ရန်သူ့ထံ လက်နက်ချသူနဲ့ တပ်မှ စွန့်ခွာသူတွေ များလာနေတဲ့ MDY-PDF တပ်ဖွဲ့
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၇ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၈ ၊ ၂၀၂၆
ရန်သူ့ထံ လက်နက်ချသူနဲ့ တပ်မှ စွန့်ခွာသူတွေ များလာနေတဲ့ MDY-PDF တပ်ဖွဲ့
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ထဲက PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး)မြို့မှာ ဒုတိယအသုတ်အနေနဲ့ လက်နက်ချတယ်ဆိုတဲ့ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပကြောင်း အာဏာသိမ်း စစ်တပ်က မီဒီယာတချို့ကို ဖိတ်ခေါ်ပြီးပြသခဲ့ပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ကဘဲ လက်နက်ချသူ ၅၀၇ ကို မိသားစုထံပြန်အပ်နှံတဲ့ အခမ်းအနားတရပ် ကျင်းပခဲ့သေးပြီး နောက်တလ ကျော်အကြာမှာ နောက်ထပ် ၅၁၇ ဦးလက်နက်ချတယ်လို့ ထပ်မံကြေညာခဲ့တာ ဖြစ်ပါတယ်။
အခုလို ဒုတိယအသုတ် လက်နက်ချတဲ့ အခမ်းအနားအကြောင်း သတင်းဖေါ်ပြပြီးနောက် ၃ ရက်အကြာမှာ သပိတ်ကျဥ်း နဲ့ မိုးကုတ်မြို့နယ်မှာ လှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က TRI ဗျူဟာက တပ်က စွန့်ခွာခြင်း၊ တပ်ပိုင်ပစ္စည်းများကို ခိုးယူခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခြင်း၊ ရန်သူ့ထံ လက်နက်ချ အညံ့ခံခြင်း၊။ လေကြောင်းတိုက်ခိုက်မှုလုပ်ရန် ပွိုင့်တည်နေရာကို ရန်သူ့ထံ သတင်းပေးခြင်းနဲ့ အခြားသော ရဲဘော်ရဲဘက်များကို လက်နက်ချဖို့ စည်းရုံးမြူဆွယ်ခြင်းတို့ကို လုပ်ဆောင်တယ်ဆိုတဲ့ တပ်ဖွဲ့ဝင်ဟောင်း ၃၅ ဦးကို ဓါတ်ပုံ၊ အမည်၊ အဖအမည်နဲ့ နေထိုင်တဲ့ကျေးရွာ နဲ့တကွ တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
TRI ဗျူဟာ ရဲ့ Facebook ပေ့ချ်မှာ ဧပြီလ ၂၇ ရက်နေ့က အခုလို ကြေညာလိုက်တဲ့အခါ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ကျင်းပတဲ့ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတို့က PDF ၅၀၀ ကျော် လက်နက်ချခဲ့တယ် ဆိုတဲ့ သတင်းကို တဖက်တလမ်းက အတည်ပြုပေးလိုက်သလိုလည်း ဖြစ်စေခဲ့ပါတယ်။ မတ်လ နဲ့ ဧပြီလတွေမှာ PDF တပ်ဖွဲ့ဝင် ၁၀၀၀ ကျော် လက်နက်ချခဲ့တယ် ဆိုတဲ့သတင်းတွေကို အများစုက မယုံကြည်ခဲ့ကြပါဘူး။ ဒီအခမ်းအနားမှာ တွေ့ရတဲ့ သူတွေဟာ အမှန်တကယ် PDF တပ်ဖွဲ့တွေထဲကလို့ မယုံကြည်ကြသလို အာဏာသိမ်းစစ်တပ်က စိတ်ဓါတ်စစ်ဆင်ရေး နဲ့ လုပ်ကြံဝါဒဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ ပေါ်တာဖမ်းဆီးထားသူတွေလိုမျိုးကို အသုံးပြုပြီး လုပ်ဆောင်ခဲ့တာလို့ ယူဆခဲ့ကြပါတယ်။
ဒုတိယအသုတ် လက်နက်ချ အခမ်းအနားမှာ ပြည်တွင်းသတင်းမီဒီယာ တခုက အင်တာဗျူးရာမှာ PDF တပ်ဖွဲ့ဝင် အမျိုးသမီးတဦးရဲ့ လက်သည်းက အလှဆင်ထားတဲ့ လက်သည်းရှည်ဖြစ်နေတာကို ကြည့်ပြီး မပိရိတဲ့ လုပ်ကြံဖန်တီးမှု တခုအဖြစ် ဝေဖန်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို ပြောဆိုမှုတွေ သံသယတွေကို အားနည်းသွားစေတာက အခု TRI ဗျူဟာရဲ့ တပ်ဖွဲ့ဝင်ဟောင်း ၃၅ ဦးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျင်းပတဲ့ လက်နက်ချ အခမ်းအနားမှာ ပါဝင်တဲ့ သူတချို့ဟာ အမှန်တကယ် PDF တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေလား ဆိုတဲ့ ယူဆချက်တွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ လက်နက်ချသူ ၅၀၀ ကျော် အနက်မှာ ဘယ်ရွေ့ဘယ်မျှက အမှန်တကယ် PDF တပ်ဖွဲ့ဝင်ဟောင်းတွေ ဖြစ်နေမလဲ ဆိုတဲ့ မှန်းဆမှုတွေကိုလည်း ပေါ်ထွက်လာစေပါတယ်။ မိုးကုတ် နဲ့ သပိတ်ကျဥ်းတို့မှာ လှုပ်ရှားနေတဲ့ TRI ဗျူဟာ အပြင် MDY-PDF ရဲ့ အခြားသော တပ်ရင်းတွေက တပ်ဖွဲ့ဝင်ဟောင်းတွေရော လက်နက်ချတဲ့အထဲ ပါဝင်နေသလားဆိုတဲ့ သံသယတွေလည်း ပေါ်ထွက်လာစေပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက MDY-PDF ရဲ့ ခေါင်းဆောင်ပိုင်းအချို့ကို အဖွဲ့ပိုင်ပစ္စည်း၊ ငွေကြေး ပြန်လည်အပ်နှံဖို့ ပျက်ကွက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်က MDY-PDF အဖွဲ့အတွင်း စိတ်ဝမ်းကွဲမှု ဖြစ်စေခဲ့သလား။ TNLA တအာင်းတော်လှန်ရေး လက်နက်ကိုင် အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ MDY-PDF အဖွဲ့အနေနဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ TNLA က အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ် သဘောတူခဲ့ခြင်းကလည်း အားလျော့နည်းစေတဲ့ အကြောင်းတချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နိုဝင်ဘာလ အကုန်မှာ TNLA က မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ ပြန်လွှဲအပ်တဲ့အခါ MDY-PDF ၊ မိုးကုတ်ဗျူဟာ တို့အနေနဲ့ TNLA ရဲ့ အပစ်ရပ် သဘောတူညီမှုကိုလည်း ဆန့်ကျင်ရာမကျအောင် မြို့ကနေ ထွက်ခွာပေးပြီး မြို့ပြင်ဘက်မှာနေရာယူကာ ပြန်လည် တိုက်ခိုက်တာမျိုးတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေနောက် ဧရာဝတီမြစ် အရှေ့ဘက် မန္တလေး-မိုးကုတ် ကာားလမ်းပိုင်းက မြို့တွေတခုပြီး တခု အာဏာသိမ်းစစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး သိမ်းယူနိုင်ခဲ့တာတွေ့ရပြီး MDY-PDF အနေနဲ့ ပြန်လည်ထိုးစစ်ဆင်ဖို့ ခက်ခဲတဲ့ အနေအထား၊ အခြား မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခုခံတာ၊ ပြန်လည်ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ဖို့ ခက်ခဲတဲ့ အနေအထားမျိုး ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေက မန္တလေးတိုင်းမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ MDY-PDF ကို အားနည်းစေခဲ့ပြီး တပ်ဖွဲ့ဝင် အချို့ တပ်ကိုစွန့်ခွာတာ၊ လက်နက်ချတာတွေ ဖြစ်ဖို့ တွန်းအားပေးခဲ့သလားလို့ ယူဆစရာလည်း ရှိနေပါတယ်။
ဘယ်လိုအခြေအနေမျိုးတွေ ရှိပါစေ အခုလို တပ်ဖွဲ့ဝင်ဟောင်းတွေကို ဓါတ်ပုံ၊ အဖအမည်၊ နေထိုင်ရာ ကျေးရွာ၊ မြို့နာမည် အတိအကျနဲ့ ထုတ်ပြန်တာမျိုး မလုပ်သင့်ဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ပေါ်ထွက်လာနေပါတယ်။ အခုလို အရေအတွက်အတိအကျ၊ လူနာမည် ဓါတ်ပုံအတိအကျနဲ့ ထုတ်ပြန်ကြေညာခြင်းဟာ စည်းရုံးရေးအရ အနုတ်သဘောဆောင်တဲ့ လုပ်ရပ် အဖြစ်ယူဆကြသလို လက်နက်ကိုင်တော်လှန်ရေး မှာ စစ်ရေးအရ ထိုးစစ်တွေ ရင်ဆိုင်နေရချိန် စစ်ရေးအရ အတက်အကျ အနေအထားတခုကို ဖြတ်သန်းနေရချိန်မှာ စည်းရုံးရေးကိုပါထိခိုက် စေတဲ့ လုပ်ရပ်အနေနဲ့ အများက မြင်ကြတာလည်း ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ၄င်းတို့သဘောဆန္ဒအလျောက် ပါဝင်လာကြတဲ့ လူငယ်တွေကို တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက် လောက်ကောင် အဖြစ် တံဆိပ်ကပ်ကာ လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်းက တော်လှန်ရေးတပ်ဖွဲ့တွေကို စိတ်နာစေပြီး ဆန့်ကျင်ဘက် ရလဒ်တွေသာ ပေါ်ထွက်စေနိုင်တယ်လို့ အချို့ကယူဆကြတာပါ။
မကြာသေးခင်လပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင် နဲ့ ပုလဲနယ်မှာ လှုပ်ရှားခဲ့တဲ့ PDF ခေါင်းဆောင် ဗိုလ်နဂါး လက်နက်ချခဲ့ပြီးနောက် ယင်းမာပင်နဲ့ ပုလဲနယ်မှာ အာဏာသိမ်းစစ်တပ်က ကာလအတန်ကြာ မလုပ်နိုင်ခဲ့တဲ့ ထိုးစစ်ဆင်တာ၊ ဝင်ရောက်နေရာယူတာ ရွာတွေကို ရှင်းလင်းတာတွေ လုပ်လာနိုင်ခဲ့တာတွေ့ရပါတယ်။ MDY-PDF မှာ ဗိုလ်နဂါးလို NUGအောက်က ဒေသခံ ပကဖ၊ PDF တွေနဲ့ ပြဿနာဖြစ်ပြီး လက်နက်ချတာမျိုး မရှိသော်လည်း ခေါင်းဆောင်ပိုင်း သဘောထား ကွဲမှု၊ ဖမ်းဆီးထိန်းသိမ်းမှုတွေ ဖြစ်ပွားခဲ့ခြင်းက အခုလို တပ်ကိုစွန့်ခွာသူတွေ၊ လက်နက်ချသူတွေ ထွက်ပေါ်လာစေဖို့ တွန်းအားဖြစ်တဲ့ အကြောင်းတရပ် ဖြစ်နိုင်ပါတယ်။
NUG လက်အောက်က ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ MDY-PDF အနေအထားဟာ ခေါင်းဆောင်ပိုင်း အကြားသဘောထားကွဲလွဲမှုနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့က အပစ်ရပ် သဘောတူညီမှု ရယူသွားတဲ့ အကြောင်း ၂ ချက်ကြောင့် ၂၀၂၄ နဲ့ ၂၀၂၅ မှာ ထိန်းချုပ်ထားတဲ့ နယ်မြေအများအပြား စွန့်လွှတ်ခဲ့ရသလို အခုလို မိမိတို့တပ်က စွန့်ခွာ လက်နက်ချသွားတဲ့အဖြစ်အပျက်တွေရဲ့ သက်ရောက်မှုက နောက်ထပ်ထိုးနှက်ချက် တရပ်ဖြစ်လာစေတာလည်း ဖြစ်ပါတယ်။ ဒီအနေအထားတွေကနေ ထပ်ပြီး ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်မလာရအောင် NUG နဲ့ မဟာမိတ် တော်လှန်ရေးလက်နက်ကိုင်တွေ အနေနဲ့ ဝိုင်းဝန်းထိန်းသိမ်းကြဖို့ အရေးတကြီးလိုအပ်နေပြီလို့ ထင်မြင်ယူဆမိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar