ကာတွန်းဘောက်စ်၊ စက်မှုအားမာန်၊ မိုးမခ ပြီးတော့ အမ်စီဒီအမ် … မဆုံးသောလမ်း
နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၉)
ကာတွန်းဘောက်စ်၊ စက်မှုအားမာန်၊ မိုးမခ ပြီးတော့ အမ်စီဒီအမ် … မဆုံးသောလမ်း
မောင်ရစ် (မိုးမခ) ဧပြီ ၂၈၊ ၂၀၂၆
နွေဦးတော်လှန်ရေးဟာ မြန်မာပြည်အတွက် နောက်ဆုံးပိတ် အိတ်နဲ့လွယ်တဲ့ တော်လှန်ရေးလိုမျိုး သဘောထားခဲ့တယ်။
သည်လိုနဲ့ ကိုယ့်ငယ်ဘ၀ အစပြုရာ ၈၈ အရေးတော်ပုံကြီးကို နွေဦးကနေ လည်ပြန်အတွေးတွေနဲ့ အခန်းဆက်တွေ ထုံ့ပိုင်းထုံ့ပိုင်း ရေးခဲ့တာ တနှစ်ကို ၂ ပုဒ် ၃ ပုဒ်လောက်တော့ ရေးဖြစ်ခဲ့တယ် ထင်ပါ့တယ်။ ၂၀၂၅ အောက်တိုဘာမှာတော့ဖြင့် ပညာရေးအကြောင်း ရေးမိတယ်။ အဲသည်မတိုင်ခင်က မီဒီယာတွေအဆင့်ဆင့် စီးဆင်းနေတာတွေ ရေးဖြစ်တယ်။ အဲသည်နောက်မှာ အဖြစ်အပျက်တွေမျိုးစုံကို ကြုံဆုံရတော့ ငါတို့နွေဦးက မဆုံးသေးသော လမ်းပါလားလို့ တွေးမိနေပြီး ၈၈ လည်ပြန်အတွေးတွေကို ရပ်ချင်လိုက်မိတယ်။
နွေဦးတော်လှန်ရေး၏ တပ်ဦးဖြစ်တဲ့ NUG က သူတို့စုဖွဲ့မှု ပြုပြင်ပြောင်းလဲရေးကို လုပ်ကြတယ်။ သည်မှာ စိတ်ထဲဝင်မိတာက ၈၈ အရေးတော်ပုံ၏ အကျိုးရလဒ်တခုဖြစ်တဲ့ NUCGUB လို့ဆိုတဲ့ စင်ပြိုင်အစိုးရတခု ၏ အတက်နဲ့ အကျတွေကို ပြန်မြင်ယောင်လာတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ ထူထောင် အားကောင်းခဲ့တဲ့ NCGUB ဟာ နောက်ဆုံးတော့ ပြည်ပမှာပဲ အချိန်ကုန်ဆုံးသွားခဲ့တယ်။ အဲသည်က လူငယ် လူရွယ်တွေဟာ လူကြီးတွေ လူအိုတွေအဖြစ် အရိုးထုတ်ကြရတော့တယ်။
NUG စတင်လာတော့ မိမိတို့လို ပြည်ပရောက်မီဒီယာအလုပ်သမားတွေက RadioNUG ကို ဝန်းရံပြီး အလုပ်တွေ ဝိုင်းလုပ်ပေးခဲ့တယ်။ ၂၀၂၁ ဧပြီလလောက်က စမ်းသပ် ထုတ်လွှင့်မှုတွေနဲ့ စတင်ခဲ့တယ်။ ပြည်တွင်းနဲ့ နယ်စပ်ဒေသရောက် CDM မျိုးဆက်တွေနဲ့ လက်တွဲပြီး မိမိတို့ တတ်နိုင်သမျှ ဝင်ရောက် ထမ်းပိုးခဲ့တယ်။ ၂၀၂၅ အောက်တိုဘာမှာ NUG Reform မှာ RadioNUG အခန်းကဏ္ဍက ဆက်မပါလာတော့ဘူးပဲ ဆိုကြပါဆို့။ သည်တော့ မိမိတို့တတွေနဲ့အတူ CDM ရဲဘော်တွေလည်း ရပ်တန့်သွားကြတယ်။ လမ်းကား ဆုံးပြီလား ဆိုတဲ့ မေးခွန်း ဖြစ်လာတယ်။
သို့သော် RadioNUG ရပ်ဆိုင်းသွားပေမဲ့ နွေဦးတော်လှန်ရေးဝန်ကို ဆက်ထမ်းလိုတဲ့ သည်တာဝန်တွေကို မရပ်ဆိုင်းလိုတဲ့ CDM ရဲဘော်တွေ၏ သဘောဆန္ဒ ပိုင်းဖြတ်မှုတွေ၊ ပေးဆပ်မှုတွေနဲ့ m.CDM ဆိုတဲ့ သတင်းမီဒီယာအလုပ်တွေကို ဆက်လက် ချီတက်ဖြစ်သွားကြပါတော့တယ်။ အခုဆိုရင် ၆ လ ကျော် အမှီအခိုကင်းကင်းနဲ့ ပြည်သူတွေအတွက် နွေဦးအတွက် ဦးထိပ်ထားပြီး ရုန်းကန်ရပ်တည် နေကြပါပြီ။ လမ်းကား ဆုံးလို့မရတာက တဦးချင်းဆီ၏ သန္နိဌာန်ဖြစ်လာပါတယ်။
m.CDMက မျိုးဆက်သစ် တော်လှန်ရဲဘော်တွေဆိုရင် မိမိတို့ မိုးမခကတော့ မျိုးဆက်ဟောင်းရဲဘော်တွေလို့ စရမလား မသိဘူး။ မိမိတို့ မိုးမခစာနယ်ဇင်းပလက်ဖောင်းမှာလည်း နွေဦးကလောင်ရဲဘော်တွေ ပါဝင်တယ်ဆိုပေမဲ့ m.CDM လိုမျိုး အရုပ် အသံ မာတီမီဒီယာ ဆိုရှယ်မီဒီယာမျိုးဆက်တွေ မဟုတ်ကြတာတော့ အမှန်ပါပဲ။ သို့သော်လည်း မိုးမခက စာမူတွေကို ပိုပြီး သက်ဝင် ပျံ့နှံ့အောင် m.CDM ရဲဘော်တွေက ဖန်တီးဖြည့်စွမ်းပေးကြတာ လွန်စွာ ကျေးဇူးတင်ရတာ ဖြစ်ပါတယ်။ သည်လမ်းကို အဆင့်ဆင့် ဆက်လျောက်ရပါတယ်။
အနည်းဆုံးကတော့ မိမိတို့ မိုးမခမီဒီယာက အမေရိကန်အခြေစိုက် စီးပွားဖြစ်မဟုတ်တဲ့ ပရဟိတမီဒီယာလုပ်ငန်းအဖြစ် တရားဝင်မှတ်ပုံထားတာမို့ m.CDM ကိုလည်း မိမိတို့နဲ့ လက်တွဲဖက် မီဒီယာအဖြစ် ချိတ်ဆက်ထားနိုင်ပါတယ်။ မြန်မာပြည်သူတွေ၏ သူတို့အပေါ် ကူညိီမှု ထောက်ပို့မှုတွေကို စနစ်တကျ စီးဆင်းနိုင်အောင် မိမိတို့ဘက်က ဖြည့်စွက်ပေးနိုင်ပါတယ်။
မိုးမခကို ထူထောင်ခဲ့တာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် (လွန်ခဲ့တဲ့ ၂၃ နှစ်) မိမိတို့ အမေရိကန်ပြည်ကြီးကို ရောက်ရှိလာချိန်အစမှာပါ။ ရောက်နှင့်နေကြတဲ့ အရေးတော်ပုံရဲဘော်တွေ၊ အမေရိကန်အိမ်ရှင်တွေ၏ ကူညီ စောင့်ရှောက်ပံ့ပိုးမှုတွေနဲ့ မိုးမခကို ထူထောင်နိုင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မိမိတို့တတွေ စာပေ စာနယ်ဇင်း ပေါင်းကူးတံတားအဖြစ်နဲ့ မိမိတို့ အိမ်ပြန်နိုင်ကြဖို့၊ ပြီးတော့ ပြည်တွင်းကအသံတွေ ခံစားချက်တွေကို မိမိတို့ ပလက်ဖောင်းကနေ အကျယ်လောင်ဆုံး ကိုယ့်အင်အား ကိုယ့်ကိုးပြီး ထုတ်ပြန်နိုင်ဖို့ပါ။ ပြည်တွင်း ပြည်ပက စာနယ်ဇင်းရဲဘော်တွေအတွက် ခိုနားစရာ ခေတ္တ ဇရပ်လေးတဆောင်အဖြစ် အသုံးတော်ခံခဲ့ကြပါတယ်။ ၂၀၁၃ မှာ မိမိတို့ အိမ်ပြန်နိုင်ခဲ့ပြီ ထင်ခဲ့ကြပြီး ပြည်တွင်းမှာ စာနယ်ဇင်းလုပ်ငန်းတွေ စတင် အခြေချခဲ့ကြတယ်။ သို့သော် ၂၀၂၁ နွေဦးတော်လှန်ရေး အုံကြွတွန်းလှန်ခုခံစစ်မှာ မိမိတို့ ပြည်ပကို ပြန်ဆုတ်ခွာခဲ့ကြရတယ်။ အော် အဲသည်တုန်းကတည်း လမ်းမဆုံးသေးတာပါ။
အခုလည်း မိမိတို့တတွေ ရဲဘော်သစ်တွေ မျိုးဆက်သစ်တွေနဲ့ လက်တွဲပြီး အင်အားသစ်တွေနဲ့ “မူလကမ္မဌာန်း” ဖြစ်တဲ့ တော်လှန်သောစာနယ်ဇင်းအလုပ်တွေ ဆက်လုပ် လုပ်ဆောင်နေကြရဆဲလို့ ဆိုကြပါစို့။
မိမိဆောင်းပါးအစမှာ ကာတွန်းဘောက်စ်နဲ့ စက်မှုအားမာန်ဆိုတဲ့ အမည် ၂ ခုကို ရေးထိုးထားပါတယ်။ ၈၈ အရေးတော်ပုံ မတိုင်ခင်က စက်မှုတက္ကသိုလ်မှာ ကာတွန်းဘော့က်စ် ဆိုတဲ့ တယ်လီဖုံးစကားပြော မှန်အိမ်ဟောင်းလေးမှာ ကာတွန်းတွေ ကပ်ပြီး လက်စွမ်းပြကြတဲ့ နေရာရှိပါတယ်။ သူလည်း စက်မှုတက္ကသိုယ်အသက်နီးပါးလောက် ကြီးပါတယ်။ အဲသည်ကနေ ခေတ်ကို ကလော်တဲ့ ဆော်တဲ့ ကာတွန်းတွေ ကာတွန်းဆရာတွေ ထွက်ခဲ့တယ်။ အခု လူသိများတဲ့ အော်ပီကျယ်တို့ ဇော်မောင်တို့က ကာတွန်းဘောက်စ် ထွက်တွေပေါ့။ မိမိလည်း ကာတွန်းမောင်ရစ် အမည်ကို အဲသည်ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံကြီးနောက်ပိုင်း စစ်တပ်က ကာတွန်းဘောက်ကို ပိတ်ပစ်ခဲ့တယ်။ ၂၀၁၂ နောက်ပိုင်းမှာမှ အပြောင်းအလဲကာလ ကျောင်းတွေ ပြန်ပြီး လွတ်လပ်စပြုချိန် ကာတွန်းဘောက်စ် မျိူးဆက်သစ် မျိုးဆက်ဟောင်းတွေ လက်တွဲပြီး ပြန်အသက်သွင်းနီုင်ခဲ့ကြပါတယ်။ အမည်တွေ ထည့်ပြီး ရေးချင်သော်လည်း မရေးတော့ပါဘူးနော်။ စစ်တပ်၏ မျက်မုန်းက အခုပြန်ပြီး အစွမ်းထက်နေတယ် မဟုတ်လား။ အခုတော့ အမှောင်ကျမြန်မာပြည်ကြီးမှာ ကာတွန်းဘောက်စ်လဲ ဘယ်သောင်ကမ်းဆိုက်နေသည် မသိသေး။
၈၈ အရေးတော်ပုံ အစောပိုင်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားသမဂ္ဂက စာစောင်ထုတ်ပါတယ်။ စက်မှုအားမာန်။ အဲသည်စာစောင်ကို အသက်သွင်းသူတွေ ကျောင်းသားတွေ ဆရာတွေကို သက်ရှိထင်ရှား မြန်မာပြည်တွင်းမှာ ရှိနေကြတော့ အမည်နဲ့တကွ မရေးတော့ပါ့ဘူး။ သို့သော် အဲသည်ထဲက အဓိကတာဝန်ခံတဦးကတော့ ကိုဖေမောင်သိန်း၊ ကာတွန်းဆရာကြီးဦးဖေသိန်း(ကွယ်လွန်) ၏ သားကြီး။ သူကတော့ ကွယ်လွန်ခဲ့ပါပြီ။ အဲသည်တော်လှန်သော စာစောင်ကနေ စာနယ်ဇင်းပိုးဝင်ခဲ့သူကတော့ မိမိကိုယ်တိုင်ပါပဲ။ ကာတွန်းဘောက်စ် တခန်းရပ်ချိန်၊ စက်မှုအားမာန်နဲ့ အသက်ဆက်ပြီးနောက် စာပေစာနယ်ဇင်းထဲ တဝဲလယ်လယ်နဲ့ ကွန်လွန်သူသတင်းစာဆရာ မောင်ဝံသ ပျိုးထောင်ပေးလို့ အတွေးအမြင်စာစောင်မှာ စာရေးသူ။ ကွယ်လွန်သူ စာရေးဆရာ မင်းယုဝေ အခွင့်ပေးလို့ မင်္ဂလာမောင်မယ်စာစောင်မှာ ကာတွန်းရေးသူ စသည်ဖြင့် ဖြစ်တည်ခွင့်ရပါတယ်။
သည်လိုနဲ့ အခုချိန်မှာ မိုးမခကို ဝိုင်းဝန်းထူထောင်သူထဲ တဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ မျိုးဆက်သစ် နွေဦးရဲဘော်တွေ၏ m.CDM ထဲမှာလည်း တာဝန်ထမ်းဆောင်သူတဦး ဖြစ်ခွင့်ရခဲ့ပါတယ်။ ခေတ်က အဆက်ဆက် စီးဆင်းလာလိုက်တာ အခုဆိုရင် နွေဦးတော်လှန်ရေးက မွေးဖွားလာတဲ့ မီဒီယာမျိုးဆက်သစ် ပလက်ဖောင်းတွေက အများအပြား ထွန်းကားနေပါပြီ။ အဲသည်ပလက်ဖောင်းစုံမှာ မျိုးဆက်ဟောင်းတွေ မျိုးဆက်သစ်တွေဟာ ကျရ ရောက်ရာ တာဝန်ကိုယ်စီ ထမ်းဆောင် ချီတက်နေကြဆဲ ဖြစ်ပါတယ်။ သည်တော့ အစပိုင်းမှာ တွေးမိတဲ့ အတွေးက သည်လမ်းကား မဆုံးသေးပါကလား။
အခုကျနော်တို့ရဲ့ ရဲဘော်တွေထဲမှာ အိပ်မက်ဖူးမှသည် မိုးကြိုးမှသည် ယခု မိုးမခကို ပဲ့ကိုင်ပေးနေတဲ့ ကဗျာဆရာ ခင်လွန်း၊ ပြည်တွင်းဂျာနယ်တွေကနေ ယခု မိုးမခတို့ mCDM တို့မှာ ရေးသားနေကြတဲ့ ရဲဘော်ဟောင်း ရဲဘော်သစ်တွေလည်း အပြိုင်းအရိုင်းပါပဲ။ သည်မီဒီယာပလက်ဖောင်းတွေက အမှီအခိုကင်းခြင်း၊ မိမိကိုယ်ကိုယ်ကို အားကိုးခြင်း၊ အသိစိတ်ဓာတ်အမြင်အမှန်ကိုသာ သစ္စာစောင့်သိခြင်း၊ စာနယ်ဇင်းသီလကို စောင့်ထိန်းခြင်းဆိုတဲ့ အရည်အချင်းတွေ ပြည့်စုံအောင် ကြိုးပမ်းနေကြတယ်လို့ ထင်မြင်မိပါတယ်။ သည်စခန်း သည်လမ်းကို မိမိတို့တွေ အသစ် အဟောင်း လက်တွဲ ဆက်လျောက်ကြရပြန်ပါပြီ။
တခါတလေတော့လည်း သည်လမ်းကား မဆုံးသေးဆိုတာကို တွေးမိတော့ မောတာပေါ့ဗျာ။ အဲသည်အခါကျရင် မိမ်ိတို့ အမြဲသီဆိုနေတဲ့ ကျော်ဟိန်း၏ မီးပြတိုက် သီချင်းစာသားလေးကို ညည်းနေလိုက်မိတယ်။
“ … မြင်နိုင်ပါတယ် မီးပြတိုက်ပေါ့
ကိုယ့်ရဲ့ဘဝက အမှောင်ထုစိုးမိုး လောကကမ်းပါး
အန္တရာယ်လမ်း ထွန်းညှိမီးအလင်းတန်း
ပင်လယ်ပြင်မှာ သဘောထားပြောင်းလွန်းတဲ့
ကံတရားရေလှိုင်းများနဲ့ ကြုံလာသူကို
ကူညီဖို့ ကြိုနေစောင့်နေမယ် …”
“ … ယုံကြည်စွာလေ ကိုယ့်ရဲ့အသွေးများ
ခမ်းခြောက်သွားတဲ့အထိ
လောင်ကျွမ်းရင်းနဲ့ အလင်းများရဖို့
ကိုယ်ပိုင်အလင်း မင်းအတွက် တို့ရဲ့အချစ်
ဒီရင်မှာ ခဏလောက်နားပြီးတော့
ပြန်ထွက်မှာလည်း သိရက် ကူညီချင်တယ်
ကိုယ်ဘာမှ မျှော်လင့်မထားပါကွယ် …” ။ ။
မိမိတို့ မျိုးဆက်အဆင့်ဆင့်က မီးအိမ်ကို ဆက် လက်ဆင့်ကမ်းကြရပါတယ်။
သည်လမ်း၏ အဆုံးကို မြင်ဖို့ - လမ်းပြဖို့ - မိမိတို့ ခရီးဆက်ရဦးမည်ပင်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar