Breaking News

ရတနာပုံဆရာမှတ်ကြီး - ရွံစရာ ပုဒ်မ ၁၇(၁) နဲ့ အဆိုးသံသရာ

ရတနာပုံဆရာမှတ်ကြီး - ရွံစရာ ပုဒ်မ ၁၇(၁) နဲ့ အဆိုးသံသရာ

(မိုးမခ) မတ် ၁၁ ၊ ၂၀၂၄


ကရင်နီပြည်နယ်၊ လွိုင်ကော် တက္ကသိုလ်ပါမောက္ခချုပ်ကို ပြစ်ဒဏ်ပေးလိုက်တယ်။ ပြစ်ဒဏ်က စစ်ကောင်စီ သုံးနေကျ အကြမ်းဖက်နဲ့ဆက်သွယ်ပုဒ်မ၊ ၁၇(၁) နဲ့ပေးတာ။ အဲဒီတော့ စစ်ကောင်စီဥပဒေသုံးပြီး အရေးယူတယ်ဆိုရင်လည်း ဥပဒေကွင်းဆက်တခုလုံး ကျင့်သုံးတာမျိုး မဟုတ်ဘူးပေါ့နော်။ ဥပဒေပါ အခွင့်အရေးတွေ မရှိဘူး။ နောက်တခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထူထောင်ပြီ၊ ကိုယ့်အစိုးရနဲ့ကိုယ် လုပ်နေပြီ၊ ကိုယ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်တရားကိုယ် စီရင်နေပြီဆိုရင်လည်းပဲ ဥပဒေတခုထဲကို စစ်ကောင်စီနဲ့ မျှသုံးသလို ဖြစ်နေတဲ့ ကိစ္စကတော့ မမိုက်ဘူး။ ကိုယ့်ဥပဒေနဲ့ကိုယ် ဖြစ်သင့်တယ်။ ကိုယ့်ဥပဒေနဲ့ ကိုယ် ရေးဆွဲသင့်တယ်။ မရှိသေးရင်လည်း ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် ချလို့ရတာဘဲ။ 

Non-CDM တွေနဲ့ ပတ်သက်ရင် တကယ်တမ်းကတော့ Non-CDM လို့ဖြစ်တာနဲ့ တပြိုင်နက်တည်း သူတို့မှာ ပြစ်ဒဏ်ကျပြီးသား။ အဲဒါ ဘာလဲဆိုတော့ Social punishment ဆိုတဲ့ လူမှုရေးပြစ်ဒဏ်။ အဲဒီပြစ်ဒဏ်က နန်းတွေအကုန်လုံး ကျပြီးသားကြီး။ Non-CDM နဲ့ CDM ဆိုတာကတော့ ဒါက သူ့ရဲ့ ရွေးချယ်မှုနဲ့ ဆိုင်တာပေါ့နော်။ သူ့ဘဝနဲ့လည်း ဆိုင်တဲ့ကိစ္စ။ CDM လုပ်တယ်ဆိုတာ တော်လှန်ရေးရဲ့ နည်းနာတခုပဲ။ တော်လှန်တဲ့ဘက်မှာ နေတဲ့သူတွေ လုပ်တဲ့ နည်းနာတခုပေါ့။ တော်လှန်တဲ့ဘက်မှာ မနေတဲ့သူတွေကတော့ ဒါ လိုက်မလုပ်ဘူးပေါ့နော်။ ဒါပေမဲ့လို့ Non-CDM တိုင်းက တော်လှန်တဲ့ဘက်မှာ မရှိဘူးလားဆိုတော့ ဒီလိုလည်း တွက်မရပြန်ဘူးပေါ့နော်။

ဆိုပါစို့၊ ဖရဲသီး ဆိုတာတွေ ဘယ့်နှယ်လုပ်ကြမလဲပေါ့။ ဖရဲသီး ဆိုတဲ့သူတွေဆိုရင် သူကောင်းတောင် ပြုရအုံးမယ် မဟုတ်လား။ သူ့ဘာသူ ရိုးရိုး Non-CDM ဖြစ်နေတာကို တကယ့်တကယ်တမ်းတော့ ဥပဒေကြောင်းနဲ့ ပြစ်မှုလို့ သတ်မှတ်လို့ရလား။ ဒီလိုဆိုရင် ဘဏ်ဝန်ထမ်းတိုင်းကို အရေးယူမလား။ ကိုယ်ကရော ဘဏ်စနစ်တွေ မသုံးဘဲ နေသလား။ အလှူခံရင်တောင် စစ်ကောင်စီအောက် လုပ်နေတဲ့ ဘာပေး ညာပေးတွေနဲ့ အလှူခံရတာပဲ မဟုတ်ဘူးလား။ အဲလိုလုပ်မိလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ရော ထောင်သွင်း အကျဉ်းချမလား။

NON တွေကို လူမှုရေးပြစ်မှု၊ လူမှုရေးပြစ်ဒဏ် ခတ်လို့ရတယ်။ ကိုယ်တယောက်ချင်း ဒီလူ့ကို မကြိုက်ဘူးဆိုပြီးတော့ ဒီလိုလူမျိုးကို ငါတို့က မဆက်ဆံဘူး။ ဒီလိုလူမျိုးတွေနဲ့ အရောမဝင်ဘူး၊ မပတ်သက်ဘူးဆိုပြီးတော့ ပုံသဏ္ဌာန်မျိုးစုံနဲ့ လူမှုရေးပြစ်ဒဏ် ခတ်လို့ ရတယ်။ ခတ်လည်း ခတ်ကြတာပဲ။ ဒါလည်း တဦးချင်း အခွင့်အရေးပဲ။ 

သူ့ရဲ့ Non-CDM ဖြစ်ခြင်းက ဥပဒေကြောင်းနဲ့ ပြစ်မှုမြောက်တယ်လို့ သတ်မှတ်တာမျိုးကတော့ သိပ်အဆင်ပြေမနေဘူး။ ဘာလို့တုန်းဆိုတော့ ပြည်သူလူထု တရာရှိရင် တရာလုံးက တော်လှန်သူ မဖြစ်နိုင်ဘူး။ ဝန်ထမ်းတရာမှာ ဝန်ထမ်းတရာလုံးက ရာခိုင်နှုန်းပြည့် CDM တော့ မလုပ်နိုင်ဘူး။ ဒါရှင်းရှင်းပဲ။ တကယ့်ပြည်သူတွေအတွက်လည်း လိုအပ်နေတဲ့ Non-CDM တွေရှိတယ်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးကိစ္စတွေပဲ။ အုပ်ချုပ်ရေးတွေမှာ မလိုအပ်ဘူး၊  ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ လိုအပ်နေတယ်။ 

နောက် UN တို့၊ UNICEF တို့၊ WFP၊ UNHCR၊ ICRCတို့လို နိုင်ငံတကာအဖွဲ့အစည်းတွေဆိုရင် သူတို့က လူတွေကို ကူညီဖို့ဆိုပြီးတော့ တည်ဆဲအစိုးရ စစ်ကောင်စီနဲ့ တွဲပြီးတော့ အလုပ်လုပ်နေကြတာတွေ ရှိတယ်။ အခွန်တွေလည်း ဆက်သွင်းနေကြတယ်။ သူတို့ အထောက်အပံ့တွေ ယူမှာလား၊ မယူဘူးလား။ ယူရင်ကော အပြစ်ရှိလား။ အဲဒီပုဂ္ဂိုလ်တွေဆိုရင်ကော Non-CDM ထဲ ထည့်မှာလား။ Non ထဲမှာ ထည့်မှာလား။ သူတို့ကို ဘယ်နေရာ ထားမှာလဲပေါ့။ သူတို့က မြန်မာပြည်မှာ ဆိုင်ရာ အစိုးရနဲ့ လာအလုပ်လုပ်နေတဲ့ ဝန်ထမ်းပဲ။ တဖက်က အဖွဲ့အစည်း ရှိတယ်ဆိုပေမယ့်လို့ ဒီအစိုးရနဲ့ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ ဖြစ်တယ်။ သူတို့ကိုကော ဘယ်ထဲ ထည့်မလဲပေါ့။ ဒါ စဉ်းစားရမယ့်ဟာ တခုပေါ့။ 

Non-CDM တွေမှာ ကျရောက်လာတဲ့ လူမှုရေးပြစ်ဒဏ်တွေဆိုတာ တကယ်တမ်း တသက်တကျွန်းနဲ့ တူတယ်၊ တသက်တာလုံး ခံရတယ်။ တချို့ဆို သူတို့တသက်တာလုံး ပြီးချင်မှ ပြီးမယ်၊ သားစဉ်မြေးဆက်တောင် ဆက်ပြီးတော့ ခံရရင် ခံရအုံးမယ်။ သူတို့အတွက် ဒါနဲ့တင် လုံလောက်ပါတယ်။ ဒါပေမဲ့ သူက ရိုးရိုး Non-CDM မဟုတ်ဘဲနဲ့ CDM တွေကို ဒုက္ခပေးတဲ့သူ၊ စစ်ကောင်စီနဲ့ ရုံးလုပ်ငန်း‌တွေ ပူးပေါင်းတာမျိုး မဟုတ်ဘဲနဲ့  တော်လှန်ရေးကို ဒုက္ခပေးတဲ့သူအဖြစ် ရပ်တည်တာ၊ လုပ်ဆောင်တာတွေ ရှိတယ်ဆိုရင်တော့ အဲဒါက ပြစ်မှုကြောင်း သွားလို့ရတယ်။ အဲဒါမျိုးလုပ်ရပ်ကို အရေးယူရမယ်။ Non-CDM သပ်သပ်မှာတော့ ဥပဒေကြောင်းနဲ့ ပြစ်ဒဏ်ခတ်တာတော့ ပြန်သုံးသပ်စေချင်တယ်။ အဲဒီတခုကို အားလုံး ပြန်စဉ်းစားစေချင်တယ်။ 

ပြီးတော့ နောက်တခုက ဘာလဲဆိုတော့ ဒီနိုင်ငံထဲမှာတောင် ဒီတော်လှန်ရေးကို လုပ်ဆောင်ပုံခြင်းက တကယ်တမ်း တနယ်နဲ့ တနယ်က မတူဘူး။ သိသိသာသာပြောမယ်ဆိုရင် ရခိုင်ကို ပြောလို့ရတယ်။ ရခိုင်မှာက CDM လုပ်တဲ့သူ နည်းတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မှင်မပျက်ဘဲ ရခိုင်မှာ ရုံးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ အးလုံးက မှင်မပျက်ဘဲ သွားနေတာပဲ။ ရခိုင်မှာ Non-CDM တွေ များမယ်လို့ ထင်တယ်။ CDM လုပ်တဲ့သူ ရှားလိမ့်မယ်။ အဲဒီအပေါ်မှာလည်း AA က ဖိအားပေးတာမျိုး ဘာမျိုး ကိုယ့်အနေနဲ့တော့ မတွေ့ဘူးဖူး။ အဲတော့ သူတို့ အခု အသည်းအသန် တိုက်နေတဲ့ ကာလအထိကို Non-CDM တွေနဲ့ ပတ်သက်ပြီးတော့ တခုခုပြောတာ မကြားရသေးဘူးလို့ ထင်တယ်။ 

Non-CDM တွေနဲ့ ပတ်သက်ရင် ဒီမှာလည်းပဲ ကိုယ့်တိုင်းပြည်က ဒီတော်လှန်ရေးပြီးရင် ဖက်ဒရယ်ကို သွားကြမှာဆိုတဲ့အခါကျတော့  သူ့ပြည်နယ်နဲ့သူ ဝန်ထမ်းခန့်တာလဲ သူ့မူဝါဒနဲ့သူပဲဖြစ်မှာဘဲ။ Non-CDM မို့ မခန့်ဘူးတို့၊ CDM ကိုပဲ ခန့်မယ်တို့ ဆိုတာတွေက ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်နဲ့ပဲ ဆိုင်တယ်၊ ကိုယ့်နေရာနဲ့ကိုယ် ဆိုင်တယ်။ အကုန်ဝင်ပြီးတော့ စွက်ဖက်လို့ ပြောလို့ရမှာ မဟုတ်ဘူး။ သူ့ဒေသကို ဖော်ဆောင်တဲ့အုပ်ချုပ်ရေးပုံစံက သူတို့ဒေသက လူတွေက ဆုံးဖြတ်ပြီး အကောင်အထည်ဖော်သွားမှာပဲ။ 

Non-CDM နဲ့ ပတ်သက်ရင် တပြည်လုံး လွှမ်းခြုံနိုင်တဲ့ မူဝါဒထွက်မယ်လို့လည်း မထင်ဘူး။ ထွက်လာရင်လည်း ထွက်တာပဲ ရှိမယ်။ အလုပ်ဖြစ်မယ်လို့ မထင်ဘူး။ အဲတော့ ကိုယ့်ပြည်နယ်နဲ့ကိုယ် ရပြီဆိုတဲ့အချိန်မှာ၊ ကိုယ့်အစိုးရနဲ့ကိုယ် မူဝါဒချရမယ့် ကိစ္စတွေပေါ့နော်။ ဝန်ထမ်းနဲ့ပတ်သက်ရင်တော့ ဒါ ကိုယ့်ဘာသာသွားကြမယ့် ကိစ္စတွေပဲ။ ဒါက ခုချိန်မှာ သိပ်ပြီးတော့ အသည်းအသန်လုပ်နေရမယ့်ဟာ မဟုတ်ဘူးလို့ ထင်တယ်။

နောက်တခုက ဘာရှိလဲဆိုတော့ လူတွေက ကိုယ်က ပြည်သူဘဝ၊ အတိုက်အခံဘဝမှာ နေရတဲ့အချိန်မှာ ကိုယ်အင်မတန်ကို ရွံရှာစက်ဆုပ်တဲ့ ဥပဒေတွေ ရှိတယ်။ အုပ်ချုပ်ခံ လူတန်းစားတွေကို နှိပ်ကွပ်တဲ့ ဥပဒေတွေ ရှိတယ်၊ အများကြီး ရှိတယ်။ ဘာလို့တုံးဆိုတော့ ဒီနိုင်ငံက အင်္ဂလိပ်က အုပ်ချုပ်သွားတဲ့နိုင်ငံဆိုတော့ ဒီနိုင်ငံက ပိုရှိတယ်။ သူက ကိုလိုနီလုပ်ထားခဲ့တဲ့ နိုင်ငံ ဆိုတော့ ဘယ်သူမှ သူ့ကို ပြန်မတော်လှန်သာအောင် ဥပဒေတွေက ထုတ်ထားတယ်။ အဲလို ဘယ်သူမှ ပြန်မတော်လှန်နိုင်အောင် လုပ်ထားတဲ့ ဥပဒေတွေထဲမှာ ပုဒ်မ ၁၂၄(က)ဟာ ထူးထူးခြားခြားဖြစ်တယ်လို့ ပြောရမယ်။ 

ဒီ (၁၂၄) နဲ့ ပတ်သက်လို့ရှိရင် လူထုဒေါ်အမာ ဘာသာပြန်တယ်လို့ ထင်တယ်။ မောရစ်ကောလစ်က ဒီဥပဒေက လူ့လောကမှာ မရှိသင့်တဲ့ ဥပဒေပဲလို့ ပြောတဲ့ဟာလေးကို ကိုယ်က ဖတ်ဖူးလိုက်တယ်ပေါ့နော်။ တိတိကျကျလည်း မပြောနိုင်ဘူး၊ ဖတ်ဖူးတယ်ပေါ့။ တကယ်က သေချာမှတ် ဖတ်ဖူးတဲ့လူတွေရှိရင် သိမှာပေါ့။ လူ့လောကမှာမရှိသင့်တဲ့ ဥပဒေပါတဲ့ ဒီဥပဒေက။ ဒါပေမဲ့လို့ သူ့မှာ ဘုရင့်အမှုထမ်း အရာရှိဆိုတော့ ဒီမရှိသင့်တဲ့ ဥပဒေနဲ့ပဲ လူတယောက်ကို သူ စီရင်ဖို့ သွားရမယ်ဆိုပြီး ရေးထားတယ်လို့ ကိုယ် ထင်တယ်။ တိတိကျကျ မမှတ်မိဘူး။ အဲလို အင်္ဂလိပ်အရေးပိုင်တယောက်ကိုယ်တိုင်က အင်္ဂလိပ် လုပ်ထားခဲ့တဲ့ ဥပဒေက လုံးဝရွံရှာ စက်ဆုပ်စရာအဖြစ် သူမှတ်တမ်းရေးခဲ့တယ်ပေါ့နော်။ အဲဒီလို ပြောခဲ့တယ်။ 

ဒါပေမဲ့လို့ ဒီဘက်ခေတ်မှာ ပုဒ်မ ၁၂၄(က) မှာ အနိမ့်ဆုံးပြစ်ဒဏ် (၃) နှစ်ဆိုတဲ့ဟာကို (၇) နှစ်လို့ ပြင်ခဲ့တယ်လို့လည်း တနေရာမှာ ဖတ်ဖူးပြန်တယ်။ စကရင်ရှော့လေးတခု မြင်ဖူးလိုက်တာ။ သိမ်းမထားမိဘူးပေါ့ အဲဒီဟာလေးက။ ဘယ်သူ့လက်ထက်မှာ ပြင်လိုက်တယ် မသိဘူး။ အရပ်သားအစိုးရနှစ်ဆက်ထဲကဘဲ။ အစိမ်းလား၊ အနီလားမသိဘူး။ ပုဒ်မ ၁၂၄ (က) မှာ ဟိုတုန်းက အနိမ့်ဆုံးပြစ်ဒဏ်ကို အင်္ဂလိပ်က (၃) နှစ် ရေးခဲ့တဲ့ဟာကို (၇) နှစ် ပြောင်းလိုက်တယ်လို့ ပြောတယ်။ ဒါ ဥပဒေသမားတွေပဲ သိမယ်၊ ကိုယ် မသိဘူး။ တကယ် ပြင်လား မပြင်လားပေါ့နော်။ ကိုယ်ကတော့ စကရင်ရှော့လေး တွေ့လိုက်တော့ အတုလား၊ အစစ်လားလည်း မကွဲဘူးပေါ့နော်။ ပြီးတော့ ဘယ်သူ့လက်ထက်မှာ ဘယ်သူတွေက အဆိုတင်ပြီး ပြင်ခဲ့တယ် မသိဘူး။ အဲဒါ တချက်ရှိတယ်။ 

အဲတော့ ဗမာပြည်မှာ မမြဝင်းဆင်ဒရုမ်း ဆိုတဲ့ ရောဂါတခု ရှိတယ်။ မုဒိမ်းကျင့်လိုက်တဲ့လူကို ပြန်သတိရနေတာမျိုး၊ တမ်းတနေတာမျိုးပေါ့ အဲဒါမျိုး။ ကိုယ့်ကို တော်တော်မဖွယ်မရာလုပ်ခဲ့တဲ့ ဥပဒေတွေ အများကြီး ရှိတယ်။ ကိုယ် သာမန်ပြည်သူဘဝ၊ ကိုယ် အတိုက်အခံဘဝ ကော့နေအောင် ခံခဲ့ရတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက ကိုယ် အာဏာရသွားတဲ့အချိန်၊ အာဏာရလာတဲ့အချိန်မှာ မပြုပြင်တော့ဘူး။ အရင်က စက်ဆုပ်ခဲ့တယ် ဆိုပေမယ့်၊ ရွံစရာကောင်းတယ် ဆိုပေမယ့် အခုက အားပြုစရာ အသုံးကျတဲ့ လက်နက် ဖြစ်လာတယ်။ ကိုယ့်ရဲ့ အုပ်ချုပ်ရေးအတွက် ကိုယ်ကိုယ်တိုင် အားပြုတဲ့၊ အသုံးပြုတဲ့ လက်နက်ဖြစ်လာတယ်။ ဟိုတုန်းက ရွံရှာစက်ဆုပ်စရာကောင်းတဲ့ဟာက အခုတော့ ချိုမြိန်နှစ်သက်စရာ ဖြစ်လာတယ်။ 

အဲဒီလို ဥပဒေတွေ အများကြီးရှိတယ်။ မပြင်ကြဘူး။ ပြင်ဖို့လည်း မလုပ်ခဲ့ဘူး။ မကြိုးစားခဲ့ဘူး။ အဲတော့ ရှေ့အုပ်ချုပ်ရေးအသစ်၊ နိုင်ငံအသစ် ထူထောင်ပြီ ဆိုတဲ့အချိန်မှာ ကိုယ် အုပ်ချုပ်ရတဲ့လူ ဖြစ်ပြီဆိုတော့ မတရားသဖြင့် ပြုကျင့်ရာရောက်မယ့် ဥပဒေတွေ အစကထဲက မပြဋ္ဌာန်းမိကြရင် ကောင်းမယ်ပေါ့နော်။ ကိုယ်ကိုယ်တိုင်က တော်လှန်ပြီးမှ ဖြစ်လာတဲ့ အစိုးရတွေ ဆိုတော့ ကိုယ်တော်လှန်စဉ်မှာ မကြိုက်တဲ့ ဥပဒေတွေ၊ ကိုယ် တော်လှန်လိုက်တဲ့ အစိုးရတရပ်ရဲ့ ကိုယ် ယုတ်ညံ့ပါတယ်လို့ သတ်မှတ်ထားတဲ့ အပြုအမူတွေ အဲဒီဟာတွေ ကိုယ့်လက်ထက်မှာ စပြီး အဆုံးသတ်ဖို့ လိုတယ်။ 

ကိုယ့်လက်ထက်မှ စပြီး အဆုံးမသတ်ဘူး၊ မရပ်တန့်ဘူးဆိုရင် ဒါ အဆိုးသံသရာ ပြန်လည်မှာပဲ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar