲ့ပါတယ်။ ဒီတခါတော့ အဝေးကဆိုလို့ ဝါရှင်တန်က အောင်စောဦး တယောက်ပဲ ပါရှိပါတယ်။
ဟောပြောပွဲကို နေ့လယ် ၁၂ နာရီလောက်က စပါတယ်။ ညနေ ၅ နာရီကျော် ၆ နာရီလောက်မှ ပြီးဆုံးပါတယ်. စားစရာတွေကတော့ အစုံပါပဲ။ ကျနော်တို့ အိမ်ကတော့ ထုံးစံအတိုင်း ကောက်ညှင်းပေါင်း တဗန်း ယူသွားခဲ့ပါတယ်။
မြန်မာစာပေဟောပြောပွဲတွေက နယူးယောက်မှာသာ မဟုတ်။ အမေရိကန် တပြည်လုံးမှာ ပြတ်လပ်နေတာ အတော်ကြာသွားပါပြိ။ ဒီတခါတော့ ဗမာပြည်ကို လှမ်းမဖိတ်ကြားဘဲ ဒေသခံ စာရေးဆရာတွေကိုပဲ ဖိတ်ကြားပြီး ဟောပြောပွဲလုပ်လိုက်တာစည်ကားသိုက်မြိုက်စွာနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါတယ်။ ပွဲအစမှာ မြန်မာအငြိမ့် တပင်တိုင်ကနဲ့ ကချင် တပင်တိုင်အကတို့နဲ့ ဧည့်ခံပါတယ်။ ဟောပြောပွဲ စလျှင်စချင်း သတင်းစာဆရာကြီး ရှမ်းဦးခင်မောင်ကြီးက စတင်ဟောပြောပါတယ်။ သူက အင်းလေးရှမ်းပါ။
ရှမ်းစာရေးဆရာ တင်အေး(ရှမ်းပြည်)နဲ့ သူရ(ရှမ်းပြည်)တို့ရဲ့ စာပေတပည့်ပါ။ ဦးတင်အေးက ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနမှာ ဆရာကြီးမင်းသုဝဏ်နဲ့အတူ အုပ်ချုပ် လုပ်ကိုင်သွားသူ ဖြစ်ပါတယ်။ စာရေးဆရာ ကျော်အောင်၊ မင်းကျော်၊ မင်းမော်၊ တင်မိုး စတဲ့ စာပေသမားတွေ စုဝေးလုပ်ကိုင်ကြတဲ့ ရုံးမှာ အခြေစိုက်ကြတာပါ။ နောက်ထပ် လူလိုတယ် ဆိုတော့ မောင်လင်းယုန်(ရှမ်းပြည်)၊ အင်းလေးမောင်တင်မြိုင် နဲ့ မောင်စွမ်းရည်တို့ လျှောက်လွှာတင်လုိက်ကြပါသေးတယ်။ ဆရာကြီးမင်းသုဝဏ်က ဝမ်းသာအားရ ကြိုဆိုပေမဲ့ ဦးတင်အေးကတော့ စာရေးဆရာတွေ များလွန်းတော့ စုပြီး စကားများနေကြတာနဲ့ အချိန်ကုန်တယ်ဆိုပြီး ငြင်းပယ်လိုက်ပါတယ်။ ရှမ်းခင်မောင်ကြီးကတော့ သတင်းစာဘက်ကို ဝင်သွားခဲ့ပါတယ်။
ဦးခင်မောင်ကြီး ပြောဟောသွားတာက ရန်ကုန် စာနယ်ဇင်းလောကအကြောင်းပဲ ဖြစ်ပေမဲ့ သူ့ဆရာ သူရ(ရှမ်းပြည်)ကတော့ လူထုမန္တလေး၊ လူထုသတင်းစာရဲ့ ပင်တိုင်အယ်ဒီတာကြီးပါ။ လူထုဂျာနယ်နဲ့ လူထုသတင်းစာမှာပဲ တသက်လုံး လုပ်ကိုင်သွားခဲ့ပါတယ်။ ဦးခင်မောင်ကြိးက ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ရင်း ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်လို့ မန်းတက္ကသိုလ်က ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ မုံရွာတင်ရွှေ၊ မောင်သာနိုး၊ တင်မိုး၊ မောင်စွမ်းရည် တို့နဲ့လည်း သိကျွမ်းရင်းနှီးခဲ့ကြပါတယ်။
အခု အမေရိကမှာ ကျနော်နဲ့ ပြန်ပြီး ရေစက်မကုန်၊ ရေစက်ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ သူက ရန်ကုန်သတင်းစာလောကအကြောင်ပဲ ပြောသွားလို့ ကျနော်က မန္တလေး သတင်းစာလောကအကြောင်းကို နောင်နှစ်မှ ဆက်ပြောမယ်။ ဒီနှစ်တော့ စာပေနဲ့ ပေစာအကြောင်းပဲ ပြောပါတော့မယ်လို့ ပရိသတ်ကို ကတိပေးခဲ့ပါတယ်။
ရှမ်းခင်မောင်ကြီးက တနာရီကျော်အောင် ပြောသွားခဲ့ပါတယ်။ သူပြီးတော့ ဒေါက်တာတင်ဇော်လွင်က တံဆိပ်ခေါင်းအကြောင်းကို ပြောပါတယ်။ တံဆိပ်ခေါင်းအကြောင်းက သူ့ကို ဘယ်သူ့ကမှ ဝင်ရောက် စွက်ဖက် မပြောနိုင်ကြပါ။ တကယ် တံဆိပ်ခေါင်းဆိုင်ရာ ပါရဂူဘွဲ့ ပေးသင့်တဲ့ ပုဂ္ဂိုလ်ပါ။ သူ လုပ်နေတဲ့ အလုပ်က စိတ်ရောဂါကုဆရာဝန် အလုပ်ပါ။ သူ ပြောပြီးတော့ ကိုအောင်စောဦးက ပြောပါတယ်။ သူက အတ္ထုပ္ပတ္တိတွေကို သုတေသနပြုသူပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်ကျော်ဇော အတ္ထုပ္ပတ္တိတွေကို အထူးလေ့လာ ရေးသားခဲ့သူပါ။ ခု သူ ပြောသွားတာကလည်း ကြံတောသင်္ချိုင်းထဲက အတ္ထုပ္ပတ္တိတွေ ဖြစ်ပါတယ်။ ဗိုလ်အောင်ကျော်နဲ့ ဆရာဗန်းမော်တင်အောင်တို့ အကြောင်းကို ပြောသွားတာပါ။ သင်္ချိုင်း ဆိုတာ တကယ်တော့ သမိုင်းမှတ်တိုင်တွေရှိတဲ့ နေရာပါ။
ကျွန်တော်က ကြံတောသင်္ချိုင်းမြေကို နေ့စဉ် ဖြတ်သန်းပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကြံတောထဲမှာ ဗိုလ်အောင်ကျော် အုတ်ဂူနဲ့ ယှဉ်လျက် ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ အုတ်ဂူ ရှိပါတယ်။ အဲဒီအနီးမှာ အမျိုးသားပညာဝန် ဦးဖိုးကျား၊ အုတ်ဂူနဲ့ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ အုတ်ဂူလည်း ရှိပါတယ်။ အဲဒီနားမှာ ဝန်ကြီးချုပ်ဦးနု အုတ်ဂူနဲ့ ဗိုလ်နေဝင်းကတော် ဒေါ်ခင်မေသန်းရဲ့ အုတ်ဂူလည်း ရှိပါတယ်။ မလှမ်းမကမ်း အလယ်ဘက်ကို တိုးလိုက်ရင်တော့ ဆရာဇော်ဂျီရဲ့ အုတ်ဂူ ရှိခဲ့ဖူးပါတယ်။ မြောက်ဘက်အစွန်းမှာတော့ ကောလိပ်ဂျင်နေဝင်းရဲ့ အုတ်ဂူနဲ့ ဝင်းဦးရဲ့ အုတ်ဂူ နှစ်ခု ရှိပါတယ်။ ကျွန်တော်က ကြံတောရဲ့ မြောက်ဘက်ကပ်လျက်ရပ်ကွက် ဝဂ္ဂီရပ်ထဲမှာ နေတာဆိုတော့ ပြည်သူချစ်သော အနုပညာရှင်ကြီးများရဲ့ အုတ်ဂူတွေကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဧည့်သည်တွေ လာတိုင်း အုတ်ဂူတွေနဲ့ ဧည့်ခံခဲ့ရတာကို သတိရမိပါတယ်။ ကြံကြံဖန်ဖန် အဲဒီနားမှာ ကဗျာဆရာ တင်မိုးရဲ့ဇနီး မြင့်မြင့်စန်းရဲ့ အုတ်ဂူလည်း ရှိပါတယ်။ မြင့်မြင့်စန်းကို မြေချတော့ မြေတွင်းနှုတ်ခမ်းမှာ သူ့ရဲ့ချစ်ခင်ပွန်းက ထိုင်ပြီးကန်တော့ခဲ့တာကို သတိရမိပါတယ်။ ပါးစပ်ကလည်း ပြောသေးတာ။ ကျေးဇူးရှင်မကြီးရေ သွားနှင့်ပေတော့တဲ့။ ခုတော့ သမိုင်းမှတ်တိုင်တွေ ဖျက်ရာမှာ ဝါသနာပါတဲ့ ဗိုလ်နေဝင်းရဲ့ လက်ချက်နဲ့ ကြံတောကတော့ ဘယ်တောကို ရောက်သွားပြီလဲ မသိတော့ပါ။ အောင်စောဦးက အချိန်ရသမျှ ပြောရတာဆိုတော့ နှစ်ဦးနဲ့ပဲ အဆုံးသတ်လိုက်ရတာပါ။
အောင်စောဦး ပြီးတော့ မောင်စွမ်းရည် အလှည့်ပေါ့။ ဆရာစွမ်းကတော့ ‘စာပေနဲ့ ပေစာ’ အကြောင်းတွေကို ပြောသွားပါတယ်။ မြန်မာလူမျိုး တော်တော်များများက ပေပင်၊ ပေရွက်ကို သေချာမသိ မမြင်ဖူးကြဘူးတဲ့။ ပေစာ ဆိုပေမဲ့ ရှင်ဘုရင်တွေက ပေပင်ဟာ ‘ပေတသီး ကျီးတသား’ ဆိုတဲ့ စကားအရ ပေ တခါသီးပြီး နောက်ထပ် မသီးတော့ဘဲ သေရသူတဲ့။ ဒါကြောင့် ရှင်ဘုရင်တွေ စာချွန်တော်ရေးရင် ထန်းရွက်ပေါ်မှာပဲ ရေးလေ့ရှိသတဲ့။ ထန်းရွက်၊ ပေရွက်ပေါ် ရေးတဲ့ သံချွန်လေးကို ‘ကညစ်’ ခေါ်သတဲ့။ ရှမ်းပြည်၊ မိုင်းကိုင်အရပ်က ထွက်တဲ့ သစ်ခေါက်ကို ထုပြီး အမျှင်ကို စက္ကူလုပ်ထားတဲ့ ပုရပိုက်အကြောင်းလည်း ဆရာစွမ်းက ပြောပါတယ်။
ပုရပိုက်ပေါ် ရေးတဲ့ ကျောက်တံကတော့ ‘ကန့်ကူဆံ’တဲ့။ Tale လို့ ခေါ် တဲ့ ကျောက်တမျိုး ပြောပါတော့။ တယ်လီကန်ပေါင်ဆိုတာ ဒီကျောက်မှုန့်တွေပေါ့တဲ့။ ပေ၊ ပုရပိုက်တွေကို စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုခရိုင်နဲ့ မန္တလေး၊ မြင်းခြံ၊ မုံရွာခရိုင်တွေက ဘုန်းကြီးကျောင်းအိုကြီးတွေမှာ ပေ၊ ပုရပိုက်တွေကို စာတိုက်(ဇဒိုက်) ခေါ် မှန်စီရွှေချ သေတ္တာကြီးတွေနဲ့ တွေ့ရတတ်ကြောင်း ပြောပါတယ်။ ဆရာစွမ်းဟာ စစ်ကိုင်းတိုင်း မြောက်ဆုံးအစွန်က တန့်ဆည် ခေါ် တဇယ်မြို့ကို ကျောင်းဆရာအလုပ်နဲ့ ရောက်သွားတော့ ပေ၊ ပုရပိုက်နဲ့ ရှေးဟောင်းပစ္စည်းတွေကို ဆရာကြီး စုဆောင်းနုိင်ခဲ့သတဲ့။ ကောက်စိုက်သီချင်းနဲ့ ဗုံကြီးသံတွေကိုလည်း အများကြီး စုဆောင်းခဲ့သတဲ့။ စုဆောင်းခဲ့သမျှကို သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ မြန်မာစာကထိက ဦးမောင်မောင်တင်နဲ့ တက္ကသိုလ်စာကြည့်တိုက်က ဦးသော်ကောင်းတို့ထံ စုပြုံပို့ပေးခဲ့သတဲ့။ မြန်မာနိုင်ငံ သုတေသနအသင်းကိုလည်း ပုံမနှိပ်ရသေးတဲ့ ဌာန စာမူတွေ လှူခဲ့သတဲ့။ တချို့ကို ပုံနှိပ်ဖြစ်ပါတယ်။ အသင်းကို ဗိုလ်နေဝင်းက အင်္ဂလိပ်နယ်ချဲ့သမားတွေ တည်ထောင်ခဲ့တဲ့အသင်း ဆိုပြီး ဖျက်သိမ်းသွားလို့ လုပ်ငန်းတွေအားလုံး ရပ်သွားခဲ့ရပါတယ်။
ဆရာစွမ်း စုဆောင်းခဲ့တဲ့ ပေစာတွေကို အခြေပြုပြီး ဆရာ ဒေါက်တာသန်းထွန်းက ‘မြန်မာမင်းများ အမိန့်တော်စာတမ်း” ကို ထုတ်ခဲ့ပါတယ်။
ရှေးစာမူ စုဆောင်းရေးသားမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုတို့အတွက် ဦးသော်ကောင်းနဲ့ ဒေါက်တာသန်းထွန်းတို့ကို ဂျပန်က ဖူကိုအိုကာဆု ချီးမြှင့်ခဲ့ပါတယ်။ ဆုရတော့ ဒေါက်တာသန်းထွန်းက သူ ရငွေထဲက မောင်စွမ်းရည်၊ မင်း စုပေးတဲ့ ပေထုပ်တွေကို အသုံးချပြီး ရေးခဲ့တာမို့ မင်းလည်း ရထိုက်တယ်ဆိုပြီး သူ့ငွေတွေ ခွဲပေးခြ့တယ်။ ဆရာစွမ်းက မယူပါရစေနဲ့လို့ ငြင်းပါတယ်။ ရှေးဟောင်းပစ္စည်း စုဆောင်းခြင်း၊ ရှေးစာပေ စုဆောင်းခြင်း အကြောင်း အလွမ်းပြေမျှသာ စုံလင်စွာ ပြောပြဖို့ မလွယ်လို့ နောင်အခါမှ ဆက်ပြောပါရစေလို့ ပန်ကြားရင်း ညနေ ၅ နာရီကျော်သွားလို့ ဟောပြောပွဲကို နိဂုံးချုပ်ပြီး အားလုံး စုဝေးကာ အမှတ်တရ ဓာတ်ပုံရိုက်ကြပါတယ်။ ပြီးတော့ ပျော်ရွှင်စွာ လူစုခွဲလိုက်ပါကြောင်း။
မောင်စွမ်းရည်
၂၀၂၃၊ စက်တင်ဘာ ၆။
နယူးယောက်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar