Breaking News

စစ်ပွဲတွေရဲ့ အကျိုးဆက်

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၀ မြင်ကွင်း

(မိုးမခ) မတ် ၁၁၊ ၂၀၂၄ 

စစ်ပွဲတွေရဲ့ အကျိုးဆက် 

ကျနော်တို့ မြန်မာနိုင်ငံတွင်း စစ်ပွဲဖြစ်ပွားနေတဲ့ ကျေးလက်ဒေသတွေ၊ မြို့တွေမှာ နေထိုင်နေကြတဲ့ လူထုအနေနဲ့ နေ့စဥ်ခံစားနေကြရတဲ့ စစ်ပွဲရဲ့ သက်ရောက်မှု ဒုက္ခတွေက စာနဲ့ ရေးသားဖေါ်ပြဖို့ မလုံလောက်နိုင်လောက်အောင် ဆိုးရွားလှပါတယ်။ ကမ္ဘာရဲ့ ဒေသအသီးသီးက စစ်ဘေးဒုက္ခသည်၊ စစ်ဘေးကနေ တိမ်းရှောင်သူတွေလိုပဲ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခနဲ့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေ ပြည့်နှက်နေပြီး အသက်ရှင်သန်ဖို့ အတွက် ရှိသမျှ ငွေကြေး၊ ခွန်အား စတာတွေ ညှစ်ထုတ်သုံးစွဲကြနေကြရတာ ဖြစ်ပါတယ်။ 

စစ်ဘေးရှောင်တွေရဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ သတင်းတွေထဲ၊ သတင်းဆောင်းပါးတွေထဲ ဖတ်ရှုကြည့်မယ်ဆိုရင် သူတို့ ဘယ်လို ရင်ဆိုင်ကြုံတွေ့ နေကြရသလဲဆိုတာ အတိုင်းအတာတခုထိ သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း ဖတ်ရှုရတဲ့ ပအိုဝ်း လူမျိုးတွေရဲ့ ဒေသက စစ်ဘေးရှောင်တွေအကြောင်း ရေး သားထားတဲ့သတင်းဆောင်းပါးတပုဒ်ထဲမှာ ဆီဆိုင်ဒေသက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်း ကျောင်းပြုတဲ့ ပအိုဝ်းလူမျိုး စစ်ဘေးဒုက္ခသည်အကြောင်းဖတ်ရှုမိရာမှာ ဇန်နဝါရီလ နှောင်းပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ PNLA က တဖက်၊ စစ်ကောင်စီတပ်နဲ့ PNO တို့ကတဖက် လက်နက်ကိုင် တိုက် ပွဲတွေ ရက်အနည်းငယ်အတွင်း ဆီဆိုင်မြို့နဲ့ တဝိုက်ဒေသတွေမှာ ပျံ့နှံ့လာပြီး ၄င်းတို့အသက်မွေးတဲ့ ကျေးရွာကနေ ရှမ်းပြည်တောင်ပိုင်းမှာ ထင်ရှားတဲ့ ရှေးဟောင်း စေတီတွေရှိရာ မွေတော်ကုက္ကူ ဘုရားပရဝုဏ်ဆီ စားစရာ ရိက္ခာ၊ စောင်၊ အဝတ်အစားတို့လို ပစ္စည်းတွေ ဘာမှ မသယ်နိုင်ဘဲ ရုတ်တရက် အများနဲ့ အတူတိမ်းရှောင်ခဲ့ကြတာလို့ ဆိုပါတယ်။ ဘုရားပရဝုဏ်မှာ စစ်ဘေးကနေ ခိုလှုံနေကြရာက သီတင်း ၂ ပတ်ခန့်အကြာမှာတော့ ဘုရားဂေါပက အဖွဲ့နဲ့ နယ်ခံလူကြီးတွေက စစ်ဘေးရှောင်တွေကို ဘုရားပရဝုဏ်ကနေထွက်ခွာပေးဖို့ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ဘုရားပရဝုဏ်ကနေ ထွက်ခွာဖို့ပြောဆိုတဲ့အခါ နီးစပ်တဲ့ နယ်မြို့တွေဖြစ်တဲ့ ညောင်ရွှေ၊ အောင်ပန်းနဲ့ တောင်ကြီးတို့လို မြို့တွေမှာ ဆွေမျိုးသားချင်း ရှိသူ၊ ငွေကြေးအနည်းငယ် လက်ထဲရှိသူတွေက မြို့တွေကို တိမ်းရှောင်နိုင်ပေမယ့် တောင်ယာ စိုက်ပျိုးရေးနဲ့ အသက်မွေးသူတွေ အဖို့ လက်ထဲငွေမရှိ၊ မြို့တွေမှာ ဆွေမျိုးရင်းချာမရှိတဲ့ အနေအထားမှာ ရွေးချယ်စရာ မရှိတဲ့အဆုံး စစ်ပွဲဖြစ်နိုင်တယ်ဆိုတဲ့ ကိုယ့်ရွာကိုပဲ ပြန်ပြီးနေထိုင်ဖို့ ဆုံးဖြတ်လိုက်ရတယ် ဆိုပါတယ်။ သီတင်းပတ် ၂ ပတ် ၃ ပတ်ကြာပြီးနောက်မှာ ရွာက သူ့အိမ် သူ့ယာခင်းဆီကိုပဲ ပြန်ဖို့ ဆုံးဖြတ်ပြီးပြန်သွားကာ နေထိုင်နေရတဲ့ အနေအထားလို့ ဆိုပါတယ်။ သူ့လိုပဲ အလားတူ အခြားသော ကျေးရွာတွေက စစ်ဘေးရှောင်သူတွေ လည်း အဲလို အခြေအနေ အခက်အခဲမျိုး ကြုံတွေ့ကြရတာ ကြားသိနေရပါတယ်။ 

သီတင်းပတ် အတန်ကြာ သို့မဟုတ် ၂ လ ၃ လလောက်စစ်ဘေးရှောင်ပြီးနောက်မှာ လက်ထဲ ဘာငွေကြေးမှ မရှိတော့သလို စစ်ဘေးရှောင်ရာ စခန်းတွေ၊ ဘာသာရေးပရဝုဏ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ မှီခိုနေထိုင်ရင်း စားရေး နေရေးအတွက် အကူအညီကို ရာနှုန်းပြည့်အားကိုး ရတဲ့ ဘဝမျိုးရောက်ရှိလာတယ်လို့ ပြောဆိုကြပါတယ်။ စစ်ဘေးရှောင်တွေ အတွက် ရိက္ခာ၊ အကူအညီပေးရေး စနစ်လည်း အခုအချိန်မှာ မလည်ပတ်နိုင်တဲ့ အနေအထားမျိုး ရောက်နေတာဖြစ်ပါတယ်။ ကုလအေဂျင်စီတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ နေရာဒေသအချို့မှာသာ အကူအညီပေးနိုင်တာဖြစ်ပြီး လတ်တလောတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့တွေ နယ်တွေမှာ အကူ အညီပေးဖို့ နိုင်ငံတကာ အဖွဲ့တွေရော ပြည်တွင်းအဖွဲ့အစည်းတွေပါ မလုပ်ဆောင်နိုင်ကြပါဘူး။ လုပ်ဆောင်ခွင့်လည်း မပေးကြသလို လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို သယ် ဆောင်မယ့် ရိက္ခာ၊ ဆေးဝါးလိုပစ္စည်းမျိုးတွေကို တားမြစ် ပိတ်ဆို့ကြတာတွေ လုပ်ဆောင်ကြပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်းက သူတွေအဖို့ စစ်ပွဲဖြစ်ပွားနေချိန် အလုပ်အကိုင်တွေ မလုပ်ကိုင်နိုင်ကြတဲ့ အချိန်ကာလလိုမျိုးမှာ မတန်တဆစျေးနှုန်းနဲ့ ဝယ်ယူစားသောက် ကြရမယ့် အနေအထား၊ ကျန်းမာရေး ရောဂါဖြစ်ပွားတဲ့အခြေအနေမျိုး၊ ကုသမှုခံယူရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်လာကြရတဲ့အခါ မတန်တဆ ကုန်ကျစရိတ်တွေ နဲ့ မတတ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ 

စစ်ဘေးရှောင်တွေရဲ့ အဖြစ်အပျက်တွေကို ချုံ့ကြည့်ရရင် မိမိတို့ဒေသကို ရုတ်တရက် တိုက်ပွဲတွေရောက်လာချိန်မှာ အစပိုင်း တိမ်းရှောင်နိုင်ခဲ့ကြပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကူညီသူ၊ အဖွဲ့အစည်းတွေ ခမ်းခြောက်လာသလို မိမိတို့ကိုယ်တိုင်လက်ထဲမှာ သုံးစွဲစရာ ဘာမှမကျန်တော့တဲ့ အခါ အန္တရာယ်ကျရောက်ချင် ကျရောက်ပါစေ နေ့စဥ် စားသောက်နေထိုင်နိုင်ဖို့ အရေးကြီးတာမို့ မိမိတို့ ရွာ၊ မြို့တွေဆီ ပြန်ဝင်ကြရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ 

အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ကုန်စည် ဖလှယ်တာ ရောင်းဝယ်တာတွေ လုပ်ကိုင်နိုင်ခြင်းမရှိတဲ့အနေအထားမှာ ကာလရှည်ကြာလာတာနဲ့အမျှ အကူ အညီကို မျှော်လင့်စားသောက်ရမယ့်အနေအထား သို့မဟုတ် အငတ်ဘေးလို အနေအထား ရောက်ရှိလာနေတာတွေ မြင်တွေ့နေရပါပြီ။ 

ငွေကြေးအားဖြင့် အပိုအလျှံရှိသူတွေက နယ်ကနေ မြို့၊ မြို့ကနေ မြို့တော်လိုမျိုးကို ပြောင်းရွှေ့ ပြီး နေအိမ်ငှားရမ်းကာ နေထိုင် တိမ်းရှောင်နေကြလို့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့မြို့တွေမှာ အိမ်ငှားခတွေ စျေးမြင့်တက်နေသလို၊ နေအိမ်၊ တိုက်ခန်းအရောင်းအဝယ်တွေလည်း ဖြစ်လာနေတယ်လို့ သတင်းအချို့ကိုဖတ်ရှုရင်သိရှိနိုင်ပါတယ်။ မြို့ကြီးအချို့မှာ နေအိမ်တိုက်ခန်းတွေ အရောင်း အဝယ်ဖြစ်ခြင်းဟာ စီးပွားရေး ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ပဲ စစ်ပွဲရဲ့ အကျိုးဆက် မြို့တွေကို စုပြုံပြောင်းရွှေ့လာကြတာ ကြောင့်သာဖြစ်ပါတယ်။ 

ငွေကြေး မတတ်နိုင်သူတွေ အနေနဲ့တော့ လက်နက်ကိုင် ပဋိပက္ခထဲ စစ်ပွဲဖြစ်နေတဲ့ ဒေသထဲမှာပဲ ဘာလိုဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ကာ ပြန်လည် နေထိုင်နေကြတာပါ။ ဒီလို အခြေ အနေထဲမှာ ဗူးလေးရာဖရုံဆင့်၊ တပူပေါ် နှစ်ပူဆင့်တဲ့ ကိစ္စက စစ်မှုမထမ်း မနေရ ဥပဒေပါ။ ဒီဥပဒေအသက်ဝင်တယ်လို့ ကြေညာအပြီး တလဝန်းကျင်အတွင်း အိမ်နီးချင်းနိုင်ငံတွေကို တရား ဝင်ရော တရားမဝင်ပါ တိမ်းရှောင်ကြသူတွေ ထောင်ဂဏန်း ချီရှိနေတာလည်း ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးလိုမျိုး၊ ဗီဇာလျှောက်ထားတဲ့ သံရုံးလိုမျိုးမှာ အုံးအုံးကြွက်ကြွက်နဲ့ စည်ကားပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြည်တွင်းကထွက်ခွာနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

စစ်ပွဲရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို မီးမောင်းထိုးပြနေခြင်း၊ ထုတ်နှုတ်ရေးပြနေခြင်းဟာ စစ်ပွဲကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းရေးကို လှုံ့ဆော်လိုတဲ့ သဘောထက် စစ်ပွဲတွေက လူထုရဲ့ ဘဝတွေကို ဘယ်လောက်ထိ သက်ရောက်မှု ရှိနေလဲ၊ လူထုအနေနဲ့ ဘယ်လို ခံစားနေရလဲ ဆိုတာကို မူဝါဒ ချမှတ်သူတွေ၊ သက်ဆိုင်သူတွေ သိရှိစေလိုတဲ့ ရည်ရွယ်ချက်က အဓိကဖြစ်ပါတယ်။ စစ်ပွဲဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတော့တဲ့ အခြေအနေမျိုးကြောင့် စစ်ရေးနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြရတာဆိုတဲ့ ယုတ္တိဆင်ခြေလည်း ရှိတာဖြစ်ပြီး အတိုင်းအတာတခုထိ မှန်ကန်ပေမယ့် စစ်ပွဲတွေ အဆုံးမသတ်နိုင်မှ၊ စစ်ပွဲတွေ တည်ရှိနေမှ အကျိုးစီးပွား ရှိမယ့် အင်အားစုလိုမျိုး၊ လူပုဂ္ဂိုလ်လိုမျိုးလည်း ရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း ပစ်ပယ်လို့ မရပါဘူး။ စစ်အာဏာရှင် စနစ်ဟာ စစ်ပွဲတွေ တည်ရှိနေပြီး စစ်ပွဲတွေကို ဖေါ်ဆောင်၊ တိုက်ခိုက်နေတဲ့ သူတွေရှိမှသာ ရှင်သန်နိုင်တာမျိုး စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ကို မလိုလားတဲ့ စနစ်ဆိုတဲ့ အချက်ကိုလည်း မေ့မထားသင့်ဘူးဆိုတာ အဓိကရည်ရွယ် ပြောဆိုချင်တာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar