Breaking News

အမျိုးသားရေးဝါဒ၊ စစ်အင်အားအဓိကဝါဒနဲ့ ဒီမိုကရေစီနိုင်ငံ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၉ မြင်ကွင်း

(မိုးမခ) မတ် ၁၀၊ ၂၀၂၄


အမျိုးသားရေးဝါဒ၊ စစ်အင်အားအဓိကဝါဒနဲ့ ဒီမိုကရေစီနိုင်ငံ

စစ်အာဏာရှင် ဆန့်ကျင်ရေးလက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်လာကြတဲ့လက်နက်ကိုင်အင်အားစုတွေ အနက် လူမျိုးစုလွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ကာ လှုပ်ရှားလာကြတဲ့ လက်နက်ကိုင် အင်အားစုတွေအများအပြားပါဝင်နေတာ ဖြစ်ပါတယ်။ ဒီလို အမျိုးသားလွတ်မြောက်ရေး လို့လည်းခေါ်ဆိုနိုင်တဲ့ မိမိတို့ လူမျိုးရဲ့ နယ်မြေ၊ ဒေသ၊ မိမိတို့လူမျိုးစုရဲ့ အခွင့်အရေးကာကွယ်ပေးရေး ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအရ ဘယ်လို ရည်မှန်းချက်တွေ ရှိကြသလဲ၊ အခြားသော လူမျိုးစုတွေ၊ အခြားသော လူမျိုးစုတွေရဲ့ နယ်မြေတွေနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား ယူဆချက်တွေ ရှိကြသလဲ။ တစုံတရာ အငြင်းအခုံ ပြဿနာဖြစ်ပွားလာရင် ဘယ်လိုဖြေရှင်းကြသလဲ ဆိုတဲ့ အချက်တွေက လေ့လာစောင့်ကြည့်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ အန္တရာယ် တနည်းအားဖြင့် စိန်ခေါ်မှုက အင်အားကြီးတဲ့ ဗမာလူမျိုးတွေအဓိကလွှမ်းမိုးတဲ့ စစ်အာဏာရှင် အစိုးရ၊ သူ့ရဲ့ လက်နက်ကိုင်တပ် ဖြစ်ပါတယ်။ ဒီ စစ်အာဏာရှင်က သန္ဓေတည်ပေါ်ထွန်းလာခဲ့တာ လွတ်လပ်ရေး ရပြီးနောက် ဆယ်စုနှစ်တခုအကြာ ၁၉၅၈ ခုနှစ်ကတည်းကလို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးသမားတွေကို တိုင်းပြည်ရဲ့ နိုင်ငံရဲ့ အာဏာကနေ ဖယ်ရှားပြီး စစ်တပ်ကဗိုလ်ချုပ်တွေက နိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်လာခဲ့ကြရာက လူမျိုးစုလွတ်မြောက်ရေး တနည်းအားဖြင့် အမျိုးသားရေးဝါဒအပေါ် အခြေခံတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ အမျိုးသားရေးဝါဒကို ချီးမွမ်းစရာ သို့မဟုတ် ရှုတ်ချစရာ အယူဝါဒတရပ်အနေနဲ့ ရည်ညွှန်းပြောဆိုတာမဟုတ်ပါဘူး။ အမျိုးသားရေးဝါဒ ရဲ့ အားကောင်းတဲ့ အပိုင်းနဲ့ အမျိုးသားရေးဝါဒရဲ့ အားနည်းချက် သို့မဟုတ် မိမိလူမျိုးတွေရဲ့ အကျိုးစီးပွားကိုသာ ရှေးရှုပြီး အခြားသောလူမျိုးတွေကို ဖိနှိပ်သော၊ မုန်းတီးသော လူမျိုးကြီးဝါဒဆီကို အမျိုးသားရေးဝါဒက ဦးတည်သွားနိုင်တဲ့ အလားအလာတွေလည်း ရှိတာကို သတိမူသင့်တာကို ထောက်ပြလိုတာဖြစ်ပါတယ်။ 

ခေတ်သစ်မြန်မာနိုင်ငံသမိုင်းမှာ လူမျိုးစု လွတ်မြောက်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုက လွှမ်းမိုးခဲ့တာ အခုအချိန်ထိဖြစ်ပြီး ဆယ်စုနှစ် ၇ ခုကျော်ကြာ ပြည်တွင်းစစ်ရဲ့ သမိုင်းဟာ လူမျိုးစုလွတ်မြောက်ရေး လက်နက်ကိုင် လှုပ်ရှားမှုရဲ့ သမိုင်း၊ လက်ဝဲဝါဒနဲ့ စစ်အာဏာရှင်စနစ်တို့ရဲ့ လက်နက်ကိုင်ပဋိပက္ခ သမိုင်းတို့နဲ့ ရေးခြယ်ထားတဲ့ သမိုင်းလို ဖြစ်နေခဲ့တာပါ။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲ၊ လွတ်မြောက်ရေး လှုပ်ရှားမှုထဲမှာ အမျိုးသားရေး ဝါဒက မောင်းနှင်အားတခုအဖြစ် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာ ငြင်းပယ်လို့ ရတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း အမျိုးသားရေးဝါဒရဲ့  အစွန်းရောက်တဲ့ အစိတ်အပိုင်းတွေ မဖြစ်စေဖို့ ဒီမိုကရေစီ၊ တန်းတူညီမျှ အခွင့်အရေး စတာတွေနဲ့ ထိန်းကြောင်းရမယ်ဆိုတဲ့ အရေးကြီးတဲ့အချက်ကို သတိမလွတ်သင့်ပါဘူး။ 

စစ်ကောင်စီတပ်တွေ ဆုံးရှုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ အခုလို အခြေအနေမျိုးမှာ လက်နက်ကိုင် တပ်တွေအနေနဲ့ မိမိတို့ တိုက်ခိုက်သိမ်းယူလို့ ရထားတဲ့ နယ်မြေကို မိမိတို့ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့ ယူဆမှု၊ ခံယူမှု၊ ရပ်တည်မှုတွေ ရှိလာခဲ့ရင် တိုင်းရင်သား အဖွဲ့အစည်းတွေအချင်းချင်း အကြားမှာ ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တာ  ပကတိ အခြေအနေဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြားမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဖြစ်စေ၊ အုပ်ချုပ်ရေး အခွန်အကောက် ကောက်ခံရေး၊ လက်နက်ကိုင်တပ်သားသစ် စုဆောင်းရေး စတဲ့ ကိစ္စရပ်တွေ နဲ့ပတ်သက်ပြီး ပွတ်တိုက်တွေ ပေါ်ထွက်လာနိုင်သလို လက်နက်ကိုင်ပဋိပက္ခတွေ အထိ ဖြစ်ပေါ်နိုင်ခြေလည်း ရှိလာနေတာပါ။ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့အချက်က အရေးကြီးတဲ့ ကိစ္စတရပ်ဖြစ်လာပါတယ်။  

လတ်တလော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ ဒေသနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA နဲ့ ချင်းလက်နက်ကိုင် အဖွဲ့တွေ အရပ်ဖက် အဖွဲ့တွေအကြား မကြေလည်မှုတွေက အထက်က ရည်ညွှန်းတဲ့ အမျိုးသားရေး ဝါဒ၊ စစ်အင်အားကြီးသူ၊ မိမိတို့ တိုက်ခိုက်သိမ်းယူထားတဲ့ ဒေသက မိမိတို့ ပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတဲ့ ခံယူရပ်တည်ချက်တွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာ တရပ်ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်လို့ မတ်လဆန်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ AA အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပလက်ဝဒေသနဲ့ ပတ်သက်လို့ မေးခွန်းမေးမြန်းချက်ကို ဖြေကြားရာမှာ ချင်းလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ပလက်ဝ ဒေသလွတ်မြောက်ရေးထက် ချင်းပြည်နယ်ရဲ့ အခြားသောဒေသတွေ လွတ်မြောက်ရေးကို ပိုမိုအာရုံစိုက်သင့်ကြောင်း ပြောဆိုသွားပါတယ်။ ပလက်ဝဒေသကို ဒေသခံတွေ ပါဝင်တဲ့ အုပ်ချုပ်မှု ဖော်ဆောင်သွားမယ် ဆိုတဲ့ အချက်ကို အလေးပေး ပြောဆိုသလို ပလက်ဝဒေသမှာလည်း ရခိုင်လူမျိုး အများအပြား နေထိုင်လျက်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြောဆိုသွားတာ တွေ့ရပါတယ်။ 

အခုလို စစ်ကောင်စီကို အနိုင်ယူဖို့ အရေးကြီးနေတဲ့ အချိန်မှာ လက်နက်ကိုင် အင်အားစုတွေအနေနဲ့ စည်းလုံးညီညွတ်ရေးက အရေးကြီးတာ အမှန်ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ တခြားတိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေး၊ တန်းတူညီမျှမှုတွေကိုလည်း လေးစားတန်ဖိုးထားရမှာ ဖြစ်ပါတယ်။ 

 AA အဖွဲ့ရဲ့ ပြောခွင့်ရသူ ပြောဆိုရာမှာ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ချင်းနိုင်ငံရေးအင်အားစုတွေ အနေနဲ့ ပလက်ဝဒေသက ချင်းလူမျိုးတွေရဲ့ ပိုင်နက်နယ်မြေ ဆိုတဲ့ ပြောဆိုမှုထက် ချင်းပြည်နယ်ရဲ့ အခြားသော နယ်မြေတွေ လွတ်မြောက်ရေးကို ပိုပြီးအာရုံစိုက်သင့်တယ် ဆိုတဲ့ ပြောဆိုမှုဟာ တည်ရှိနေတဲ့ နိုင်ငံရေး ပြဿနာကို အာရုံလွှဲတဲ့ သဘောမျိုးလည်း သက်ရောက်တယ်လို့ ချင်းလူမျိုး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အင်အားစုတွေ က အဓိပ္ပာယ်ကောက်ယူနိုင်တာလည်း ဖြစ်ပါတယ်။ 

နယ်မြေတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဆုံးဖြတ်ကြတဲ့အခါ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိတို့ တိုက်ယူထားလို့ မိမိတို့ ပိုင်ဆိုင်သင့်တယ် ဆိုတာထက် ဒီနယ်မြေမှာ နေထိုင်တဲ့ လူမျိုး၊ သမိုင်းနောက်ခံ စတာတွေနဲ့ ဆုံးဖြတ်ဖို့လိုအပ်သလို လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းသွားတဲ့ အခြေအနေမျိုးကျရင် လွတ်လပ်တဲ့ လူထုဆန္ဒခံယူမှုမျိုးနဲ့ ဆုံးဖြတ်ကြဖို့ လိုအပ်တဲ့ အချက်တွေကို နားလည်လက်ခံ ဖို့ လိုအပ်တာဖြစ်ပါတယ်။ 

ပလက်ဝဒေသ ကိစ္စတခုသာမကပဲ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိစပ်နေတဲ့ဒေသတွေမှာလည်း အခုလို နယ်မြေပိုင်ဆိုင်မှု နဲ့ပတ်သက်တဲ့ ပြဿနာတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းအကြားမှာ ရှိနိုင်တာ သေချာပါတယ်။ ရှမ်းမြောက်မှာ မွန် ကရင် ဒေသမှာ၊ ကချင်ပြည်နယ်မှာ ရှမ်းနဲ့ ကရင်နီပြည်တို့ ထိစပ်ရာဒေသတွေမှာ နယ်မြေစိုးမိုးမှု ပိုင်ဆိုင်မှု စတဲ့ အငြင်းပွားမှုတွေ ထွက်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ 

ဒီလိုပြဿနာတွေ အငြင်းအခုံတွေ ပေါ်ထွက်လာတဲ့အခါ အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒလိုမျိုး၊ စစ်အင်အားကို အခြေခံတဲ့ နိုင်ငံရေးအယူဝါဒလိုမျိုးတွေက ရပ်တည် ဖြေရှင်းကြတာထက် နောက်ခံသမိုင်းကြောင်း၊ ဒီမိုကရေစီ၊ တန်းတူညီမျှမှုတွေ နဲ့ အခြေခံပြီး ဖြေရှင်းကြဖို့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့က အဓိကအချက်ဖြစ်တယ်ဆိုတာ ခုလိုအခြေအနေမျိုးမှာတိုက်တွန်းလိုတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar