Breaking News

ဇာနည် - သံမဏိနှလုံးသားပိုင်ရှင် (ဆရာဦးဝင်းတင် သို့...)



ဇာနည် - သံမဏိနှလုံးသားပိုင်ရှင် (ဆရာဦးဝင်းတင် သို့...)

မိုးမခ ၊ ဧပြီ ၂၈ ၊ ၂၀၂၆


(၁၈-၄-၂၀၂၆) နေ့က ဝါတာနာမှာ ပြုလုပ်တဲ့ အပြာရောင်ရှပ်အင်္ကျီ လှုပ်ရှားမှု “Blue Shirt Campaigns” ပွဲကို ၈၈ မျိုးဆက် “အကသ” ရဲဘော်တစ်ယောက်က ခေါ်လို့ တက်ဖြစ်ခဲ့ပါတယ်။ ဟိုရောက်တော့ စကားပြောဖို့ အတင်းအစီအစဉ်ထဲထည့်တာနဲ့ စကားပြောခဲ့ရတယ်။

ဆရာဦးဝင်းတင်နဲ့ ပတ်သက်ပြီးပြောရရင် စာပေအနုပညာနဲ့ သတင်းစာဆရာကြီးဆိုတာက တစ်ဘဝ၊ ဒီချုပ်ပါတီခေါင်းဆောင် နိုင်ငံရေးသမားဆိုတာက တစ်ဘဝ၊ တစ်ကိုယ်နှစ်စိတ်နဲ့ ဘဝနှစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။ လူအများစုကြီးက ပိုသိတာက ဆရာဝင်းတင်ရဲ့ (၈၈၈၈) အရေးတော်ပုံနောက်ပိုင်း ဒီချုပ်ပါတီခေါင်းဆောင်ဘဝ ဖြစ်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ ပိုသိတာက ဆရာဦးဝင်းတင်ရဲ့ အနုပညာနဲ့ သတင်းစာဆရာကြီးဆိုတဲ့ဘဝပါ။ ပိုပြီးတိတိကျကျပြောရရင် လက်ဝဲစာရေးဆရာ၊ သတင်းစာဆရာ ဦးဝင်းတင်ဆိုတာပါ။

ဆရာ့ကို (၈၈၈၈) လူထုအရေးတော်ပုံကြီး မဖြစ်မီက မန္တလေးမှာ ထုတ်ဝေတဲ့ “ဟံသာဝတီသတင်းစာ” အယ်ဒီတာချုပ်ဘဝမှာ တစ်ခါပဲ တွေ့ခဲ့ဖူးပါတယ်။ လူထုသတင်းစာ သတင်းထောက်ဖြစ်တဲ့ ကျွန်တော့်အဖေက မန္တလေးရောက်ရင် ဦးလေးလှနဲ့ အမေမာတို့ရှိတဲ့ လူထုသတင်းစာတိုက်ကို သွားတယ်။ ပြီးရင် ဆရာဦးဝင်းတင်နေတဲ့ နန်းရှေ့ကအိမ်ရာမှာ ဆရာဦးဝင်းတင်ကို သွားတွေ့တတ်တယ်။

တစ်ခါက “ဗိုလ်နေဝင်းရဲ့ ဦးနှောက်ဖောက်စားခံရသူများ” ဆိုပြီး ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ဦးချစ်လှိုင်(အညမည) နဲ့ ဆရာဦးဝင်းတင်တို့အကြောင်းပါ။ ဗိုလ်နေဝင်းအာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထောင်မယ်လုပ်တော့ ဆိုရှယ်ဝါဒအကြောင်း နကန်းတစ်လုံးမသိတဲ့ ဗိုလ်နေဝင်းနဲ့ စစ်ဗိုလ်ချုပ်တွေဟာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာရှိတဲ့ ဆိုရှယ်ဝါဒကျမ်းတွေကို စစ်ကားတွေနဲ့ စစ်ရုံးချုပ်ကို သယ် မ လာပြီး ပြင်သစ်ဆိုရှယ်လစ်သင်တန်းကျောင်းဆင်း ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်) ကို မဆလပါတီဝင်နံပါတ် (၆) နေရာပေးပြီး မဆလရဲ့ တစ်ခုတည်းသော သဘောတရားလက်စွဲကျမ်း “အညမည” ဆိုတဲ့စာအုပ်ကို ရေးခိုင်းခဲ့တယ်။ ဗိုလ်နေဝင်းလက်ထက်မှာ ပထမဆုံး ၁၀၀ တန်ငွေစက္ကူတွေကို တရားမဝင်သိမ်းဖို့ ကြေညာမယ့် ညအစည်းအဝေးမှာ ဦးချစ်လှိုင်လည်း ပါပါတယ်။ ဒါပေမဲ့ ဦးချစ်လှိုင်ဟာ အစည်းအဝေးပြီးလို့ အိမ်ပြန်ရောက်တဲ့အခါမှာ သူ့မိန်းမ (ဖဆပလ ပြည်ထဲရေးဝန်ကြီးဟောင်း သခင်သာခင်ရဲ့ ညီမ) ကိုတောင် မပြောဘဲ လျှို့ဝှက်ထားခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာပါခဲ့တဲ့ တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးစောမြင့်ဆီက သတင်းပေါက်ကြားမှုဖြစ်ခဲ့လို့ တော်လှန်ရေးကောင်စီဝင်အဖြစ်ကနေ ဗိုလ်စောမြင့် (မဟေသီထုတ်ဝေသူ) ထုတ်ပယ်ခံခဲ့ရတယ်။ ဦးချစ်လှိုင်မိန်းမဟာ သူ့သားနှစ်ယောက်ကို ရှင်ပြုပေးဖို့ စုထားတဲ့ တစ်ရာတန်ငွေစက္ကူလေးတွေ အသိမ်းခံခဲ့ရပြီး စိတ်ဝေဒနာခံစားခဲ့ရတာ သေတဲ့အထိ တံတားလေးမှာ ဆေးကုသခံခဲ့ရတယ်။

ဦးဝင်းတင်ကျတော့ အထက်ဗမာပြည်နဲ့ မန္တလေးမှာ ဩဇာအရှိန်အဝါကြီးမားလှတဲ့ လူထုသတင်းစာနဲ့အပြိုင် ဗိုလ်နေဝင်း မဆလအစိုးရက “ဟံသာဝတီ” ဆိုတဲ့နာမည်နဲ့ ဆရာဦးဝင်းတင်ကို အယ်ဒီတာချုပ်ခန့်ပြီး သတင်းစာတစ်စောင် ထုတ်ဝေခဲ့တယ်။ သို့သော်လည်း ဆရာဦးဝင်းတင်ဟာ လူထုသတင်းစာဝိုင်းတော်သား အထက်ဗမာပြည်က စာရေးဆရာ၊ သတင်းစာဆရာ ပညာရှင်တွေနဲ့ပေါင်းပြီး “စနေစာပေဝိုင်း” ဆိုတဲ့ အပတ်စဉ် စာတမ်းဖတ်ပွဲတွေ ပြုလုပ်ခဲ့တယ်။ အဲဒီစာပေဆွေးနွေးဝိုင်းနဲ့ စာတမ်းဖတ်ပွဲတွေမှာ ဗိုလ်နေဝင်းရဲ့ အတုအယောင် (မဆလ) ဆိုရှယ်လစ်ဝါဒကို ဝေဖန်တဲ့စာတမ်းတွေ ဖတ်ကြားတာ ပေါက်ကြားပြီး “ဟံသာဝတီသတင်းစာ” လည်း ပိတ်ပစ်ခဲ့ရပါတယ်။ ဗိုလ်နေဝင်းဟာ အဲဒီလို လူတော်လူကောင်းတွေဖြစ်တဲ့ ဦးချစ်လှိုင်တို့၊ ဆရာဦးဝင်းတင်တို့ကို အသုံးချခဲ့ဖူးတယ်ဆိုတာကို ကျွန်တော့်ဆောင်းပါးမှာ ရေးခဲ့ဖူးပါတယ်။

ကျွန်တော့်အနေနဲ့ ဆရာဦးဝင်းတင်ကို ပထမဆုံးသိခဲ့တာကတော့ ဆရာဒဂုန်တာရာရဲ့ “စာရေးဆရာ၊ အယ်ဒီတာစားပွဲနဲ့ ပန်းနုရောင်အို” ဆိုတဲ့စာအုပ်မှာ ဆရာဝင်းတင်ရဲ့ ကလောင်နာမည်ခွဲတစ်ခုဖြစ်တဲ့ “ပေါ်သစ်” နာမည်နဲ့ရေးခဲ့တဲ့ အမှာစာဖြစ်ပါတယ်။ ရေးသားပုံက စာအုပ်အမှာစာတစ်ခုပုံစံမျိုးမဟုတ်ဘဲ ရသစာတမ်းငယ်တစ်စောင်လို လှပညက်ညောလွန်းလို့ စွဲလမ်းခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက “ပေါ်သစ်” ဆိုတာ ဆရာဦးဝင်းတင်မှန်း မသိခဲ့သေးပါဘူး။

နောက်တော့ ဆရာရဲ့ အဲဒီအချိန်တုန်းက ဆိုဗီယက်နဲ့ အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံတွေအကြောင်း ရေးထားတဲ့ ခရီးသွားဆောင်းပါး “ကမ္ဘာနီတွင်တစ်ဒင်္ဂ” ဆိုတဲ့စာအုပ်ဖတ်ပြီး ဘယ်သူလဲလို့ လိုက်စုံစမ်းမေးမြန်းကြည့်မှ “ဝင်းတင်” ဆိုတာ ပေါ်သစ်နာမည်နဲ့ ဆရာဒဂုန်တာရာစာအုပ် အမှာစာရေးခဲ့တဲ့ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင်ဆိုတာ သိခဲ့ရတယ်။

ဆရာရဲ့ ပန်းချီအနုပညာဝေဖန်ရေးစာအုပ် “အလှရှာတော်ပုံ” ဆိုတာနဲ့ ဥရောပနိုင်ငံတွေ ယဉ်ကျေးမှုလေ့လာရေးခရီးစဉ် အတွေ့အကြုံတွေအကြောင်းရေးထားတဲ့ “ခြေမှာစကား၊ လက်ဖျားကဗျာ၊ မျက်နှာဇာတ်လမ်း” ဆိုတဲ့ စာအုပ်တွေဖတ်ခဲ့ရပြီး ဆရာဦးဝင်းတင်ဆိုတာ သတင်းစာဆရာသာမက ပန်းချီနဲ့ သဘင်ဂီတအကြောင်းပါ နှံ့စပ်ကျွမ်းကျင်တဲ့ စွယ်စုံရပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာ သိလာခဲ့ရတယ်။

ဆရာ့ရဲ့ နောက်ထပ်နာမည်ကျော်စာအုပ်တစ်ခုကတော့ အမေရိကန်သတင်းစာဆရာ “ဟင်နရီ ဆင်ဒနာ ဟယ်ရစ်ဆင်” (Henry Sydnor Harrison) ရေးတဲ့ “ကွီး” (Queed) ဆိုတဲ့ ဘာသာပြန်စာအုပ်ပါ။ အဲဒီစာအုပ်ကို ဖတ်ကြည့်ပြီးမှ ဆရာ့ရဲ့ စာရေးခြင်းအတတ်ပညာလက်စွမ်းကို ရသမြောက်ခံစားခဲ့ရပြန်ပါတယ်။ “ကွီး” ကို ကျွန်တော်တို့သိထားတာက သတင်းစာဆရာကြီး ဦးချစ်မောင် (ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်) လေးစားအတုယူအားကျခဲ့တဲ့ “ကွီး”။ ဦးချစ်မောင် ဇနီး စာရေးဆရာမကြီး “ဂျာနယ်ကျော်မမလေး” က “ကွီး” ကိုမှီးပြီး သူ့ယောက်ျား ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ရေးခဲ့တဲ့ “သူလိုလူ” စာအုပ်တွေကတဆင့် သိခဲ့ရပြီးမှ ဆရာဦးဝင်းတင်ရဲ့ ကျေးဇူးနဲ့ ၂၀ ရာစုဆန်းစ အမေရိကန်သတင်းစာလောကရဲ့ ရှေးခေတ်ဦးကာလက အရင်းရှင်စီးပွားရေးစနစ်ယန္တရားအောက်က အမေရိကန်သတင်းစာလောကသား သတင်းစာဆရာတစ်ယောက်ရဲ့ဘဝနဲ့ ရုန်းကန်ရင်ဆိုင်ရတာတွေကို ဆရာဦးဝင်းတင်ရဲ့ “ကွီး” စာအုပ်မှာ ရသမြောက်စွာ ဖတ်ရှုခံစားခဲ့ရပါတယ်။

ကျွန်တော်တို့နဲ့ ဆရာဝင်းတင် ရင်းရင်းနှီးနှီးဆက်ဆံဖူးတာကတော့ (၈၈၈၈) လူထုအရေးတော်ပုံကြီးကာလမှပါ။ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ကျွန်တော်တို့ (၈၈) ဗကသများအဖွဲ့ချုပ်က ထုတ်ဝေတဲ့ “သမဂ္ဂသတင်းစာ” ကို ဆရာဝင်းတင်ကို တည်းဖြတ်ထုတ်ဝေပေးဖို့ အကူအညီတောင်းတော့ ဆရာက မအားလပ်တဲ့ကြားက ဝမ်းသာအားရ အကူအညီပေးခဲ့ပြီး၊ ဘားလမ်းက “စံပယ်ဦး” တိုက်မှာထိုင်ပြီး ကြီးကြပ်ထုတ်ဝေပေးခဲ့ပါတယ်။ သမဂ္ဂသတင်းစာရဲ့ အာဘော်ခေါင်းကြီးပိုင်းဆောင်းပါးတွေကိုလည်း ရေးပေးခဲ့ပါတယ်။ ဒါ့အပြင်မှာလည်း ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်က ပြုလုပ်တဲ့ လူထုဆန္ဒပြပွဲတွေမှာလည်း ကျွန်တော်တို့နဲ့အတူ ရှေ့တန်းကနေပြီး မျက်မှန်ထူကြီးနဲ့ မျက်စိမကောင်းတဲ့ ဆရာမြ (မြသန်းတင့်) လက်ကိုဆွဲပြီး လမ်းလျှောက်လိုက်ပါ ဆန္ဒပြခဲ့ပါတယ်။ အဲဒီလို ဆရာကြီးတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံရမှ သူတို့အားလုံးဟာ လူသားဆန်ပြီး အင်မတန်မှ စိတ်သဘောထားသိမ်မွေ့ကြီးမြတ်၊ ဉာဏ်ပညာနဲ့ ပြည့်စုံကြွယ်ဝသူတွေဆိုတာ ပိုပြီးသိခဲ့ရပါတယ်။

နောက်ပိုင်း ဆရာလည်း ဒီချုပ်ပါတီကို ရောက်သွားပြီး ကျွန်တော်တို့နဲ့ သိပ်မနီးစပ်တော့ပေမဲ့ ဆရာ့ကိုတော့ ယုံကြည်လေးမြတ်ထားခဲ့ပါတယ်။ (၈၈) လုပ်သားကောလိပ်က ကျောင်းသားခေါင်းဆောင်နဲ့ နောက်တော့ အန်အယ်လ်ဒီ ရောက်သွားတဲ့ “စိုးသိမ်း” (စစ်ကိုနိုင်) ကိစ္စနဲ့ ဆရာ့ကို မတရားစွပ်စွဲဖမ်းဆီး နှစ်ရှည်ထောင်ချခံခဲ့ရတယ်။ ဖက်ဆစ်အကျဉ်းသားဘဝမှာလည်း ဆရာ့ရပ်တည်ချက်တွေက မွှေးမြခိုင်မာလှပါတယ်။

ဒီဘက်ပိုင်း ဆရာ ပြန်လွတ်လာတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီအပေါ် သစ္စာရှိစွာ ဆက်လက်ပံ့ပိုးရပ်တည်ပေးခဲ့တယ်။ ဒါပေမဲ့ ဒီချုပ်ပါတီထဲမှာ သံမဏိယုံကြည်ချက်ပိုင်ရှင် ဆရာ့လို ပုဂ္ဂိုလ်မျိုးအဖို့ အကျပ်အတည်း ခက်ခဲမှုတွေကို (၂၀၁၀) နောက်ပိုင်း ဒီချုပ်ပါတီ ပေါ်လစီအပြောင်းအလဲကာလတွေမှာ ကျွန်တော်တို့တတွေ တစ်စွန်းတစ်စ အဝေးကနေ မြင်တွေ့နေခဲ့ရပါတယ်။

ဆရာလူထုစိန်ဝင်း မကျန်းမာလို့ အိပ်ရာထဲ လဲနေချိန်မှာ ဆရာဦးဝင်းတင် သွားတွေ့ပြီး ဆရာလူထုစိန်ဝင်းပြောတဲ့ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကာလက စကားလုံး “ဌာနချုပ်ကို အမြောက်နဲ့ပစ်ကြ” (Bombard the Headquarter) ဆိုတဲ့ ဆရာ ရေးတဲ့ဆောင်းပါးလေးမှာ ဆရာ့ရဲ့ အကျပ်အတည်းကို အထင်အရှား တွေ့ခဲ့ရတယ်။ (ဝင်-ပြင်နဲ့ ပြင်-ဝင်) အယူအဆကွဲကြတော့ ဆရာဦးဝင်းတင်နဲ့ ရှေ့နေကြီးဦးကိုနီတို့ နှစ်ဦးသာ လက်ညှိုးထောင်ထားတဲ့ ဓာတ်ပုံတွေလည်း ထွက်လာပြန်ခဲ့တယ်။

ဆရာဦးဝင်းတင်နဲ့ ကျွန်တော် နောက်ဆုံးစကားပြောခွင့်ရခဲ့တာကတော့ (၂၀၁၃) မှာ ဖို့ဝိန်းမြို့က အင်ဒီယားနားပြည်နယ် ပါဂျူးတက္ကသိုလ်မှာ ကျွန်တော်တို့ ပြည်ပရောက် (၈၈) မျိုးဆက်တွေလုပ်တဲ့ ညီလာခံမှာ ဆရာ့ကို အဖွင့်အမှာစကားပြောပေးဖို့ ကျွန်တော်က ဆရာ့ဆီ ဖုန်းဆက်တောင်းဆိုခဲ့တယ်။ အဲဒီတုန်းက ဆရာက “ကျွန်တော် မပြောပါရစေနဲ့၊ ပါတီမှာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေသမျှ ပွဲတွေလမ်းတွေမှာ သူ့ကိုကျော်ပြီး ကျွန်တော် ဘယ်တော့မှ စကားပြောမှာမဟုတ်ဘူးဗျ၊ ကျွန်တော် မပြောချင်ဘူးလို့...” ငြင်းခဲ့ပါတယ်။ ဆရာဟာ ပညာဉာဏ်နဲ့ သဘောတရားပြည့်ဝကုံလုံသူတစ်ယောက်ဖြစ်ပေမဲ့လည်း ပါတီစည်းကမ်းကိုလည်း တိတိကျကျ လိုက်နာနေထိုင်ခဲ့ပြီး သူ့အနေနဲ့ “ဒေါ်စု” ကို ဝန်းရံပံ့ပိုးသူတစ်ယောက်အနေနဲ့ပဲ ဘဝတလျှောက်လုံး ရပ်တည်နေထိုင်သွားခဲ့ပါတယ်။

ဆရာ မရှိတော့တဲ့နောက်မှာ ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ယောက် ပြောခဲ့ဖူးတဲ့စကားကို ကျွန်တော်တို့ ကြားခဲ့ဖူးပါတယ်။ “ဆရာဦးဝင်းတင်ရှိတုန်းက ပါတီပေါ်လစီ ထိန်းညှိရမယ့်ကိစ္စတွေရှိရင် ကျွန်တော်တို့က ဆရာဦးဝင်းတင်ကတဆင့် အစည်းအဝေးတွေမှာ “Policy balancing” လုပ်ရတယ်... ဆရာ မရှိတော့ လုပ်မဲ့သူ ဘယ်သူမှမရှိတော့ဘူး...” လို့ ပြောခဲ့ဖူးတယ်။

ခုတော့ ဆရာဦးဝင်းတင်လည်း မရှိတော့ပြီ။ ပါတီရဲ့ တစ်ဦးတည်းသောခေါင်းဆောင် ဒေါ်စုကလည်း အသက် (၈၀) ကျော် အကျဉ်းစံဘဝမှာ လက်ရှိ ဒီချုပ်ပါတီကို ဆက်လက်ခေါင်းဆောင်မှာ ဘယ်သူလဲလို့ မေးနေရလေပြီ။ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးခဲ့သော်ငြားလည်း “I am above the President” ပြောခဲ့လေတော့၊ ဒီကနေ့ ခေါင်းဆောင်မှုကင်းမဲ့နေတဲ့ ဒီချုပ်ပါတီရဲ့ ခေါင်းဆောင်မှုပြဿနာက ကြီးစွဟုပင် ပြောရပေတော့မည်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar