နွေဦးတော်လှန်ရေး ရေရှည်သွားမလား၊ ဘာတွေ ချိန်ညှိသင့်သလဲ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂၆ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၇ ၊ ၂၀၂၆
နွေဦးတော်လှန်ရေး ရေရှည်သွားမလား၊ ဘာတွေ ချိန်ညှိသင့်သလဲ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုက အစပြုခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်လာချိန်မှာ တော်လှန်ရေးရဲ့ သဘောသဘာဝ၊ ကာလသက်တမ်း၊ ပြည်သူလူထု ခံစားနေကြရတဲ့ အမျိုးမျိုးသောဒုက္ခတွေ နဲ့ အတူ ရှေ့ဆက်လျှောက်လှမ်းမယ့် အနာဂတ်နဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ကာ လူထုကိုလည်း အသိပေးသင့်တာတွေ အသိပေးဖို့ လိုအပ်တဲ့ အချိန်ကာလ ရောက်ရှိလာနေပြီလို့ ယူဆပါတယ်။
နွေဦးတော်လှန်ရေး အစပြုခါစ အချိန်ကာလတွေမှာ စိတ်ဓာတ်တက်ကြွစေဖို့၊ လူထုကို စည်းရုံးရေးအရ နှိုးဆော်ပြောဆိုခဲ့တာတွေ ကတိပေးခဲ့တာတွေ၊ အကောင်အထည် ပေါ်မလာနိုင်တဲ့ ကတိကဝတ်တွေအတွက် တောင်းပန်ဖို့ မတောင်းဆိုလိုသည့်တိုင် တာဝန်ရှိသူ၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ သင်ခန်းစာယူပြီး တော်လှန်ရေးအင်အားစုတွေအပေါ်မှာရော လူထုအပေါ်မှာပါ ရိုးသားစွာ၊ တာဝန်ခံမှုရှိစွာနဲ့ ရှေ့ဆက်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေမှာ လက်နက်ကိုင် တော်လှန်ရေးကို တွန်းတွန်းတိုက်တိုက် နှိုးဆော်ခဲ့တဲ့ အချို့သော နွေဦးတော်လှန်ရေး ခေါင်းဆောင်တွေအနေနဲ့ ပြည်သူလူထု ခံစားနေကြရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို နီးနီးကပ်ကပ် ကြည့်ရှုကာ မိမိတို့ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တာဝန်ခံမှုရှိစွာနဲ့ ပြည်သူလူထုကို ရှင်းလင်းပြောဆိုဖို့လည်း လိုအပ်မယ်လို့ ယူဆမိပါတယ်။
၂၀၂၁ ခုနှစ် အစောပိုင်း ဆန္ဒပြလှုပ်ရှားမှုကနေ လက်နက်ကိုင်တော်လှန်ရေးကို အသွင်ကူးပြောင်းလာချိန် လက်နက်ကိုင် တော်လှန်ရေးဟာ ၆ လ အတွင်း ၁ နှစ်အတွင်း အောင်မြင်လိမ့်မယ်လို့ ပြောဆိုမှုတွေကြောင့် ပြည်သူအများစုက ဒီပြောဆိုမှုတွေကို တကယ်ယုံကြည်ပြီး သားသမီးတွေရဲ့ ပညာရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်၊ ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးဖို့ ကိစ္စတွေကို တော်လှန်ရေး အောင်မြင်ပြီးမှ လုပ်ဆောင်မယ်ဆိုတဲ့အထိ ဆိုင်းငံ့ထားခဲ့ကြတာ ပတ်ဝန်းကျင်မှာ တွေ့မြင်ခဲ့ကြရပါတယ်။
ကိုဗစ်ကူးစက်ကပ်ဘေး အရှိန်အမြင့်ဆုံး ၂၀၂၁ ခုနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေ အလွန်ကာလမှာ အာဏာသိမ်းစစ်အစိုးရ လက်အောက်မှာ ရှိတဲ့ ကျန်းမာရေးဌာနရဲ့ ကာကွယ်ဆေးထိုးပေးတဲ့ ဝန်ဆောင်မှုမျိုးကိုတောင် နိုင်ငံရေးရှုထောင့်က ကြည့်ပြီး လက်မခံဘဲ ငြင်းပယ်ခဲ့ကြတဲ့သူ အများအပြားရှိခဲ့တာ တွေ့ရပါတယ်။ အလားတူ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာလည်း မိမိတို့ သားသမီးတွေကို ကျောင်းမထားဘဲ တော်လှန်ရေးပြီးသည်အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့ပါတယ်။ အချို့ကျောင်းသားတွေက အထက်တန်းအဆင့်နဲ့ တက္ကသိုလ်၊ ကောလိပ်တက်နေကြတဲ့ သားသမီးတွေကို တိုက်တွန်းဖို့ ခက်ခဲတာက သီးခြားဖြစ်ပေမဲ့ မူလတန်း အလယ်တန်းအဆင့် ကျောင်းသားတွေကို မိဘတွေက ကာလတခု စောင့်ပြီး တော်လှန်ရေးပြီးမှ ကျောင်းပြန်ထားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေက အထက်က နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စည်းရုံးပြောဆိုမှုတွေရဲ့ သက်ရောက်မှုကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။
အလားတူပဲ တော်လှန်ရေးအတွက် ရန်ပုံငွေ ထည့်ဝင်ခဲ့ကြသူတွေ အနေနဲ့လည်း တော်လှန်ရေးက တနှစ်၊ နှစ်နှစ်အတွင်း အောင်မြင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြသူ အများအပြားရှိပြီး ရှိစုမဲ့စု ရွှေ၊ ကျောက်မျက်ရတနာ လက်ဝတ်လက်စားတွေ ချွတ်ပြီး တော်လှန်ရေးရန်ပုံငွေ အတွက် ထည့်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေက စိုက်ပျိုးရေး မွေးမြူရေး လုပ်ကိုင်ကာ အသက်မွေးကြသူတွေအနေနဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့၊ မိမိတို့ သားသမီး၊ မြေးတွေ ပါဝင်တိုက်ခိုက်ကြတဲ့ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်စေဖို့ နားက နားကပ်၊ လက်စွပ်စတာတွေ ချွတ်ပြီးထည့်ဝင် ကူညီခဲ့ကြတဲ့ အဖြစ်တွေလည်း ရှိခဲ့ကြပါတယ်။
အခုလို နွေဦးတော်လှန်ရေး အောင်မြင်ဖို့ရာ မိမိတို့တတ်နိုင်တဲ့ အပိုင်းမှာ အစွမ်းကုန် ကူညီပါဝင်ခဲ့ကြတဲ့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေး ရှည်ကြာလာချိန်မှာ ဘယ်လို ခံစားချက်မျိုး ဖြစ်ပေါ်လာမလဲ ဆိုတာလည်း တွေးဆနားလည်သင့်ပါတယ်။ နွေဦးတော်လှန်ရေး တနည်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေးဟာ နေ့ချင်းညချင်း ပြီးဆုံး အောင်မြင်ဖို့ အလားအလာ လျော့နည်းလာနေတာကို အခုနေအခါမှာ နိုင်ငံရေးသမား မဆိုထားနှင့်၊ သာမန်လူထုအနေနဲ့တောင် အကဲခတ် ရိပ်စားမိလာကြတာ ဖြစ်ပါတယ်။ တော်လှန်ရေး နေ့ချင်းညချင်း မအောင်မြင်ခြင်းအတွက် အပြစ်ဖို့ခြင်း ဆိုတာထက် ရေရှည် လျှောက်လှမ်းရမဲ့ တော်လှန်ရေးဆိုတဲ့ အချက်ကို တွက်ဆထားခဲ့ပြီး ထောက်ခံသူ ပြည်သူလူထုကိုလည်း ရိုးသားစွာ အသိပေးခဲ့ဖို့ ပျက်ကွက်တဲ့ အချက်ကို ထောက်ပြခြင်းသာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကို ဦးဆောင်ခဲ့ကြသူတွေ အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ခြင်းအတွက် မှားတယ်၊ မှန်တယ်လို့ ဆိုလိုခြင်း မဟုတ်ဘဲ လက်နက်ကိုင်တော်လှန်ရေး တရပ်ကို ၆ လ ၁ နှစ်အတွင်း အောင်မြင်လိမ့်မယ်လို့ အလွယ်ယူဆခဲ့ကြတဲ့ အဖြစ်ကို ရည်ရွယ်ပြောလိုခြင်း ဖြစ်ပါတယ်။
ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ အနက် ၆ လ ၁ နှစ်အတွင်း အောင်ပွဲခံခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေး အလွန်နည်းပါးတယ်ဆိုတာ သမိုင်းဖြစ်ရပ်တွေကို လေ့လာကြည့်ရင် သိရှိနိုင်ပါတယ်။ အများစုသော လက်နက်ကိုင် တော်လှန်ရေးတွေလိုပဲ မြန်မာနိုင်ငံက နွေဦးတော်လှန်ရေးဟာလည်း လက်နက်ကိုင်တပ် တည်ဆောက်တာ၊ စစ်ရေးအတွေ့အကြုံ၊ လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ လက်နက်ခဲယမ်း စတာတွေ စုဆောင်းတာတွေနဲ့ နှစ်ကာလတခု သို့မဟုတ် ဆယ်စုနှစ်အထိ ကြာကောင်းကြာနိုင်မယ် ဆိုတာ သမိုင်းအဖြစ်အပျက်တွေကို ဆန္ဒစွဲကင်းစွာနဲ့ လေ့လာသုံးသပ်ရင် သိရှိနားလည်နိုင်ပါတယ်။
ဆယ်စုနှစ် ၇ ခုကျော်ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ပွဲ ရဲ့ သမိုင်း၊ ၁၉၄၉ ကနေ ၁၉၅၂ ခုနှစ်အထိ ကြာမြင့်ခဲ့တဲ့ လွတ်လပ်ရေး ရပြီးစ ပြည်တွင်းစစ်ပွဲ စတဲ့ သမိုင်းအဖြစ်အပျက်တွေကို လေ့လာကြည့်ရင် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက် ပေါ်ထွက်လာတဲ့ နွေဦးတော်လှန်ရေးဟာလည်း သည်နေ့ မနက်ဖြန် အောင်မြင်ပြီးဆုံးမဲ့ တိုက်ပွဲမျိုး မဟုတ်တာ သဘောပေါက်နိုင်ပါတယ်။
အခုလို ၅ နှစ်ကျော် ကြာလာချိန်မှာ နွေဦးတော်လှန်ရေး ဦးဆောင်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန်ရေးရဲ့ စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာကို ပြန်လည်သုံးသပ်ပြီး အနာဂတ်လမ်းကြောင်းတခုကို ချိန်ညှိချမှတ်သင့်ပြီ ဖြစ်ပါတယ်။
နိုင်ငံရေးအရ ဦးဆောင်သူ အများစုက နိုင်ငံရဲ့ ပြင်ပမှာ နေထိုင်ကာ အမိန့်ပေး စီမံနေကြတဲ့ အဖြစ်ကလည်း ကျင့်ဝတ်ဆိုင်ရာအရ မသင့်တော်သလို တသွေးတသားထည်း အတူတူ ချီတက်လုပ်ဆောင်ကြတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိမနေကြတဲ့ အနေအထား ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကို ဆက်လက်လျှောက်လှမ်းကြရာမှာ လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းအတိုင်း ဆက်လက် ချီတက်ကြမယ်၊ စစ်တပ်အနေနဲ့ နိုင်ငံရေးက အပြီးတိုင်ထွက်ခွာဖို့ သဘောမတူမချင်း အာဏာသိမ်းစစ်အုပ်စု၊ စစ်တပ်နဲ့ ဆွေးနွေး ညှိနှိုင်းခြင်း မပြုနိုင်ဘူးဆိုတဲ့ ရပ်တည်ချက် သဘောထားရှိတယ်ဆိုရင် လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်လို့ ရေရှည် အစီအမံ၊ လုပ်ဆောင်မှုတွေ နည်းလမ်းတွေ ပြန်လည် သုံးသပ်ချမှတ်ကြဖို့ လိုအပ်သလို ပြည်သူလူထုကိုလည်း တာဝန်ရှိစွာ အသိပေးပြီး ပြည်သူလူထုအနေနဲ့ ရေရှည် ရှင်သန် ရပ်တည်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်ကြဖို့ အရေးတကြီးလိုအပ်မှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar