Breaking News

တကျော့ပြန် မြင့်တက်လာတဲ့ လုပ်ကြံသတ်ဖြတ်မှုများ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၆ မြင်ကွင်း

(မိုးမခ) မတ် ၂၇၊ ၂၀၂

တကျော့ပြန် မြင့်တက်လာတဲ့ လုပ်ကြံသတ်ဖြတ်မှုများ 

စစ်မှုထမ်း ဥပဒေ အသက်သွင်းတဲ့ အမိန့်ထွက်ပေါ်လာပြီးနောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ဆင့်ခေါ်ရေးမှာ စာရင်းကောက်ဖို့ ဆင့်ခေါ်ဖို့ အောက်ခြေအကျဆုံး တာဝန်ယူဆောင်ရွက် ရသူတွေ ဖြစ်လာပါတယ်။ ဖေဖေါ်ဝါရီ တတိယပတ်ဝန်းကျင်က စတင်ကာ စာရင်းကောက်တာ ဆင့်ခေါ် ပြီးမဲနှိုက်တာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ စာရင်းကောက်ပေးတဲ့ သူတွေ၊ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေဖြစ်တဲ့ PDF တွေ၊ မြို့ပေါ်က ပြောက်ကျားအဖွဲ့တွေက လုပ်ကြံသတ်ဖြတ်လာရာမှာ သီတင်း ၃ ပတ်ကျော်အတွင်း ၁၇ ဦးရှိလာပြီလို့ သတင်းတွေထဲမှာ ဖတ်ရှုရပါတယ်။ 

လုပ်ကြံသတ်ဖြတ်ရေး သို့မဟုတ် ဒလန်ရှင်းလင်းရေးလို့ မတူတဲ့ အသုံးအနှုန်းတွေနဲ့ ခေါ်ဆိုကြတဲ့ မိမိတို့နဲ့ နိုင်ငံရေး အယူအဆ မတူသူ၊ တဖက်ရန်သူ အဖွဲ့အစည်းကို အားပေးထောက်ခံသူ၊ ကူညီသူတွေကို သတ်ဖြတ်ခြင်းဟာ နိုင်ငံရေး အယူဝါဒ တရပ်တော့ မဟုတ်ပါဘူး။ 

နိုင်ငံရေး ရည်ရွယ်ချက်တခု ပေါက်မြောက်ဖို့ အတွက် အသုံးချတဲ့ လုပ်နည်းလုပ်ဟန် တခုဖြစ်ပြီး ဥပဒေအရ လုပ်ဆောင်မှုမဟုတ်လို့ ဥပဒေပညာရပ်ဆိုင်ရာ၊ နိုင်ငံရေးသိပ္ပံ လေ့လာတဲ့ ပညာအရတော့ အင်္ဂလိပ်ဘာသာနဲ့ extrajudicial killing လို့ ခေါ်ဆိုပြီး မြန်မာဘာသာပြန်ဆိုရင် “တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း” လို့ဆိုကြပါတယ်။ ဒါကို လက်ခံကျင့်သုံးတဲ့ အဖွဲ့အစည်းတွေကတော့ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းဆိုတဲ့ အသုံးအနှုန်းကို လက်ခံကြမှာ မဟုတ်ဘဲ နိုင်ငံရေးအရ လိုအပ်လို့၊ ဒီလူတွေဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်ပေမယ့်လည်း ရန်သူ စစ်တပ်ကို ကူညီနေသူ၊ သတင်းအချက်အလက် ပံ့ပိုးပေးနေသူတွေ ဖြစ်လို့ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လို့ရတယ်ဆိုတဲ့ ကောက်ချက်၊ ယုတ္တိနည်းနဲ့ ၄င်းတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို မှန်ကန်ကြောင်း ခံယူလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

ပြန်စေ့ငုလေ့လာကြည့်ရင် ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ် အကြာ ၂၀၂၁ ခုနှစ် ဇွန်လဝန်းကျင်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒလန် ရှင်းလင်းရေး လို့ အရပ်သားစကားနဲ့ ခေါ်ဆိုကြပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊  စီဒီအန် မလုပ်တဲ့ ဝန်ထမ်း၊ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတွေကို အဓိက ပစ်မှတ်ထားခဲ့ကြပြီး နောက်ပိုင်း စစ်တပ်နဲ့ ရဲ တွေရဲ့ မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်း အရာရှိတွေ အထိ ပစ်မှတ်တွေကျယ်ပြန့်လာခဲ့တာ တွေ့ရပါတယ်။ 

၂၀၂၂ နှောင်းပိုင်းကနေ ၂၀၂၃ ခုနှစ်တွေမှာတော့ မြို့ပေါ်က လုပ်ကြံသတ်ဖြတ်မှုတွေ အရေအတွက် လျော့နည်းလာတာ သတိပြုမိပြီး၊ ၂၀၂၃ ခုနှစ်ထဲ ရွေးကောက်ပွဲ အတွက်ဆိုပြီး မဲစာရင်း ကောက်ယူတဲ့ သူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ တကျော့ ပြန်လည်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အခု ၂၀၂၄ ဖေဖေါ်ဝါရီ စစ်မှုမထမ်းမနေရ ဥပဒ အသက်ဝင်ပြီးနောက်မှာ စစ်မှုထမ်း ဆင့်ခေါ်ဖို့ စာရင်းကောက်သူတွေကို လုပ်ကြံသတ်ဖြတ်တာတွေ တကျော့ပြန်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီး ၃ နှစ်တာ ကာလအတွင်း အရပ်သားသေဆုံးမှုလို့ စောင့်ကြည့် မှတ်တမ်းတင်ထားတဲ့ အရေအတွက်က စုစုပေါင်း ၄၀၀၀ ကျော်ရှိပြီး ဒီကိန်းဂဏန်းက စစ်ကောင်စီဘက်က ကျူးလွန်မှု ကိန်းဂဏန်း ဖြစ်ပါတယ်။ PDF နဲ့ မြို့ပြပြောက်ကျားတွေက ဒလန်ရှင်းလင်းရေး၊ ပျူစောထီး အဖွဲ့ဝင်၊ စုဆောင်းပေးသူလို့ သံသယနဲ့ ရှင်းလင်း သတ်ဖြတ်တဲ့ အရေအတွက်တွေကိုပါ ထည့်သွင်းတွက်ချက်မယ် ဆိုရင် စုစုပေါင်း ၆၀၀၀ ကျော်ရှိနေပြီလို့ ၂၀၂၃ ခုနှစ် နှောင်းပိုင်းက စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တချို့က ထုတ်ပြန်ခဲ့ဖူးပါတယ်။ 

စစ်ကောင်စီရဲ့ စစ်တပ်၊ ရဲတွေက ကျူးလွန်တဲ့ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေအနေနဲ့ဆိုရင်  စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး သေဆုံးရတာမျိုး၊ အကျဥ်းထောင်မှာ နှိပ်စက်ခံရပြီးသေဆုံးရတာနဲ့ ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်စဥ် လူငယ်၊ လူလတ်ပိုင်းနဲ့ အသက် ၅၀ ကျော် ၆၀ အရွယ်ထိ ရှိတဲ့ အမျိုးသားတွေကို PDF အဖွဲ့ဝင်၊ ကာကွယ်ရေးအဖွဲ့ဝင် အဖြစ် စွပ်စွဲ သတ်ဖြတ်တာမျိုးတွေ အများစု ဖြစ်ပြီး အဆိုပါ ၄၀၀၀ ကျော် အရေအတွက်ထဲ ပါဝင်နေတာဖြစ်ပါတယ်။    

ပြန်ချုံ့ကြည့်မယ်ဆိုရင် လုပ်ကြံသတ်ဖြတ်ခြင်း၊ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲ လက်နက်ကိုင်အဖွဲ့ဝင် အဖြစ်ယူဆတာ၊  စွပ်စွဲသတ်ဖြတ်ခြင်းတွေဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တချို့သော အခြေအနေတွေမှာ စစ်ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ခံရမှာ ဖြစ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ဒီမိုကရေစီအရေး အတွက် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ အထူးသတိပြု ထိန်းသိမ်းသင့်ပါတယ်။ 

နိုင်ငံကို အုပ်ချုပ်ထားပြီး အစိုးရလို့ ဆိုတဲ့ အဖွဲ့အစည်းရဲ့ ကျူးလွန်မှုနဲ့ ၊ လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တွေရဲ့ ကျူးလွန်မှုက တန်းတူ ညီမျှခြင်း ချလို့မရဘူးဆိုတဲ့ နိုင်ငံတကာ စံနှုန်း၊ စည်းမျဥ်းဥပဒေသလည်း ရှိပါတယ်။ 

ဆိုလိုတဲ့ အဓိပ္ပာယ်က အုပ်ချုပ်တဲ့ အစိုးရ တရပ်က ပိုမိုပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမယ့် ဝတ္တရားရှိတယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အခုအချိန်မှာ အစိုးရတရပ် မဟုတ်သေးလို့ အစိုးရတရပ်လို ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို အလေးထားစရာ မလိုဘူးလို့ ဆင်ခြေပေးနိုင်ပေမယ့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းတွေက တချိန်မှာ “အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု”ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ပြန်လည် တောင်းဆိုလာနိုင်တာ ဖြစ်ပါတယ်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း တရားမျှတမှုကို လျစ်လျူရှုကာ မိမိတို့နဲ့ အယူအဆမတူသူတွေကို လူသားတယောက် အဖြစ်ရှုမြင်စရာ မလိုဘူးဆိုတဲ့ အမြင်၊ သဘောထား၊ အယူအဆတွေက အနာဂတ်ထူထောင်မယ့် တန်းတူညီမျှပြီးတရားမျှတတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ အတားအဆီးတွေ ဖြစ်နေနိုင်တာကို အထူးအလေးထားဖို့ လိုအပ်ပါတယ်။ 

ရန်သူကို အနိုင်ယူဖို့ရာမှာ အကြောက်တရား သွတ်သွင်းပြီး လက်နက်အင်အားနဲ့ အနိုင်ယူ အောင်ပွဲခံတာထက် မှန်ကန်တဲ့ နည်းလမ်း၊ တရားမျှတမှု၊ ထိုက်သင့်တဲ့ အရေးယူမှု နဲ့ ဖြေရှင်းခုခံပိုင်ခွင့် စတာတွေအားလုံးကိုလည်း ထည့်သွင်းစဥ်းစားဆုံးဖြတ်နိုင်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar