Breaking News

နန္ဒအောင် - တိုက်ပွဲခေါ်သံ ဌေးမောင်အကြောင်း စပ်မိစပ်ရာ

Image- Credit

တိုက်ပွဲခေါ်သံ ဌေးမောင်အကြောင်း စပ်မိစပ်ရာ
နန္ဒအောင်
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၆

ဆရာဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံ ဝတ္ထုရှည် စာအုပ်ကို ဖတ်ဖြစ်တယ်။ တိုက်ပွဲခေါ်သံက ၁၉၆၅ ခုနှစ်မှာ အမျိုးသားစာပေဆု ဝတ္ထုရှည် ပထမဆု ရထားတဲ့ စာအုပ်ပါ။ ၁၉၆၅ ခုနှစ်ဆိုတာ အချိန်ကာလအားဖြင့် ကျွန်တော် မွေးဖို့ ဆယ်စုနှစ် သုံးခုလောက်တောင် လိုပါသေးတယ်။ ဆရာဌေးမောင်ရဲ့ လက်ရာတွေဖြစ်တဲ့ တိုက်ပွဲခေါ်သံနဲ့ အရေးတော်ပုံ ဝတ္ထုတွေ ဖတ်ပြီးတော့ ခံစားမိတာကတော့ ' တိုက်ပွဲခေါ်သံ ' ဝတ္ထုက ပိုပြီး ရသဆန်တယ်လို့ ခံစားမိတယ်။

တိုက်ပွဲခေါ်သံလို့ ပြောလိုက်ရင် ဒါရိုက်တာ ဦးတင်ဦး၊ မင်းသား သီဟတင်စိုးတို့ကဲ့ တိုက်ပွဲခေါ်သံ ရုပ်ရှင်ကို ပြေးမြင်ကြပါလိမ့်မယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဆရာဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံ ဝတ္ထုကို မဖတ်ဖူးခင်က သီဟတင်စိုးတို့ရဲ့ တိုက်ပွဲခေါ်သံ ရုပ်ရှင်နဲ့ အတူတူလား၊ ဒါမှမဟုတ် ဆရာဌေးမောင်ရဲ့ ဝတ္ထုကို မှီငြမ်းပြီး ရိုက်ထားတာလားလို့ တွေးထင်မိပါတယ်။ ဆရာဌေးမောင်ရဲ့ သားဖြစ်တဲ့ ဦးမြင့်ထူးနဲ့လည်း  တိုက်ပွဲခေါ်သံ ဝတ္ထုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောဖြစ်တယ်။
တကယ်တော့ ဆရာဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံ ဝတ္ထုနဲ့ သီဟတင်စိုး သရုပ်ဆောင်တဲ့ တိုက်ပွဲခေါ်သံ ရုပ်ရှင်နဲ့က မတူပါ။ " တိုက်ပွဲခေါ်သံ " ဆိုတဲ့ နာမည်ချင်းသာ တူတာပါ။  ဆရာဌေးမောင်ရဲ့သား ဦးမြင့်ထူး ပြန်ပြောချက်အရဆိုရင် ဒါရိုက်တာ ဦးတင်ဦးတို့က ချောက်ရေနံမြေမှာ  တိုက်ပွဲခေါ်သံ ရုပ်ရှင်ရိုက်ဖို့အတွက် ရိုက်ကွင် ဇာတ်ညွှန်းအတွက် အကြံအဉာဏ်တောင်းခဲ့တယ်လို့ သိရတယ်။ အဲဒါကြောင့်မလို့ တိုက်ပွဲခေါ်သံ ရုပ်ရှင်မှာ ' ရိုက်ကွင်းဇာတ်ညွှန်း ဦးဌေးမောင်၊ ဦးရွှေစင် '  လို့ စာတန်းထိုးထားတာ တွေ့ရတယ်။

ဆရာဌေးမောင်က ၁၃၀၀ ပြည့် အရေးတော်ပုံ ရေနံမြေ သပိတ်ကာလ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့ မီးလျှံတွေကြားက အချိန်ကာလကို အရေးတော်ပုံ ဝတ္ထုမှာ သရုပ်ဖော်တယ်။ တိုက်ပွဲခေါ်သံ ဝတ္ထုကိုတော့ အင်္ဂလိပ်အပြေး ဂျပန်အဝင်နဲ့ ဇာတ်လမ်း စထားပြီး ဂျပန်အပြေး အင်္ဂလိပ်ပြန် အဝင်နဲ့ ဇာတ်လမ်းဆုံးထားတယ်။ ဝတ္ထုနှစ်ပုဒ်လုံးရဲ့ နောက်ခံကာလကို ချောက်ရေနံမြေမှာပဲ ဇာတ်အိမ်တည်ထားတယ်။ ဆရာဌေးမောင်က အရေးတော်ပုံနဲ့ တိုက်ပွဲခေါ်သံ ဝတ္ထုတွေအပြင် ဂျပန်အပြေး အင်္ဂလိပ်ပြန်အဝင် မြန်မာအမျိုးသားတွေရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို မှတ်တမ်းတင်ဖို့ ' ရဲဘော် ' ဆိုတဲ့ သမိုင်းနောက်ခံ ဝတ္ထုရှည်ကြီး ရေးဖို့ရှိသေးတယ်လို့ သိခဲ့ရတယ်။

ဆရာဌေးမောင်ရဲ့ ဝတ္ထုရှည်တွေက သမိုင်းနောက်ခံ ဝတ္ထုတွေများတယ်။ သမိုင်းနောက်ခံကိုမှ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးအတွက် ကြိုးစားခဲ့ရတာမျိုးတွေပါ။  ဆရာ ကိုယ်တိုင်ကလည်း ' သခင်မျိုးဟေ့ ဒို့ဗမာ ' ဆိုတဲ့ ကြွေးကြော်သံတွေအောက်မှာ ကြီးပြင်းခဲ့ရတာလည်း ပါမယ်။ ဆရာ မိသားစုကလည်း ဟံသာဝတီ ဦးဝင်းတင် စကားနဲ့ ပြောရရင် ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းကို လျှောက်ခဲ့သူတွေပါပဲ။ ဆရာဌေးမောင် အမေ " ဒေါ်ငွေခဲ " ဆိုတာက ရဲရဲတောက် သခင်မကြီး တယောက်ပဲ။ ရေနံမြေသပိတ်တုန်းက အဖမ်းခံရပြီး ပခုက္ကူထောင်မှာ ထောင်ကျတယ်။ ဆရာဌေးမောင် အစ်ကိုက ပုလိပ်ရိုက်နှက်တာ ခံရတယ်။ ဆရာဌေးမောင် ကိုယ်တိုင်လည်း ဂျပန်ခေတ်မှာ ခေတ်လမ်းကိုလျှောက်ခဲ့သူပါ။ ဂျပန်ခေတ် ချောက်မြို့က မော့တန်းလျားဆိုတဲ့ရပ်ကွက်‌ လေးမှာ ဆရာဌေးမောင် တယောက် ရဲဘော်သန်းရွှေ ( သခင်စိုးရဲ့ လက်ရုံး)၊ ကိုဝါကျင်၊ သခင်အေးမောင်၊ ရဲဘော်ဘပြုံး၊ ရဲဘော်စံညွန့် တို့နဲ့  ဆွေး‌နွေး‌ပွဲတွေ လုပ်ခဲ့ပြီး ခေတ်လမ်းကို လျှောက်ခဲ့တာပါ။ စစ်ပြီးခေတ် ချောက်မြို့နယ် နိုင်ငံရေးမှာ ဆရာဌေးမောင်က သခင်ဖိုးလှကြီးရဲ့သား ရဲဘော်အောင်သန်း၊ သခင်ခင်ရဲ့သား ဦးသိန်းဟန်တို့နဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ခေါင်းဆောင်ပြီး လှုပ်ရှားခဲ့တယ်။ ဆရာဌေးမောင်ရဲ့ သားတွေကလည်း သူ့ခေတ်သူ့အခါမှာတော့ ကျရာနေရာကနေ ခေတ်ဝန်ကို တတ်နိုင်သလောက်ထမ်း ခေတ်လမ်းကို အားရှိသရွေ့ လျှောက်ခဲ့တယ်။ ဆရာဌေးမောင်ရဲ့သားကြီးဖြစ်တဲ့ ' ဦးမြင့်ဆန်း ' ဆိုရင် သူ့ခေတ်သူ့အခါက အဲဒီခေတ်ရဲ့ လှိုင်းလုံးကြီးတွေအောက်မှာ လှုပ်ရှားမှုတွေ အများကြီး အလုပ်လုပ်သွားတဲ့သူတယောက်ပါ။ ကျွန်တော်က ဦးမြင့်ဆန်းနဲ့ မရင်းနှီးပေမယ့် သူ့ညီဖြစ်တဲ့ ဦးမြင့်ထူးနဲ့က စာအကြောင်းပြောနေကျ စာပေမိတ်ဆွေတွေပါ။ ဦးမြင့်ထူးဆီက‌နေ တခါတလေမှာ သူ့မိသားစုအကြောင်း၊ သူ့အဖေအကြောင်းတွေ ကြားရတတ်ပါတယ်။

ဆရာဌေးမောင်က Action Times နဲ့ အင်တာဗျူးမှာ '  တိုက်ပွဲခေါ်သံနဲ့ ပတ်သက်လို့  ရေးတော့မယ်ဆိုတော့ ဇာတ်ကောင်၊ ဇာတ်အိမ်နဲ့ ဇာတ်ကွက်များက အဆင်သင့် ရှိနေပါတယ် ' လို့ ပြောထားတာ ဖတ်ရတယ်။ ဟုတ်ပါတယ်၊ ဆရာဌေးမောင်က ဂျပန်ခေတ်မှာ သူကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားခဲ့သူဆိုတော့ သူ့အတွက် တိုက်ပွဲခေါ်သံ ဝတ္ထုအတွက် ရေးစရာ ကုန်ကြမ်း အမြောက်အမြားရှိနေမှာပါ။  အဲဒီ အင်တာဗျူးထဲမှာပဲ ဆရာဌေးမောင်က ' တိုက်ပွဲခေါ်သံ ရေးသားရာမှာ စစ်ဒဏ်ခံရတာဟာ လောကငရဲလို ဆိုးရွားလှပါတယ်၊ ထပ်မံပြီး စစ်မဖြစ်စေလိုဘူး၊ မျိုးဆက်သစ်တွေ စစ်ဘေးအန္တရာယ်မှ ကင်းဝေးပါစေဆိုတဲ့ စေတနာလည်း ပါဝင်ပါတယ် ' လို့ ပြောထားတယ်။ 

တိုက်ပွဲခေါ်သံ ဝတ္ထုနဲ့ ပတ်သက်ပြီး သွေးသောက် မဂ္ဂဇင်း၊ လူထု သတင်းစာတွေက ဝေဖန်ရေးသားကြတယ်။ ဆရာသိန်းဖေမြင့်က ‌' ငွေတာရီ မဂ္ဂဇင်း ' မှာ

" ဇာတ်လမ်းမှာ ရိုးရိုးလေးနှင့်ကောင်းသည်။ သမီးရည်းစား ချစ်ကြပုံမှာ ချစ်စဖွယ်ဖြစ်သည်။

ဌေးမောင်သည် ဇာတ်ကောင်သရုက်ဖော် ပိုင်နိုင်သလို မြင်ကွင်းခြယ်မှုန်း ရေးသားရာ၌ အနုပညာ လက်ရာမြောက်လှပေသည်။

လက်ဖက်ရည်ကြမ်းဝိုင်းကို ခြယ်မှုန်းရေးသားပုံ ကောင်းသလို ပင်းချောင်းတိုက်ပွဲ ( ပြေးနေသော အင်္ဂလိပ်ကို ဂျပန်တို့ လိုက်တိုက်သော စစ်ပွဲ ) ကို ခြယ်မှုန်းရေးသားပုံကောင်းသည်။

ဆက်ကော်မတီတွင် အငြင်းမပွားရဘဲ ကြာကြာကြီး ဆွေးနွေးမနေရဘဲ တညီတညွတ်တည်း တိုက်ပွဲခေါ်သံကို ပထမဆုအတွက် ရွေးလိုက်ကြသည် " လို့ ရေးထားတယ်။

ကျွန်တော်က ဆရာဌေးမောင်ရဲ့ လက်ရာတွေထဲက အရေးတော်ပုံ ဝတ္ထုကို အရင်ဖတ်ဖြစ်တယ်။ အရေးတော်ပုံ ဝတ္ထု ဖတ်ပြီးမှ တိုက်ပွဲခေါ်သံ ဝတ္ထုကို ဖတ်ပါတယ်။ အရေးတော်ပုံ ဝတ္ထုကို ဖတ်ပြီးတော့ အဲဒီဝတ္ထုနဲ့ ပတ်သက်လို့ ' ကျွန်တော် ခံစားမိတဲ့ အရေးတော်ပုံဌေးမောင် ' ဆိုပြီး ခံစားမိတာ
လေးတွေ ရေးဖြစ်ပါတယ်။ ခံစားမိသလို ရေးတယ်လို့ပြောလို့ရသလို၊ ကျွန်တော် ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေကိုဆွဲထုတ်ပြီး ရေးတယ်လို့လည်း ပြောလို့ရပါတယ်။ အရေးတော်ပုံ ဝတ္ထုဖတ်ပြီးချိန်မှာ ကျွန်တော့်တသီးပုဂ္ဂလအနေနဲ့ သိပ်ဘဝင်မတွေ့တဲ့အချက်ကလေးတချက်ကို ဝတ္ထုထဲမှာ တွေ့ရပါတယ်။ အရေးတော်ပုံဖတ်ပြီးချိန်မှာ အဲဒီအချက်ကလေးတချက်ကို ကျွန်တော့်အနေနဲ့တော့ သိပ်ဘဝင်မတွေ့ဘူးဆိုပြီး ဆရာဌေးမောင်ရဲ့သား ဦးမြင့်ထူးကို ပြောဖြစ်တယ်။ ဝတ္ထုဖန်တီးသူက သမိုင်းနောက်ခံ ဖြစ်ရပ်မှန်ကို အခြေခံပြီး ဝတ္ထုဖန်တီးတာဆိုတော့ ဖန်တီးသူဆရာဌေးမောင်ရဲ့ ဖန်တီးခြယ်မှုန်းပြတာကို သဘောမတွေ့တာမဟုတ်ဘဲ ဝတ္ထုထဲက အကြောင်းအရာသဘောထားတခုကို ဘဝင်မတွေ့သလိုမျိုးပါ။ ရေနံမြေ သပိတ်ကာလ ချောက်ရေနံမြေကို သခင်စိုးနဲ့ ရဲဘော်ဂိုရှယ်တို့ လာရောက်ဆွေးနွေးကြတဲ့ထဲက သဘောထားတခုပါ။

တိုက်ပွဲခါ်သံ ဝတ္ထုဖတ်ပြီးချိန်မှာတော့ အရေးတော်ပုံ ဝတ္ထုထဲက သဘောမတွေ့တဲ့ ခံစားမူ့က ကျေနပ်သွားပြီး ပျောက်သွားသလိုခံစားရတယ်။ တိတိကျကျပြောရရင် ဂျပန်ကင်ပေတိုင် အရာရှိ အုအေနောကို ရဲဘော်ရွှေမောင်က ပြန်လွှတ်လိုက်တာကိုဖတ်ပြီး ခံစားမိတာပါ။ ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသုခကလည်း " ဝတ္ထုထဲမှာ ကင်ပေတိုင်အရာရှိ အုအေနောကို တော်လှန်ရေးသမားရဲဘော်ရွှေမောင်က လွှတ်ပစ်လိုက်တော့  ငါဆို လွှတ်နိုင်ပါ့မလားလို့စဉ်းစားတယ်၊ မဆုံးဖြတ်နိုင်ဘူးဗျ " လို့လည်း ပြောပါတယ်။

ရန်ကုန်ဘဆွေကလည်း တိုက်ပွဲခေါ်သံအမှာစာမှာ ' ခင်မင်ဖွယ်သော စာဖတ်သူသည် ယင်းသို့ လူတိုင်းလူတိုင်းတွေ့ကြုံသိရှိခဲ့ကြသည့် ဖက်ဆစ်တော်လှန်ရေးငရဲခန်းကြီးအား စာရေးဆရာ တစ်ယောက်လည်း မည်သို့မည်ပုံသိရ၏။ ကြားရ၏။ မြင်ရ၏။ ထိတွေ့ပါဝင်ခဲ့ရ၏ ဆိုသည်ကို ... သိရှိ= လေ့လာသည် ဆိုပါက .. စိတ်ချလက်ချဖြင့် ... ဖတ်သာဖတ်ဟူ၍ ... ' မိတ်ဆက် အမှာစာရေးသားထားတယ်။ ရန်ကုန်ဘဆွေရဲ့ အရေးအသားက ဝတ္ထုပါသမိုင်းနောက်ခံ အချက်အလက်တွေကို ထောက်ခံရေးသားထားတဲ့အရေးအသားမျိုးလို့ ခံစားမိပါတယ်။

တိုက်ပွဲခေါ်သံ ဝတ္ထုနဲ့ အရေးတော်ပုံဝတ္ထု နှစ်ပုဒ်မှာ တိုက်ပွဲခေါ်သံ ဝတ္ထုက ပိုပြီးရသဆန်တယ်လို့ ကျွန်တော့်တသီးပုဂ္ဂလအမြင်ကနေ ခံစားမိပါတယ်။ အရေးတော်ပုံ ဝတ္ထုထက်စာရင် တိုက်ပွဲခေါ်သံ ဝတ္ထုမှာက ပိုပြီး ဇာတ်ကောင်များပါတယ်။ ညီအစ်ကိုရင်းတွေဖြစ်တဲ့  အချောင်သမား ရွှေအောင်၊ ‌တိုက်ပွဲခေါ်သံရဲ့ ဇာတ်လိုက်ရွှေမောင်၊ ရွှေဆောင်၊ သူတို့ ညီအစ်ကိုသုံးယောက်ရဲ့ ညီမ မြသီ၊ ဦးကျော်မင်း၊ သခင်ဘဂျမ်း၊ ဂျပန်အလိုတော်ရိ မောင်တင်၊ ခင်မြမြ၊ မမြသက်၊ ရဲဘော်အောင်မြင့်၊ ဂျပန်ကင်ပေတိုင်အရာရှိဘိုကေစိန်နဲ့ အုအေနော စတဲ့ဇာတ်ကောင်တွေအများကြီးနဲ့ ဝတ္ထုကိုဖန်တီးထားတာပါ။

တိုက်ပွဲခေါ်သံမှာ ဇာတ်ကောင်များတာက ဝတ္ထုဖန်တီးသူ ဆရာဌေးမောင်ရဲ့ ကိုယ်ဖန်တီးတဲ့ဇာတ်လမ်း၊ ဇာတ်ကွက်ပိုင်နိုင်မှုကို မြင်ရတာပါပဲ။
ဆရာဌေးမောင် ကိုယ်တိုင်ကလည်း အင်တာဗျူးထဲမှာ ' တိုက်ပွဲခေါ်သံနဲ့ပတ်သက်လို့  ရေးတော့မယ်ဆိုတော့ ဇာတ်ကောင်၊ ဇာတ်အိမ်နဲ့ ဇာတ်ကွက်များက အဆင်သင့် ရှိနေပါတယ် ' လို့ ပြောထားပါတယ်။ ဇာတ်ကောင်အသီးသီးက ဇာတ်ကွက်နေရာမျိုးစုံမှာ ပါဝင်အားဖြည့်သလို၊ ဇာတ်ကောင်အများကြီးနဲ့ ဇာတ်အိမ်တည်ဆောက်ပြဖို့ဆိုတာ ဝတ္ထုဖန်တီးသူက ပိုင်နိုင်မှုရှိမှဖြစ်မှာပါ။

ဆရာဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံကိုဖတ်ပြီးတာနဲ့ ဘာလို့ ဇာတ်ကောင်တွေအများကြီးနဲ့ ဖန်တီးထားရတုန်းဆိုတာကို သဘောပေါက်လာမိတယ်။ ဖက်ဆစ်တော်လှန်ရေး လုပ်တဲ့နေရာမှာ ဇာတ်ကောင်တယောက်၊နှစ်ယောက်လောက်နဲ့ အလုပ်တာဝန်တွေ အများကြီး လုပ်လို့မရပါဘူး။ ဇာတ်ကောင် တယောက်၊ နှစ်ယောက်လောက်ကို ဖက်ဆစ်တော်လှန်ရေးရဲ့ အကောင်းတွေကိုပဲ သယ်ဆောင်လာခိုင်းလို့ မရပါဘူး။ ‌ဆန့်ကျင်ဘက် သဘောတရားတွေဆိုတာ နေရာတိုင်း၊ အချိန်တိုင်းမှာ ရှိနေတတ်ပါတယ်။ စစ်ကိုင်းဦးဘိုးသင်းရဲ့ ခံယူချက်အရဆိုရင် " အကောင်းရှိရင် အဆိုးလည်း ရှိရမယ်၊ ဘယ်ဘက်လက်ရှိရင် ညာဘက်လက်လည်း ရှိရမယ်၊ တဘက်တည်းဆိုရင် လူခန္ဓာကိုယ်က မပြည့်စုံတော့ဘူးပေါ့ " ဆိုတဲ့ သဘောတရားလိုပေါ့ဗျာ။ အမျိုးသားရေး အမြင်ကနေပဲ ကြည့်ပြီးဖက်ဆစ်တော်လှန်ရေး လုပ်သမျှ လူတိုင်း အကောင်းချည်း မဟုတ်ဘူး အချောင်သမား ရွှေအောင်လို လူစားမျိုးတွေလည်း ရှိတတ်တယ်ဆိုတာကို ခြယ်မှုန်းပြဖို့ ဇာတ်ကောင်တွေလည်း မွေးထားရပါတယ်။ ဂျပန်စကားပြန်လုပ်တဲ့ မောင်တင်ဆိုရင် ဖက်ဆစ်တော်လှန်ရေးမှာ ဘဝပေးအသိဖြစ်တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကြောင့် ဂျပန်အလိုတော်ရိဘဝကနေ ဖက်ဆစ်တော်လှန်ရေးထဲကို ခြေစုံပစ် ဝင်လာပုံကို ခြယ်မှုန်းပြဖို့ ဇာတ်ကောင်မျ်ိုးလည်း ဖန်တီးထားရပါတယ်။ ဂျပန်အလိုတော်ရိ မောင်တင်က ကိုယ်တွေ့ဖြစ်ရပ်ကြောင့် ခံယူချက်တွေ ပြောင်းပြန်ဖြစ်သွားတဲ့အထိ ဆင်ခြင်အသိတွေ ဖြစ်လာတဲ့ နေရာမျိုးက ဝတ္ထုဖတ်သူတို့အတွက် စိတ်ခံစားမှု တစုံတရာ ပေးနိုင်မှာပါ။

ဆရာဌေးမောင်က တိုက်ပွဲခေါ်သံမှာ ‌အကောင်းနဲ့ အဆိုးကို ဒွန်တွဲပြတဲ့နေရာမှာ ဖန်တီးမှုအားကောင်းခဲ့တယ်။ လူ့သဘာဝရဲ့ အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲတတ်တဲ့ စိတ်ရဲ့သဘောသဘာဝကိုလည်း ဖန်တီးပြခဲ့တယ်။ ဆရာဌေးမောင်က တိုက်ပွဲ‌ခေါ်သံရဲ့ အဓိက ဇာတ်ဆောင်ကို ရွှေမောင်လို့ နာမည်ပေးထားပုံက သူ့နာမည် ဌေးမောင်နဲ့ ခပ်ဆင်ဆင်ပါ။ အဓိကဇာတ်ဆောင် ရွှေမောင်ကို အပြင်လောက သဘာဝထဲက လူနှစ်ယောက်၊ သုံးယောက်လောက်ကိုပဲပေါင်းစပ်ပြီး ကိုယ်စားပြုထားသလား၊ ဒါမှမဟုတ် အဓိကဇာတ်ဆောင် ရွှေမောင်ကို ဆရာဌေးမောင်ရဲ့ ဘဝတစိတ်ပိုင်းလေးကများ နည်းနည်းလောက်ဖြစ်ဖြစ် ကိုယ်စားပြုလေမလားဆိုတာတော့ ဖန်တီးသူသာသိမှာပါ။

ဆရာဌေးမောင်ဟာ ဘဝသရုပ်ဖော် ဝတ္ထုတွေကို နှစ်သက်ပုံ ရပါတယ်။ အရေးတော်ပုံ ဝတ္ထုထဲကော၊ တိုက်ပွဲခေါ်သံ ဝတ္ထုထဲမှာပါ တော်လှန်ရေးလုပ်နေရပေမယ့် မေတ္တာရေးကိုလည်း ခြယ်မှုန်းပြလေ့ရှိပါတယ်။ ဒါဟာ သဘာဝကျပါတယ်၊ လူတိုင်း အချစ်မေတ္တာနဲ့မကင်းနိုင်ပါ။ အမျိုးသားရေး လွတ် မြောက်ဖို့အတွက် လူတန်းစားရေး မေတ္တာကို အရေးပေး လုပ်ဆောင်ကြပေမယ့် ပုဂ္ဂလိက မေတ္တာရေးကိုလည်း ဆန့်တငင်ငင်နဲ့ နောက်ဆံတင်းတတ်ကြမှာပါ။ ဒါပေမယ့် ဆရာဌေးမောင်ရဲ့ ဖန်တီးမှု လက်ရာတွေက ဖိနှိပ်မှုကို အခက်အခဲမျိုးစုံကြားက ပင်ပင်ပန်းပန်း တွန်းလှန်ခဲ့ရတဲ့ အဓိကဇာတ် ဆောင်တွေရဲ့ ပုဂ္ဂလိက မေတ္တာရေးဟာ နောက်ဆုံးမှာ မချောမွေ့တတ်တာ တွေ့ရပါတယ်။ အရေးတော်ပုံ ဝတ္ထုထဲတုန်းကလည်း မောင်ထွန်းလှနဲ့ မမြအေးတို့ မပေါင်းဖက်လိုက်ရသလို၊ တိုက်ပွဲခေါ်သံ ဝတ္ထုရဲ့ အဓိကဇာတ်ဆောင် ရွှေမောင်ကို ခင်မြမြနဲ့ မပေါင်းဖက်စေခဲ့ပါဘူး။ ကျွန်တော်သာ ငယ်ငယ်တုန်းက သိမှုအ‌ခြေခံနဲ့ဆိုရင် စိတ်လှုပ်ရှားမှုကို အခြေခံပြီး ' စာရေးဆရာကြီးကတော့ကွာ  မင်းသားနဲ့ မင်းသမီးကို ဘာလို့ မပေါင်းဖက်စေရတာလဲဆိုပြီး အပြစ်တင်မိမှာပါ။ ' တိုက်ပွဲခေါ်သံဝတ္ထုဖန်တီးသူ ဆရာဌေးမောင်ရဲ့ လောကသဘာဝ အကောင်းနဲ့ အဆိုးကို ယှဉ်တွဲပြတဲ့ နေရာမှာတော့ တကယ်ကို ဖန်တီးမှုအားကောင်းတယ်လို့ ခံစားမိပါတယ်။

တိုက်ပွဲခေါ်သံ ဝတ္ထုထဲမှာ ဆရာဌေးမောင်က ဖက်ဆစ်တော်လှန်ရေးကို အကောင်းကနေပဲ ဖန်တီးပြမသွားဘူး။ အကောင်းနဲ့ အဆိုး ယှဉ်တွဲပြတာကိုအားထုတ်ဖို့က ဇာတ်ကောင်တွေ အများကြီးလိုပါလိမ့်မယ်။ ပြီးတော့ ဇာတ်ကောင်လေး တယောက် နှစ်ယောက်‌လောက်နဲ့ ဖက်ဆစ် တော်လှန်ရေးဆိုတဲ့ အလေးအပင်ကြီးကို ဖယ်ထုတ်ပစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အလုပ်တွေ အများကြီး လုပ်ဖို့ လိုအပ်ပါတယ်။ လုပ်အားတွေ လိုအပ်သလို၊ စုပေါင်းခေါင်းဆောင်မှုတွေလည်း အများကြီး လိုအပ်လို့ ဇာတ်ကောင်တွေမွေးပြီး တာဝန်ခွဲဝေမှု အသီးသီးနဲ့ တာဝန်ထမ်းဆောင်သွားတာလို့ ခံစားမိပါတယ်။ 

အခုနောက်ပိုင်းတချို့ ဇာတ်ကားတွေမှာ သမရိုးကျ မင်းသားနဲ့ မင်းသမီး နှစ်ယောက်ကိုပဲ ပင်တိုင်ထားပြီး ဇာတ်လမ်းဆင်သွားတာမျိုးထက် ဇာတ်ဆောင်တွေ အများကြီးနဲ့ ဇာတ်လမ်းကို ခေါ်ဆောင်သွားတာမျိုးတွေ တွေ့ရတတ်ပါတယ်။ မင်းသားနဲ့ မင်းသမီးရဲ့ လုပ်ဆောင်ရမယ့် တာဝန်‌‌တွေကို ကျန်တဲ့ ဇာတ်ဆောင်တွေကပါ မျှဝေခံစားသလိုမျိုးပေါ့။ ဇာတ်လမ်းတခုမှာ ဇာတ်တည်ထားတဲ့ မင်းသားနဲ့ မင်းသမီးကို ဗဟိုချက်လို့သတ်မှတ်တယ်ဆိုရင် ကျန်တဲ့ဇာတ်ဆောင်တွေကိုပါ တာဝန်ခွဲဝေပေးရင်းနဲ့ ဗဟိုရဲ့ တာဝန်ကို ခွဲဝေခံစားလိုက်သလိုမျိုးပေါ့။ ဆရာဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံမှာ ဗဟိုချက်ရဲ့ တာ ဝန်တွေကို ခွဲဝေခံစားတာမျိုးတွေ တွေ့ရပါတယ်။

တိုက်ပွဲခေါ်သံဝတ္ထုထဲမှာ ဦးကျော်မင်း အိမ်အပေါ်ထပ်မှာ တိတ်တဆိတ်လုပ်ရတဲ့ဆွေးနွေးပွဲကလည်း ဂျပန်မဝင်ခင်လေးက မြန်မာ့အရေး၊ ကမ္ဘာ့အရေးကို ထင်ဟပ်စေပါတယ်။ သခင်အောင်ကြိုင်က ဦးဆောင်ဆွေးနွေးတာပါ။ နာဇီဂျာမနီတွေက ဆိုဗီယက်ရုရှားကို ကျူးကျော်တိုက်ခိုက်တဲ့ ကိစ္စ၊ ဂျာမနီ၊ အီတလီ၊ ဂျပန် သုံးနိုင်ငံပေါင်းတာကတဘက် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ ရုရှားတို့ မဟာ မိတ်တွေက တဘက် ကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်နေပြီဆိုတဲ့ အကြောင်းကိစ္စတွေပါ။ ကမ္ဘာ့အရေးကို အကြောင်းပြုပြီး မြန်မာ့အရေးမှာ ' အင်္ဂလိပ်အခက် ဗမာအချက် ' ဆိုတဲ့ကြွေးကြော်သံတွေလည်း ခေတ်စားနေတဲ့ အချိန်ကာလပေါ့။ မြန်မာပြည်နိုင်ငံရေးမှာ ဖက်ဆစ်ဂျပန်နဲ့ပေါင်းပြီး ကိုလိုနီပြုထားတဲ့ အင်္ဂလိပ်ကို တွန်းလှန်မယ်ဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းရယ်၊ လွတ်လပ်ရေးကို ရှေ့တန်းမတင်သေးဘဲ အင်္ဂလိပ်‌ကို မဟာမိတ်ပြုပြီး ဖက်ဆစ်ဂျပန်ကို ကာကွယ်ဖို့ရယ်၊ ကိုလိုနီပြုထားတဲ့ အင်္ဂလိပ်ကိုရော ဖက်ဆစ်ဂျပန်ကိုရော တပြိုင်နက် တွန်းလှန်ရမယ်ဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းတွေရယ်နဲ့ သဘောထား အမျိုးမျိုးကွဲပြားနေချိန်ပါ။ ဆရာဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံ ဝတ္ထုထဲက ဇာတ်ကောင်တွေဖြစ်တဲ့ သခင်အောင်ကြိုင်၊ သခင်ဘဂျမ်းတို့ကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား အမျိုးမျိုးနဲ့ ဆွေးနွေးထားတာ ဖတ်ရတယ်။

အရင်းရှင်နဲ့ ဆိုရှယ်လစ်တို့ မဟာမိတ်ပြုထားတဲ့ မဟာမိတ်နိုင်ငံ‌တွေက တဘက်၊ ဂျာမနီ၊ အီတလီ၊ ဂျပန် သုံးနိုင်ငံပေါင်းရယ်က တဘက် စစ်ဖြစ်နေတဲ့ ကမ္ဘာ့အရေးနဲ့ပတ်သက်လို့ ဆရာဗန်းမော်တင်အောင်ရဲ့ ပထမဆုံး ဝတ္ထုရှည်ဖြစ်တဲ့ ' ဘုန်းမောင့်တစ်ယောက်ထဲရယ်' ဝတ္ထုကို သတိရမိတယ်။ ဘုန်းမောင့်တစ်ယောက်ထဲရယ် ဝတ္ထုထဲက ဒီမိုး- ဒီလေ- ဒီလူတွေနဲ့ ဆိုတဲ့ ဒုတိယပိုင်းထဲမှာ ဆရာဗန်းမော်တင်အောင်က ကမ္ဘာ့အရေးအကြောင်းကို အမြင်ကျယ်ကျယ်နဲ့ နက်နက်ရှိုင်းရှိုင်းရေးပြထားတယ်။ ဂျပန်နဲ့ ပေါင်းမယ် မပေါင်းဘူးဆိုတဲ့ သဘောထားနဲ့ ပတ်သက်လို့ အမျိုးမျိုးဖြစ်နေတဲ့ မြန်မာ့အရေးမှာတော့ မတတ်သာလို့ ဂျပန်နဲ့ ပူးပေါင်း ရပေမယ့် တချိန်,ချိန်မှာ ပြန်ပြီး တော်လှန်ရမယ်ဆိုတာ အဲဒီအချိန်က သခင်နိုင်ငံရေးသမားတွေ စိတ်ထဲမှာ ရှိကြပါတယ်။ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့က ဂျပန်နဲ့ အယောင်ပြ ပူးပေါင်းပြီး တော်လှန်ရေးကို လျှို့ဝှက်လုပ်တယ်။ သခင်စိုးက ဂျပန်ဝင်လာကတည်းက မြစ်ဝကျွန်းပေါ်ဘက် ဆင်းသွားပြီး ဂျပန်‌ခေတ်တခေတ်လုံး မြေအောက်နိုင်ငံရေး လုပ်တယ်။ သခင်သိန်းဖေမြင့် (ဆရာ သိန်းဖေမြင့်) က မဟာမိတ်တွေနဲ့ အဆက်အသွယ်ရဖို့ အိန္ဒိယဘက် ထွက်သွားတယ်။ သိန်းဖေမြင့်တို့က နောက်ပိုင်းမှာ လေထီးရဲဘော်တွေ အဖြစ်နဲ့ ပဲခူးရိုးမထဲ လက်နက်တွေ ချပေးတယ်။ ဖက်ဆစ်တော်လှန်ရေးကို နေရာအသီးသီးကနေ တာဝန်ခွဲဝေပြီး ထမ်းဆောင်ကြတယ်။

ဒါကြောင့်မလို့ ဆရာဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံမှာလည်း ဇာတ်ကောင်တွေ အသီးသီးခွဲထားပြီး တာဝန်တွေ ထမ်းဆောင်ကြရတာလို့ ကျွန်တော်က ခံစားမိပါတယ်။ ကျွန်တော် ခံစားမိတာကို တင်ပြတာသာဖြစ်ပြီး၊ ကျွန်တော် ခံစားမိသလို စာဖတ်သူတို့ ခံစားရမယ်လို့ တထစ်ချ မပြောလိုပါ။ ဆရာဌေးမောင်ဟာ တိတ်ဆိတ်နေရင် စာမရေးတတ်ဘူး ဆူညံနေမှ စာရေးတတ်တာပါ။ ဒါကလည်း ဆရာ ဖြတ်သန်းခဲ့တဲ့ သမိုင်းနောက်ခံနဲ့ ဆိုင်ပါလိမ့်မယ်။
ဆရာကိုယ်တိုင်ကလည်း တကယ့် လှုပ်လှုပ်ရှားရှား ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်တဲ့ အရေးတော်ပုံကာလ၊ ဖက်ဆစ်တော်လှန်ရေးကာလတွေကို ကျော်ဖြတ်ခဲ့ရတာမလား။ ဆရာဌေးမောင်ရဲ့ ဝတ္ထုနာမည်တွေ ပေးပုံကိုလည်း ကြည့်ဦးလေ ' အရေးတော်ပုံ ' တဲ့၊ ' တိုက်ပွဲခေါ်သံ ' တဲ့။ ကျွန်တော့်အတွက်‌တော့
အရေးတော်ပုံ ဌေးမောင်ကိုလည်း ခံစားမိသလို၊ တိုက်ပွဲခေါ်သံ ဌေးမောင်အကြောင်း စပ်မိစပ်ရာကိုလည်း ရေးဖြစ်သွားတယ်။

နန္ဒအောင်

 

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar