Breaking News

ခွန်ဘ - ကိုယ့်လူမျိုးကို ထိုးကျွေးမိနေပြီလား

ခွန်ဘ - ကိုယ့်လူမျိုးကို ထိုးကျွေးမိနေပြီလား

(မိုးမခ) မတ် ၁၀ ၊ ၂၀၂၄


မနေ့က ပအိုဝ်းနီနဲ့ ပီးဒွေ (PDF) တို့ ကျောက္ကချားရွာတွင် ပုန်းအောင်းပြီး ရွာသားပိုင်ပစ္စည်းများ အိုးအိမ်များကို ဖျက်ဆီးနေသဖြင့် စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးချ (ဒါက လင့်ပါစာကို ဘာသာပြန်ထားတာ) 

- + - + - + - 

ကျနော်တို့ မိဘပြည်သူတွေ နေထိုင်တဲ့ မဲနယ်တောင် မင်းတို့ လာနေရလောက်အောင် ဗမာစစ်တပ် ဘယ်နားရှိတယ်ဆိုတာ မင်းတို့ မသိဘူးလား။ 

မဲနယ်တောင်ဘက်မှာ လာပြီးတော့ ပျော်ပါးစားသောက်နေရတယ်လို့။

စစ်အာဏာရှင်ကို တော်လှန်ရင် စစ်တပ်ရှိတဲ့နေရာမှာ သွားနေကြလေ။ ငါတို့ မိဘ ပြည်သူရဲ့ ရွာတွေမှာ ဘာလို့ လိုက်နေကြတာလဲ။

စစ်တပ်က ပအိုဝ်းရွာတွေ ဗုံးကြဲတာကို PNO ရဲ့ အထူးဒေသ (၆) ဗဟိုသတင်းဌာနကြီးကိုယ်တိုင်က ဒီလို အဆီအငေါ်မတည့်တဲ့ အကြောင်းပြချက်တွေ လျှောက်ပေးနေလေရဲ့။ 

ပစ္စည်းအိုးအိမ်ဖျက်လို့ လာရောက် တိုက်ခိုက် မောင်းထုတ်တယ်ဆို ထားပါတော့၊ ခုဟာက လေယာဉ်နဲ့ လာဗုံးချတာ။ အဲဒီကျမှ ဖွတ်ဖွတ်ကြေမှာ မဟုတ်ဘူးလား။ သူတို့ဟာက “ငါ့အဖေ နဖူးကိုက်တဲ့ ခြင်တော့ သိကြသေးတာပေါ့ကွာ ဆိုပြီး ပုဆိန်ဆွဲ နဖူးကို ခုတ်ခွဲလိုက်တဲ့ သားမိုက်လိုမျိုး” နဲ့ အတူတူပဲလေ။ ပအိုဝ်းဆိုတာ အဲလိုလူမျိုး။ စိတ်ကြိုက် လိမ်လို့ ညာလို့ ဝါလို့ရတဲ့ လူမျိုးလို့ ပြောချင်တာ။ 

တကယ်တော့ ကျောက္ကချားမှာ ဘာပအိုဝ်းနီ ဘယ်ပီးဒွေ(PDF)မှ မရှိပါဘူး။ ရည်ရွယ်ချက်တခုအတွက် အလွတ်သက်သက် တွယ်တာပါဘဲ။ ရည်ရွယ်ချက်ကတော့ တခြား ဟုတ်ရိုးလား။ ကရင်နီနဲ့ ပအိုဝ်းကို ရန်တိုက်ဖို့ပဲလေ။ စစ်တပ်က နန်းနိမ်မှာ ကိုယ့်ဖာသာပအိုဝ်းဘုန်းကြီးတွေ လူငယ်တွေသတ်၊ ခရစ်ယာန် ကရင်နီ ပီးဒွေတွေက လုပ်ပါတယ် ပြောပြီး တောင်ကြီးမှာ ကန့်ကွက်ဆန္ဒပြပွဲကြီး စနစ်တကျ စီစဉ်ကျင်းပခဲ့တာပဲကြည့်။ တကယ်က ဘုန်းကြီးနဲ့ ရွာသား အလောင်းဓာတ်ပုံတွေကို အဲဒီပွဲမတိုင်ခင် စစ်တပ် တယ်လီဂရမ်အကောင့်တွေကနေ ပဒက်တွေကို ရှင်းပစ်လိုက်ပြီလို့ တင်ပြီးသား။ အဲဒါကို အမြန်ပြန်ဖြုတ်ချ ဖုံးဖိပြီး နန်းနိမ်ရွာသားတွေမပါဘဲ အဲဒီပွဲကို လုပ်ခဲ့တာ။ 

ဟော ခုတခါ စစ်သားတွေက ပအိုဝ်းအမျိုးသားဝတ်စုံတွေ ဝတ်ပြီး စစ်ထွက်ပြန်ပြီ။ ပအိုဝ်းဝတ်စုံတွေနဲ့ လူသတ် မုဒိမ်းကျင့် လုပ်တော့မယ်။ အဲဒီမှာ လူမျိုးနှစ်မျိုး ထိပ်တိုက်တိုးကြတော့မယ်။ ဒီလူမျိုးစုနှစ်ခု ပဋိပက္ခစရင် ပအိုဝ်းတွေကို လက်နက်ပေးထားခဲ့ရုံပဲလေ။ သူ တိုက်စရာတောင် မလိုတော့ဘူး။ အေးအေးဆေးဆေး တခြားစစ်မြေပြင်ဆီ စစ်ကူပြေးရုံပဲ။ 

ဒါမျိုးကို ရခိုင်မှာလည်း ခု လုပ်နေပါတယ်။ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးတဲ့ ဗီဒီယိုဖိုင်တွေ ခုတက်လာပါပြီ။ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေက စစ်ကောင်စီ ဆိုက်ဝါးခင်းသမျှ ခံကြရပြီး ခိုင်းသမျှ လုပ်မယ့် အနေအထားပဲလေ။ သေနတ်တွေ ကိုင်ပြီး ပျော်ပါး လွတ်လပ် မြူးကြွနေတဲ့ မြင်နေကြရတာပဲ။ မတရားဇွတ်အဓမ္မ ခေါ်သွားခံရတဲ့ပုံ မပေါက်။ 

အခုလို PNO က လုပ်နေတာတွေဟာ မအလ အလွန် နယ်မြေစစ်အတွက် လက်နက်လူသူလို နေတာကို ဖြည့်ချင်လို့ မှေးလိုက်နေရင်း ပေါက်ကရ အကြောင်းပြချက်တွေ ရိုးသားတဲ့ ပအိုဝ်းတွေကြား ထိုးသွင်းနေတဲ့ သဘောပါ။ 

တခုရှိတာက ကိုယ့်ဇာတ်ကို နိုင်အောင် ကနိုင်ရဲ့လားဆိုတာပါဘဲ။ မြေအလမ္ပါယ်ဆရာ မြွေနဲ့သေသလို မဖြစ်ဘူး ပြောမရပါဘူး။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ တစ္ဆေကိုမှ မွေးမိထားတော့ မကျွေးနိုင်တဲ့နေ့ ကုပ်ချိုးစားသွားမှာ သေချာပါတယ်။ အခုကို ပအိုဝ်းဒေသမှာ ၄၂ ရက်အတွင်း လေယာဉ်နဲ့ ဗုံးလာကြဲတာ အကြိမ်ရေ တထောင့်ငါးရာကျော်ပြီ၊ အမွေအနှစ်တွေလည်း တော်တော်ပျက်စီးနေပြီဆိုတော့ သူ့လိုဘနဲ့ ကိုယ့်လိုဘအတွက် ကိုယ့်လူမျိုးကို ထိုးမကျွေးမိဖို့ အရေးကြီး‌ကြောင်းပါ ခင်ဗျား။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar