ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၇
www.nzherald.co.nz |
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၇
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၀
သောဠသ (၁၆ ရက်မြောက်)နေ့
မနေ့က ကိုယ်ထိုးချင်တဲ့လက်အိပ်ကို ပြီးအောင်ထိုးနေလို့ စာရေးချိန်မရလိုက်ဘူး။
မနက် ၁ နာရီခွဲမှာ ပြီးသွားတယ်။ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်ပေါ့။ လုပ်ချင်တာကို
မလုပ်ရရင် စိတ်ထဲမှာ တနုံ့နုံ့နဲ့ ရအောင် လုပ်လိုက်ပြီးမှ နေသာထိုင်သာရှိသွားတာ။ lockdown မလုပ်ခင် ၂ ပတ်လောက်က ကိုယ်စာကြည့်တိုက် သွားပါတယ်။
အွန်လိုင်းကနေလှမ်းမှာထားတဲ့ စာအုပ်တစ်အုပ်သွားယူတာ။ အော်ကလန်မှာက စာကြည့် တိုက်ကဒ်
တစ်ကဒ်ရထားရင် စာအုပ် ၁၃ အုပ်အထိ တစ်လ ငှားလို့ရတယ်။ လိုချင်တဲ့စာအုပ်ကို စာကြည့် တိုက်ဝက်ဘ်ဆိုဒ်ထဲဝင်ပြီး
အွန်လိုင်းကနေ မှာလို့ရတယ်။ ပြီးရင် အိမ်နားနီးတဲ့ စာကြည့်တိုက်ကို ပို့ပေး ဖို့မှာပြီး
သွားယူလိုက်ရုံပဲ။
စာကြည့်တိုက်မှာ လူကြီးကလေး အားလုံးအတွက် စာအုပ်မျိုးစုံရှိတယ်။ ရောက်ခါစ
သမီးလေးငယ်ငယ်မှာ ကလေးတန်းသွားမွှေတော့ ဘာတွေ့တယ်ထင်လဲ။ Asterix စာအုပ်တွေ အစဥ်လိုက်၊ ပထမ ဆုံးတွေ့လိုက် တော့ ကိုယ့်စိတ်ထဲမှာ ဒီပုံလေးတွေကို
ကြည့်ရတာ သိပ်ရင်းနှီးတာပဲဆို တစ်အုပ်ယူဖတ်ကြည့်လိုက်တော့ လားလား သမိန်ပေါသွပ်တွေဖြစ်နေတာကိုး။
ဆရာမောင်ဝဏ္ဏ မြန်မာမှုပြုတာတော်လွန်းတော့ သမိန်ပေါသွပ် ဟာ သံခေတ်ပြင်သစ် (ဂေါလ်နယ်သား)
ဂျူးလီယက်ဆီဆာရဲ့ ရောမတပ်သားတွေကိုခံတိုက်နေတဲ့
လူဖလံလေး Asterix ကို မှီငြမ်းထားတာဆိုတာ
ကိုယ်တသက်လုံး မသိခဲ့ဘူးပဲ။ ငယ်ငယ်တုန်းက စုံထောက် ဦးစံရှားတို့
ဦးထင်ပေါ်တို့ကို ဆရာကြီး ဒဂုန်ရွှေမျှားရဲ့ ကိုယ်ပိုင်ဇာတ်ကောင်တွေလို့
ထင်သလိုပေါ့။
ကိုင်း ကိုယ့် library
visit ပြန်ကောက်ရအောင်။
အဲဒီနေ့က
မှာထားတဲ့စာအုပ်သွားယူရင်း လက်မှုပညာ စာအုပ်တန်းကိုမွှေတော့ ဂျပန် Vogue မဂ္ဂဇင်းက ထုတ်တဲ့ လက်ချောင်းလေးတွေမပါတဲ့ လက်အိပ်ထိုးနည်း
စာအုပ်လေးတွေ့တယ်။ ထုတ်ထားတာမကြာသေးဘူး။ အဲဒီထဲက ကေဘယ်လ်လေးတွေနဲ့ လက်အိပ်လေးကို
ကိုယ်သိပ်ချစ်သွားတယ်။ ငှားချလာရော။ အလုပ်မအားသေးတော့ မထိုးနိုင်သေးဘူး။ lockdown လဲလုပ်ရော စာကြည့်တိုက်က အီးမေလ်းလာတယ်။ ငှားထားတဲ့စာအုပ်တွေ
အိမ်မှာပဲထားပါ၊ လာပြန်မပို့ပါနဲ့တဲ့။ သဘောကျပုံများ ပါးစပ်နှာခေါင်းတက်ချိပ်၊
စူဠလိပ်ရေထဲချ၊ အချိုရှာ သကာတွေ့၊ ဘာကျန်သေးလဲ။ ပျော်စရာကြီး။
ဒါနဲ့ သမီးကို ဘာယူမလဲ ဒါလေးလှတယ်နော်ဆို မြှူဆွယ်တာ မရပါ။ သူကြိုက်တာ
သူရွေးပါတယ်။ တစ်အုပ်လုံးမှာ အရှည်ဆုံး အကြီးဆုံး လက်အဝင်ဆုံး လက်အိပ်။ ၂
တောင်လောက်ရှည်ပြီး ၁ ထွာလောက် ကျယ်ပါတယ်။ တကယ်ပြောတာ။ ဘက်အကျႅီ ပေါ်ကပဲဖြစ်ဖြစ်
ထပ်ဝတ်လို့ရတယ်။ ကြီးတော့ကြာတာပေါ့။ သူ့လက်အိပ်မဟာကြီးပြီးသွားတော့ ကိုယ့်လက်အိတ်လေး
ထိုးချင်စိတ်ကို ထိန်းမရတာနဲ့ တစ်ဖက်ပြီးအောင် ကြိုးစားထိုးလိုက်တယ်။
စိတ်ကျေနပ်သွားပြီဆိုတော့ နောက်တစ်ဖက်ကို နောက်တစ်ခါ အချိန်ပိုတော့
ဆက်ထိုးမယ်ဆိုပြီး သိုးမွှေးထိုးတဲ့ အပ်တွေကို ချထားလိုက်ပြီ။ အဖေ့ခြေထောက်တွေ
အေးအေးနေတဲ့ အတွက် ထိုးလက်စတစ်ဖက်ပြီးသွားပြီးဖြစ်တဲ့အဖေ့ဖိနပ် နောက်တစ်ဖက်ကိုပြီးအောင်
အရင် ဆက်ထိုးပါ မယ်။ ခုတော့ စာရေးလိုက်ပါဦးမယ်။
မနေ့ကသတင်းမှာတော့ အားလုံးပျော်လို့။ ဗိုင်းရပ်စ်ကူးတဲ့သူ အရေအတွက် ကျလာတယ်၊
ပြန်ဖွင့်ရင် ဘယ်လိုအဆင့်ဆင့်လုပ်ရမယ်ဆိုတာတွေကို ညှိနှိုင်းဆွေးနွေးမယ်၊ နယူးဇီလန်ကလူတွေအားလုံး
လုပ်နေ တာမှန်တယ်ဆက်လုပ်ကြပါလို့ပြောတယ်။ အားလုံးတော့ မဟုတ်ဘူးပေါ့လေ။ စည်းကမ်း
မလိုက်နာတဲ့ သူတွေလဲရှိတယ်။ တောင်ကျွန်းက ခရိုက်စ်ချပ်မြို့က စူပါမားကက်တစ်ခုမှာ
လူတစ်ယောက်ဟာ ဘာနဲ့မှ မကာပဲ ချောင်းတွေဆိုး နှာတွေချေလုပ်သတဲ့။
တိုင်တဲ့သူတိုင်တော့ ရဲကဖမ်းရတယ်။ အဲဒီတော့မှ သူ့မှာ ဘာရောဂါမှမရှိပါဘူး၊
နောက်ချင်လို့ပါတဲ့။ တောင်းပန်ပါတယ်ဆိုပြီး ဒဏ်ငွေဆောင်တယ်။
နောက်တစ်ယောက်ကကျတော့ ရဲကို တံတွေးနဲ့ ထွေးသတဲ့။ ရိုင်းလိုက်ကြတာနော်။
ဒီနေ့တော့ စိတ်မကောင်းစရာ အသက် ၉၀ အရွယ် အဖွားတစ်ယောက် ဆုံးသွားတယ်တဲ့။
ရောဂါထပ်ကူးခံရတဲ့သူလဲ မနေ့ကထက်စာရင် ၂ ဆ တိုးတယ်။ တောင်ကျွန်းရဲ့ တောင်ပိုင်းစွန်းက
မြို့ကလေး တစ်မြို့မှာလုပ်တဲ့ မဂႅလာဆောင်လာကြတဲ့သူတွေကနေ
ဆက်ဆက်ပြီး အစုလိုက်အပြုံလိုက် ကူးကုန်ကြ တာလေ။ ၉၄ ယောက်ရှိသွားပြီတဲ့။
ဒီနေ့က အီစတာပွဲတော်စတဲ့ နေ့လေ။ သောကြာ ကနေ တနလႅာအထိ နားရက်ပေးတော့
နယူးဇီလန် တစ်နိုင်ငံလုံး ဟိုသွားဒီသွား ခရီးထွက်လေ့ရှိတဲ့အချိန်။ လွန်ခဲ့တဲ့ ၄ နှစ်
အီစတာပိတ်ရက်မတိုင်ခင် ကြ ာသပတေးနေ့ ကိုယ် ကျောင်းကနေအိမ်ပြန်တာ ခါတိုင်း မိနစ် ၂၀
မောင်းရတဲ့ လမ်းကို ၁ နာရီခွဲ ကြာအောင် မောင်းလိုက်ရတယ်။ လမ်းပေါ်မှာ ကားတိုက်မှုအများဆုံးဖြစ်တဲ့အချိန်ပေါ့။
ကမ်းခြေတွေ အပန်းဖြေစခန်းတွေ သွားကြတာလေ။ ဒီနှစ်တော့ မထွက်ရလို့ အမိန့်ထုတ်ထားတော့
လမ်းပေါ်မှာ ကားနည်း ပါတယ်။ ရဲကလဲ မလိုအပ်ပဲထွက်တဲ့လူတွေ ဖမ်းမယ်ဆို ဖမ်းပြထားတော့
နည်းနည်း ငြိမ်ကြတယ်ထင်ပါတယ်။ အားလုံး ဘေးကင်းကြပါစေ။
ခင်လေး (Aotearoa)
6:06 p.m. 10.04.2020 Friday