Breaking News

ထိုင်းလွှတ်တော်က မြန်မာ့အရေး ဆွေးနွေးမှု အကျိုးသက်ရောက်နိုင်ခြေ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂ မြင်ကွင်း

(မိုးမခ) မတ် ၃၊ ၂၀၂၄

ထိုင်းလွှတ်တော်က မြန်မာ့အရေး ဆွေးနွေးမှု အကျိုးသက်ရောက်နိုင်ခြေ

မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ထိုင်းနိုင်ငံလွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီ က ကမကထ ပြုလုပ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်၊ ကုလအထူးကိုယ်စားလှယ်၊ ကေအန်ယူ အဖွဲ့မှ ကိုယ်စားလှယ် နဲ့ အခြားမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေ ပါဝင်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ အကျပ် အတည်း ကြုံတွေ့နေရတဲ့ ခေါင်းစဥ်အပေါ် မူတည်ပြီး ဆွေးနွေးကြတာ ဖြစ်ပြီး ထိုင်းအစိုးရ အနေနဲ့ တိုက်ရိုက်ပါဝင်တာမဟုတ်ပေမယ့် လွှတ်တော်က ကမကထလုပ်တာဖြစ်လို့ လွှတ်တော်ထဲမှာ ပါဝင်နေတဲ့ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော် ဥက္ကဋ္ဌ စတဲ့ မူဝါဒဆုံးဖြတ်နိုင်သူတွေရဲ့ သဘောတူညီမှုပါဝင်တယ်ဆိုတာ ထင်ရှားတဲ့အချက်ဖြစ်ပါတယ်။ ယခင်ထိုင်းအစိုးရလက်ထက်မှာတော့ အာဏာသိမ်းထားတဲ့စစ်အစိုးရနဲ့သာ တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယမန်နှစ်ကကျင်းပတဲ့ရွေးကောက်ပွဲအပြီး တက်လာတဲ့လက်ရှိထိုင်းအစိုးရအနေနဲ့တော့ အတိုင်းအတာတခုထိ စစ်အစိုးရနဲ့ ဆန့်ကျင်ဘက်အင်အးစုတွေကို အကန့်အသတ်တခုနဲ့ သွယ် ဝိုက်ဆက်ဆံလာတဲ့ အနေအထားလို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။ 

နဂိုမူလ အစီအစဥ်မှာ ဆွေးနွေးပွဲအဖွင့်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အဖွင့်မှတ်ချက်စကား ပြောကြားမယ့်အစီအစဥ်ထည့်သွင်းထားပေမယ့် မြန်မာနိုင်ငံစစ်အစိုးရက ဒီဆွေးနွေးပွဲနဲ့ ပတ် သက်လို့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်အကြောင်းပြချက်နဲ့ ကန့်ကွက်မှုရှိလာတာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲတက်ရောက်ခြင်း မပြုတော့တာလို့ ယူဆရပါတယ်။ ထိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အများဆုံးပါတီဖြစ်တဲ့ ထောက်ခံမှုအများအပြားရလာတဲ့ ငယ်ရွယ်တဲ့ နိုင်ငံရေးသမား ပီတ ဦးဆောင်တဲ့  MFP ပါတီက အခု ဆွေးနွေးပွဲမှာ တက်တက်ကြွကြွအားပေးပါဝင်တာဖြစ်ပြီး မြန်မာစစ်ကောင်စီနဲ့ရင်းနှီးတဲ့ဆက် ဆံရေးကို ထိန်းသိမ်းထားတဲ့ ထိုင်းစစ်တပ်အနေနဲ့တော့ အခုလိုဆွေးနွေးပွဲမျိုးကို သဘော တွေ့မှာ မဟုတ်ပါဘူး။ ဒါက ထိုင်းနိုင်ငံရေးရဲ့ အနေအထားကိုလည်း ထင်ဟပ်ပြသတဲ့ ဖြစ်ရပ်တခုဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နယ်စပ်ဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေ၊ နယ်စပ်မျဥ်းကို ဖြတ်ကျော်တိမ်းရှောင်လာတဲ့ ဒုက္ခသည်ဆိုင်ရာအရေးကိစ္စ၊ တရားမဝင် နယ်စပ်ကျော်ဖြတ်ဝင်ရောက် လာနေတဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားအရေး စတာတွေမှာ စစ်တပ်နဲ့ နိုင်ငံရေးသမားတွေအကြား ရှုမြင်ပုံမတူညီတာ၊ ချဥ်းကပ်ပုံ မတူညီတာကိုလည်း တွေးဆနိင်တဲ့ အနေအထားလို့ဆိုရမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်သူတွေကို လက် ရှိ ထိုင်းအစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး ရှေ့ပြေးအစီအစဥ်တရပ်ကိုလည်း ယခုလမှာ စတင်ဖို့ရှိတဲ့အကြောင်း ကြေညာထားပြီး မြန်မာနိုင်ငံဘက်က မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နဲ့ဆက်သွယ်ဆောင်ရွက်ဖို့ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန် ကြီးနဲ့ မကြာခင်လပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီအစီအစဥ်တွေကို ကမကထလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ သို့ပေမယ့် မြန်မာစစ်ကောင်စီရဲ့ လွှမ်းမိုးမှုအောက်မှာရှိတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းမဟုတ်တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို တဖက်အဖွဲ့အစည်းအနေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့လုပ်ဆောင်ထားတာကြောင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ မြန်မာ့အတိုက်အခံအဖွဲ့အစည်းတချို့က ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ တနည်းအားဖြင့် စစ်ပွဲတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်ဆိုတာ အငြင်းပွားစရာမရှိတဲ့ အချက် အလက်တရပ် ပကတိအခြေအနေတရပ်ဖြစ်ပြီး ဘယ်လိုကူညီမလဲ ဘယ်သူတွေက ကူညီမလဲဆိုတဲ့အချက်တွေက ဆွေးနွေးစရာ၊ သဘောထားကွဲလွဲနိုင်တဲ့အကြောင်းအချင်းအရာတွေ ဖြစ်နေပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေ မရောက်ရှိနိုင်အောင် အရပ်သားတွေကိုပါ ပိတ်ဆို့ဒဏ် ခတ်တာ ဖြတ် ၄ ဖြတ်လုပ်ရာမှာ တရားခံဖြစ်တဲ့စစ်ကောင်စီ နဲ့ ဆက်ဆံဆောင်ရွက်ပြီး ကူညီမှုတွေ လုပ်ဆောင်တာ မှန်ကန်ရဲ့လားဆိုတဲ့ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။ သာဓကအားဖြင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စလို့ ပြည်နယ်တခုလုံးကို လူအဝင်အထွက်နဲ့ ကုန်စည်ကူးသန်းမှု လုံးဝနီးပါးပိတ်ဆို့ထားတဲ့အချက်က စစ်ကောင်စီရဲ့ အရပ်သားတွေ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ခြင်းမရှိသူတွေကို ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ စတဲ့အရေးကြီးတဲ့ ကုန်စည်တွေ ဝယ်ယူရောင်းချနိုင်ခြင်းမရှိအောင်လုပ်ဆောင်တာဖြစ်လို့ ဒီလို လုပ် ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ဆက်သွယ်ပြီး လူသားချင်းစာနာမှု အကူအညီပေးအပ်ဖို့ဆိုတာကို မေးခွန်းထုတ် ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ 

အခုလို ထိုင်းလွှတ်တော်က မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြတာကြောင့် ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့သက်ဆိုင်တဲ့ ပေါ်လစီက လုံးဝပြောင်းလဲသွားမယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ ထိုင်းနိုင်ငံရေးမှာ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ကြီးကြီးမားမား သြဇာရှိ၊ ဆုံးဖြတ်ပိုင်ခွင့်ရှိနေတဲ့ ထိုင်းစစ်တပ်ကို ကိုယ်စားပြုတဲ့သူတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေက မြန်မာနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒတွေကို အတိုင်းအတာတခုအထိ ပုံသွင်းခွင့်ရှိနေဦးမှာဖြစ်ပြီး မြန်မာအတိုက်အခံ အင် အားစုတွေ၊ ထိုင်းမြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ထိုင်းစစ်တပ်နဲ့ အားပြိုင်နေရတဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်တွေကို မြန်မာ့နိုင်ငံရဲ့ အရေးကိစ္စတွေ ပိုမိုနားလည်လာအောင် လူသားချင်းစာနာမှု အကူ အညီ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေး အတွက် လိုအပ်တဲ့ အားပေးကူညီမှုတွေ ကူညီဖို့ ဆက်လက် စည်းရုံးလုပ်ဆောင်နေရဦးမယ့် အခြေအနေလို့ ဆိုရင် မှားမယ် မထင်ပါဘူး။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar