နေသွင်နိုင်း - နွေရူးတကောင်ရဲ့ကိုယ်ရေးအကျယ်
နွေရူးတကောင်ရဲ့ကိုယ်ရေးအကျယ်
နေသွင်နိုင်း
(မိုးမခ) မတ် ၃၀၊ ၂၀၂၄
သူ မရှိတော့ဘူးကြားရတဲ့နေ့က တမြို့လုံးတိတ်ဆိတ်သွားတယ်။ အသံတွေ တိုးလျသွားတယ်။
အခုလို နွေဥတုကြီးသင်္ချိုင်းကြီးထဲ လူသေတွေနဲ့ စကားပြောတတ်တဲ့ ငါ့မှာ ကောင်းကင်တော်ရဲ့စကားကြားရဲ့ ။ အခုတော့ သူ မရှိတော့ဘူးဆိုတဲ့သတင်းစကားတွေတောင် မကြားမိတော့။
"မင်း အဲ့ဒီအကြောင်းကြားပြီပြီလား"လို့ သေသွားတဲ့ သူငယ်ချင်းတယောက်လာပြောမှ ငါအိပ်ရာက လန့်နိုးသွားတယ်။ သတိရခြင်းအရိပ်တွေက ခြေသံလုံလုံတွယ်တက်ပြီး ထရံကြားက တရွှီးရှီးဝင်လာရော။
အိပ်မပျော်တဲ့နာရီတလုံးလို တီဗီခလုတ်ကိုနှိပ်လိုက်မိတော့ မိန်းမပျက်တယောက်ရဲ့မျက်နှာပေးနဲ့ မအေလိုးရဲ့ ရှက်ကြောပျက် ရိုးရိုးသားသားမိသားစုငါးချဥ်တကောင်ရဲ့ အင်တာဗျူးပေါ်လာလို့ ထွီခနဲ တံတွေးထွေးလိုက်တယ်။ "ဒီမှာကိုယ်လူတို့ မီးမမွေးချင်နေ၊မီးတော့ လာမရှို့နဲ့ ၊ရ ထားတဲ့ ရထားမှာ တော်လှန်စိတ်ကို မွေးမြူကြ ။ ခွေးသန္ဓေလူသတ်သမားရဲ့ အသွေးအသားမှာ ဘယ်ကျမ်းစာမှ မရှိ။ ဘယ်အကြင်နာတရားမှ မပွင့်။ ခွေးတကောင်လို အူပြီး ဘီလူးတကောင်လို ရက်စက်ဖို့ ဒေါ်စိန်အေးကျောင်းက သင်ကြားပေးခဲ့တော့ရန်သူက ရန်သူပီသကြတယ် ငါ့ကောင်"ဆိုတဲ့ အသံ ငါ့သူငယ်ချင်းကြီးရဲ့အသံစူးစူးပဲ။
တော်လှန်ဝိညာဥ်က ကြယ်တွေရဲ့ဘာသာစကားနဲ့။ အကျဥ်ထောင်ရဲ့ရက်စက်တဲ့ညတွေရဲ့ သန်းခေါင်ယံမေးခွန်းများစွာ တိတ်ဆိတ်ပြီးတဲ့နောက် အိပ်ဖန်စောင့်ရဲ့ဘယ်ဘက်နံရိုးထဲ သွားကြားထိုးတံအပြည့် ထိုးစိုက်ခံရပုံ။ အဲ့ဒီနောက်ညာဘက်စောင်းအိပ်ရတဲ့အတွေ့အကြုံကို ငါတို့ရဲဘော်ရယူခဲ့ ညပေါင်းများစွာ။ ရက်စက်မှုများစွာ ရွာကျပြီးတဲ့နောက် ယုံကြည်ချက်တစ္ဆေရဲ့ညာဘက်နံရိုးထဲ နောက်ထပ် သွားကြားထိုးတံတွေ ရိုက်သွင်းခံရပုံ။
ငါကြားတယ်။ ပက်လက်အိပ်ပြီး ညကောင်းကင်ကို မော့ကြည့်တော့ ပြုံးရယ်နေတဲ့သူက မိုးမမြင်လေမမြင် ပန်းခြံမှာ လိင်ဆက်ဆံကြပုံမျိုးနဲ့ အသွားအလာမပျက်တဲ့ပွဲတော်တွေအကြောင်း မသိသွားခဲ့ဘူး။ ပြောတယ်။ ကျောတပြင်လုံးအစိုက်ခံရတဲ့ သွားကြားထိုးတံတွေ သံဆူးချောင်းတွေလို ထူထဲမို့မောက်လာပုံ၊ ဘယ်စောင်း မရ ၊ ညစောင်းမရတဲ့အခါ သူ အံကြိတ်မှောက်အိပ်၊အဲ့ဒီနောက် ရင်ဝမှာ၊ အဆုတ်မှာ၊ နှလုံးမှာ၊ အစာအိမ်မှာ၊ ခြေသလုံးမှာ၊ လက်နှစ်ဖက်မှာ၊ မျက်နှာတခုလုံးမှာ၊စအိုမှာ၊အဲ့ဒီနောက် သွားကြားထိုးတံလူသားဟာ မီးအကင်ခံရတော့မယ့် အသားတစ်ပမာ။
စစ်ကြောရေးမှာ သူကျဆုံးသွားခဲ့တယ်။ ကိုယ်ခန္ဓာစိုက်ထားတဲ့ သွားကြားထိုးတံအချောင်းပေါင်းတထောင်လောက်ကနေ ပြည်တွေ၊ သွေးတွေယိုစီးကျလို့။ အဲ့ဒီအကြောင်းကို လေထုထဲဘယ်သူ ထုတ်လွှင့်ခဲ့ပါသလဲ။ ငါကြားခဲ့ရတယ်။ သွေးစိမ်းနံ့မပါတဲ့ သတင်းစာက အလင်းနှစ်များစွာ နောက်ကျလာတဲ့ရထား။ ငါပြောတဲ့အခုစကားတွေတောင် ငါ့ဘေးကလူတွေ နားမထောင်ချင်ကြတော့ဘူး။ ငါ့ကိုတွေ့ရင် ဦးချိုပါတဲ့သတ္တဝါရူးလို အတောင်တထောင်က ရှောင်ကြတယ်။ စစ်ကြောရေးမှာကျသွားတဲ့ ငါ့ရဲဘော်အကြောင်း ငါပြောပြနေတာတောင် တိုးတိုးလျလျပြောဖို့ တားမြစ်နေကြလို့ လူသေတွေနဲ့ ငါစကားလာပြောနေရတယ်။ သက်တမ်းရှည် သစ်ပင်တွေ မမြင်ဖူးတာလည်း ငါတို့ငရဲပဲဆိုတော့ တနေ့ရွှေဥတလုံးဥဖို့ဆို သစ္စာဖောက်တွေရဲ့ခေါင်းကို ခုတ်ချိုင်လို့တောရောက်ရောက် တောင်ရောက်ရောက် ရင်ရိုးရင်ခက်မှာ ပန်းကတော့ ပွင့်မှ ဖြစ်မယ်ဆိုတဲ့အသိနဲ့ လက်သီးကိုဆုပ်ထားမြဲ။
သူ မရှိတော့ဘူးကြားရတဲ့နေ့ကတော့ တမြို့လုံးတိတ်ဆိတ်သွားဖူးတယ်။ ။
*** စစ်ကြောရေးမှာ ကျဆုံးသွားသော ရဲဘော် ကိုချစ်သို့)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar