Breaking News

နိုင်မွန်အောင်သွင် - ရွာ

Art by NA
ရွာ
နိုင်မွန်အောင်သွင် 
(မိုးမခ) မတ် ၁၁၊ ၂၀၂၄

ကမ္ဘာကြီးဟာ ရွာ ။

ရှုခင်းလှလှလေးတွေဆီ
လက်လှမ်းမမီခဲ့တဲ့
နာဖျားနေသူရဲ့ပန်းချီကားပါပဲ။

အိမ်ရှေ့ကလည်း
ပူပါတယ်။

အိမ်နောက်ကလည်း
ပူပါတယ်။

ဗုံးဆန်တွေ
ကျည်ဆန်တွေ
တသောသောရွာနေပြန်ပြီအမေ။

ခေါင်မိုးကမလုံရင်
နောက်ကျောကလည်းလုံမှာမဟုတ်ဘူး။

တချိန်တော့
မြက်ခင်းတွေပြန်စိမ်းလန်းလာမှာပဲ။

အခုတော့
မီးခိုးလုံးတွေကဖရိုဖရဲနဲ့
တစ်ခါမှ မရယ်ရတဲ့ဟာသတွေ။

ရွာပါမရှိတော့တဲ့အခါ
အိမ်ဆိုတာ
ခြေရာလက်ရာ
အစ ရှာရခက်လှပါတယ်။

ကံဆိုးသူတို့သွားလေရာ
မိုးက 
ရွှံ့တွေဗွက်တွေ
အနာရောဂါတွေနဲ့
စိတ်ဝေဒနာတွေပါထည့်ပြီးရွာနေကျ။

စိုးရိမ်သောကနဲ့
အနာဂတ်များ
ခြေကုန်လက်ပမ်းကျ၊
ဒီတစ်ညတော့
ငါတို့ဒီမှာခဏနားကြမယ်။

ခေတ်ကိုလေးညှို့တင်ထားတဲ့
ကြယ်မြင်လမြင် ရွာ။  ။

၁.၃.၂၀၂၄
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar