မောင်ဘဦး - ဝိ - ဝီ - ဝီး
မောင်ဘဦး - ဝိ - ဝီ - ဝီး
မိုးမခ ၊ ဧပြီ ၂၇ ၊ ၂၀၂၆
(က)
“...ဆိုင်းကားက နောက်ကျလှချည်လားကွ...၊ ရှင်လောင်းလှည့်တော့ နောက်ကျတော့မှာပဲ...။”
“...တုံ...တုံ...တုံ...တုံ...တုံ...တုံ...တုံ...တုံ...”
“...ဟော... လာပါပြီ ဘဒွေးရာ...။ အသံချဲ့စက်ဆရာရေ...၊ အသံလေး နည်းနည်း လျှော့ပေးဦးဗျို့...။ ကဲ... ကောင်လေးတွေ၊ ဝိုင်းကူပြီး ချပေးလိုက်ကြ...။ ရှင်လောင်းလှည့်ဖို့ ဗြောလှည်းအတွက် လင်းကွင်းကြီးနဲ့ ‘ဘင်’ ကြီးရယ်...၊ မကိုဋ်လှည်းတွေနောက်ကနေ လိုက်မဲ့ အကလှည်းအတွက် ‘စခွင်း’ နဲ့ ‘မောင်းဆိုင်း’ ဒါမှမဟုတ် ‘နှဲ’၊ တီးဝိုင်းတစ်ဝိုင်းစာ ဆိုင်းက ကူမယ်လို့ ပြောထားပြီးသား...။”
ဟုတ်သည်။ ရွာလေးဆီကို လှမ်းမြင်ရပြီ ဆိုကတည်းက ချက်ပလက်ဆိုင်းကားကြီးမှ စည်တိုရိုက် အသံပေးပြီး အလှူမဏ္ဍပ်ရှိရာ ရွာလယ်ထဲသို့ တဖြည်းဖြည်း မောင်းဝင်လာနေပြီ။ လည်ပင်း ညောင်ရေအိုးတမျှ မျှော်နေကြသည့် ရှင်လောင်းလှည့် ဗြောတီးအဖွဲ့မှာ အခုမှ သက်ပြင်းချ ဝမ်းသာလုံးဆို့ကာ၊ နောက်မြီးထိုး ရပ်ထားသော ဆိုင်းကားဆီသို့ ဆိုင်းသေတ္တာပစ္စည်းများ ကူညီချပေးရန် အပြေးအလွှား သွားရောက်ကြလေတော့သည်။ ဗြောဆရာတို့သာမက အရှေ့ပိုင်း၊ အနောက်ပိုင်းတို့မှ ဒိုးပတ်အဖွဲ့ နှစ်ဖွဲ့လုံးကလည်း ရောက်လာကာ ဝိုင်းကူချပေးနေလေပြီ။ ကွက်သစ်အိုးစည်ဝိုင်းက ကောင်လေးတွေတော့ မမြင်သေး။
အို... ဟုတ်သားပဲ...။ ဒီအလှူမှာ ဒိုးအဖွဲ့ကကောင်တွေ ထမင်းနဲ့ ပြာနဲ့ နယ်ပြီး ပတ်စာမကြိတ်တော့ဘဲ ဆိုင်းဆရာဆီက ‘နိုင်လွန်ပတ်စာ’ ဆိုလား နိုင်ငံခြားပတ်စာ ဆိုလား၊ အဆင်သင့်တပ်ပြီး တီးလို့ရတဲ့ပတ်စာ တောင်းမည်ပြောသံ ကြားသည်။ ဒါကြောင့် ဖြစ်မည်။ ခါတိုင်းထက် ပို၍ တက်ကြွစွာ ဆိုင်းသေတ္တာများကို ကူညီချပေးနေကြသည်။
ကွက်သစ် အိုးစည်ဝိုင်းကတော့ ထမင်းနဲ့ပြာ ရောကာ လက်ဖနောင့်နှင့် ကြိတ်နယ်ထားသော ရိုးရာပတ်စာဖြင့် အိုးစည်စမ်း၍ပင် နေလေပြီ။ သူတို့အဖွဲ့မှာ ပုလွေသမားကလည်း ကောင်းလှသည်။ အဆိုကလည်း ကောင်းလှသည်။ ဘာအသံချဲ့စက်မှ မလို။ လင်းကွင်းသံ၊ အိုးစည်သံ၊ ဝါးသံတို့အပေါ် လွှမ်းမိုး၍ပင် ထွက်ပေါ်လာသည်။ ရှင်လောင်းလှည့်က အပြန် အလှူမဏ္ဍပ် ပြန်ရောက်တော့ မိုက်တောင်း၍ အသံချဲ့စက်ဖြင့် တီးမှုတ်ကြဦးမည်လေ။ သည့်အတွက် သူတို့ကို သည်အလှူပြီးလျှင် နောက်တစ်လှူအတွက် ရှေ့-နောက် အလှည့်ကျ ထားပေးရသည်။ ဒါတောင် မိုက်အသုံးပြုခွင့်အတွက် တစ်ဖွဲ့လျှင် သီချင်း နှစ်ပုဒ်သာ ခွင့်ပြုထားရသည်။ တစ်ဖွဲ့ပြီးသည်နှင့် ပိတ်ဖြူကျက်ထားသော အလှူမဏ္ဍပ်အမိုးမှာ ချိတ်ဆွဲထားသည့် ငှက်ပျောခိုင်များမှ ငှက်ပျောတစ်ဖီး ဆွတ်ပေးလိုက်ရုံသာ။ အညာကျေးလက် အလှူရှင်လောင်းလှည့် တီးဝိုင်းငှားခမှာ ဒါပဲဖြစ်သည်။
အရင်အလှူတုန်းက ရွာက ဒိုးပတ်ဝိုင်းနှင့် အိုးစည်ဝိုင်းတို့ကို “ဇာတ်မနုတ်တွေလားဗျ” ဟု (ဇာတ်=သဘင် + မနုဿ=လူ။ ဇာတ်မနုတ်= ဇာတ်တွေ ဆိုင်းတွေထဲ လိုက်ဖူးတဲ့သူတွေလား) ဆိုင်းသမားတွေက ချီးမွမ်းအမေးခံရဖူးသည်ကြောင့် သုံးဖွဲ့စလုံးမှာ ဂုဏ်ယူဝမ်းသာ တက်ကြွနေကြသည်။ သည်ကနောက်တော့ ‘ဘယ်သူက အလှူလုပ်မလို့တဲ့’ ဟု ကြားလျှင်ပင် ထိုသုံးဖွဲ့မှ ကာလသားများ အပြေးအလွှား ရောက်လာကြပြီးလျှင် “...ကျုပ်တို့အဖွဲ့က လှည်းရေစည် လိုသလောက် တာဝန်ယူပါမည်၊ ကျုပ်တို့အဖွဲ့က ထင်းလိုသလောက် တာဝန်ယူပါမည်၊ အလှူရှင်လောင်းလှည့်တွင် အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းဖြင့် ကူပါရစေ။ ပြီးတော့... ပြီးတော့...၊ ဆိုင်းကိုလည်း ထိုဆိုင်းကိုသာ ငှားပါ...” စသည်ဖြင့် လာရောက်တောင်းပန်ကြလေသတည်း။
ဆိုင်းပစ္စည်းများကို သူတို့က ကူညီချပေးနေတော့ ဆိုင်းအဖွဲ့မှာ ညနေစာထမင်းစားချိန် နားချိန် ပိုရသွားသည်။ ဆိုင်းသမားတို့ကို ကာလသားခေါင်းက ကျွေးရုံသို့ တန်းခေါ်သွားလေ၏။ ‘လင်းကွင်း’၊ ‘မောင်းဆိုင်း’ နှင့် ‘ခြောက်လုံးပတ်’ ဆရာတို့ကမူ ရှင်လောင်းလှည့်ရာသို့...။
ရှင်လောင်းလှည့်က အပြန်မှ သူတို့အတွက် ထန်းရည်အမြည်းလေးနှင့် ထမင်းကျွေးကြပေမည်။ ထန်းရည်သောက်ရင်း၊ ထမင်းစားရင်း သူတို့သိလိုသမျှ ဒိုးအဆစ်အချိုး၊ သင်္ကြန်ဒိုး၊ နတ်ဒိုး၊ အိုးစည်-လင်းကွင်းလတ် တီးပုံ၊ ဗြော-လင်းကွင်းကြီး၊ စည်တော်ကြီး-လင်းကွင်းကြီးတို့ တီးရာ၌ လင်းကွင်းနှစ်ဖက်၏ အဖျားချင်းကို လျှော၍ ရှပ်၍ ပွတ်တိုက်ကာ သံရှည်ဆွဲ၍ တီးပုံ၊ သံတိုသံပြတ်အတွက် ရင်ဘတ် သို့မဟုတ် ပေါင်နှင့်ဖိ၍ ဘရိတ်ဖမ်းပုံ၊ ပလုပ်တုတ်စည်တို-လင်းကွင်းတွင်မူ လင်းကွင်းတစ်ဖက်တည်းကို တုတ်ဖြင့် တီးခတ်ပုံ။ မောင်းဆိုင်းတွင် ဘယ်သံညာသံ ‘ဒလု-ဒရန့်-ဒရော်’ တွဲဖက်ပုံ၊ လက်ခတ်ကို မောင်းရှိရာသို့ လှမ်း၍ပစ်ပုံ၊ လက်ပူးလက်လိမ် တီးခတ်ပုံ၊ သံတိုသံပြတ်အတွက် မောင်းကို တီးခတ်ပြီးသည်နှင့် လက်ကလေးနှင့်ဖိ၍ ဘရိတ်ဖမ်းပုံ။ တိုးတိုးသာသာ ညင်းညင်းပွတ်တီးပုံ၊ လျှပ်တိုက်တီးပုံ၊ ခပ်ကျယ်ကျယ် ခပ်မာမာ ရိုက်ဖွင့်တီးပုံ စသည်တို့ကို မေးကြမြန်းကြတော့မည်လေ...။
ညပိုင်း ဧည့်ခံဆိုင်း စတင်ချိန်မှ ဆိုင်းသိမ်းဗျောခေါက်ချိန်အထိ မိမိတို့ သိလိုတတ်လိုရာ ‘ဒိုးချောင်’ နား၊ ‘ကြေးနောင်’ နား၊ ‘မောင်းဆိုင်း’ နား၊ ‘အုပ်စုံ’ ခေါ် စည်တိုကြီး၊ စည်တိုလတ်၊ စည်တိုငယ်ဆရာအနား၊ လင်းကွင်းကြီး၊ လင်းကွင်းလတ်၊ လင်းကွင်းငယ်ကိုင် လင်းကွင်းဆရာအနားတို့တွင် အသီးသီးအသက အသက နေရာယူကြပေတော့မည်။ ဆိုင်းဆရာ ဝိုင်းထဲဝင်၍ ပတ်စာကပ်ချိန်တွင်လည်း ဆိုင်းဆရာက မောင်းသမား၊ ကြေးနောင်သမားကို “...ငါးပေါက်သံလေး ပြစမ်းပါ...၊ ခြောက်ပေါက်သံလေး ပြစမ်းပါ...” ဆိုသည်နှင့် “နှောင်-နှောင်၊ မှောင်-မှောင်၊ ...အော် ငါးပေါက်က ဒါ...၊ ခြောက်ပေါက်က ဒါ...” စသည်ဖြင့်လည်း မှတ်သားကြပေလိမ့်ဦးမည်လေ...။
ဆိုင်းသမားတွေကို ထမင်းကျွေးနေစဉ် ရှင်လောင်းလှည့် အစီအစဉ် စတင်ကြလေပြီ။ ရှင်လောင်းလှည့်ကအပြန် ပရိသတ်ကို ညနေစာ ထမင်းကျွေးသည်။ ပြီးလျှင် ခဏနားကာ ည ၇ နာရီလောက်တွင် ဆိုင်းက ညပိုင်းအတွက် ဧည့်ခံကြတော့သည်။ အလှူရှင်လောင်းလှည့်နေစဉ် ဆိုင်းသမားများက ညဧည့်ခံဆိုင်းအတွက် ဆိုင်းများကို ဆင်ကြသည်။ ဆင်ပြီး၍ ည ၇ နာရီလောက်တွင် စတင်၍ တီးခတ်ကြလေသည်။ ဦးစွာပထမ ‘ဗျောခြောက်’ (ကာလပေါ်သီချင်းတစ်ပုဒ်ကို ဗျောသံဖြင့် တီးခတ်ခြင်း) ဖြင့် စတင်ကြသည်။ ၎င်းနောက် ‘ရေကင်း’...။
ရေကင်းပြီးလျှင် ‘မီးတင်ဗြော’...။ မီးတင်ဗြောပြီးလျှင် ‘ပတ်မဆော်’ (ရိုးရိုး)...။ ၎င်းနောက် ‘ယိုးဒယား’ တီးကြသည်။ ယိုးဒယားပြီးလျှင်တော့ ဆိုင်းနောက်ထများ ပုဆိုးလဲလှယ်ဝတ်ဆင်ခြင်း၊ ခေါင်းပေါင်းပေါင်းခြင်း စသည်အတွက် ‘ပတ်မဆော်’ (တောင်ရှည်ဝတ်) တီးပေးရသည်။ ‘ပတ်မဆော်တောင်ရှည်ဝတ်’ ပြီးသည်နှင့် ‘နှဲဂွင်’ သို့ ရောက်လာပြီ။ ‘ငွေနှဲကျော်...၊ မြနှဲကျော်...’ စသည်ဖြင့် ဆိုင်းနောက်ထများက မိတ်ဆက်ကြသည်။
နှဲခွင်ပြီးလျှင်တော့ ‘အထွက်သီချင်း’ နှင့်အတူ ဆိုင်းဆရာ ဆိုင်းဝိုင်းထဲသို့ ဝင်လေပြီ။ ထိုမှ ဆိုင်းလက်စွမ်းပြ တီးသည်။ လက်စွမ်းပြပြီးလျှင် ‘ဆိုင်းဆရာမိတ်ဆက်’။ ‘ဆိုင်းဆရာမိတ်ဆက်’ ပြီးလျှင်တော့ ဆိုင်းပညာဆိုင်ရာ ‘တီးလုံးတီးကွက်’ များကို စတင်ပါတော့သည်။ ပရိသတ်ထဲမှလည်း ဆိုင်းဆရာ၏ လက်ကျလက်နက ဘယ်လို၊ ဘယ်လက်ကျ ကောင်းမကောင်း စသည်ဖြင့် အကဲခတ်ခွင့် ရကြလေ၏။
‘တီးလုံးတီးကွက်’ အပြီးတွင် သက်ဆိုင်ရာ ‘အလှူဂုဏ်ပြုတေး’ ကို တီးမှုတ်ပေးကြသည်။ သည်လိုနှင့် ဆိုင်းနောက်ထများက မှတ်သားစရာလေးများ ထည့်သွင်းပြောဆိုရင်း ဝိုင်းဆရာကို ခေါ်လိုက်၊ ရယ်စရာဟာသလေးများ နှောရင်း ဝိုင်းဆရာကို အလှည့်ပေးလိုက်၊ အလှူ့ရှင်ပရိသတ်များ၏ တောင်းဆိုသည့် သီချင်းများကိုပါ တီးဆိုပေးလိုက် စသည်ဖြင့်၊ ဆက်လက်တီးခတ်ကြရင်း ည ၁၂ နာရီလောက်သို့ ရောက်ရှိကာ ဗျောခေါက်၍ ခေတ္တနားကြတော့သည်။
လူခြေတိတ်ချိန်၊ အိုးသူကြီးအဖွဲ့များ ချက်ခန်းပြုတ်ခန်း ဝင်ကြသည့်အချိန် ည ၁ နာရီမှ ၃ နာရီကြားတွင် ‘ဆစ်ကြီး’ ခေါ် သက်ကြီးရွယ်အိုများအကြိုက်၊ ချက်ပြုတ်ရေး အိုးသူကြီးများအကြိုက်၊ မြန်မာ့ဂီတပညာရှင်များအကြိုက်၊ သီချင်းကြီး သီချင်းခန့်များကို ဖျော်ဖြေတီးခတ်ပေးကြလေတော့သည်။ ဤအချိန်တွင်မူ ကာလသား ကာလသမီးတို့မှာ အိပ်မောကျကုန်လေပြီ။ အလှူမနက်အတွက် ဧည့်ခံကြရဦးမည်လေ။ နေ့လယ် ဘိသိက်က ရှိသေးသည်၊ ညနေ ပရိတ်တရားနာဖို့က ရှိသေးသည်လေ။
အညာမုံရွာနယ် တနယ်လုံး ဤအစီအစဉ်အတိုင်းဖြစ်သည်။ အရာတော်ဘက်တွင်မူ မနက် ၆ နာရီကတည်းက ဆိုင်းဝင်ပြီး ၂ ရက်တီးကြရသည်။ အညာဒေသ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှစ၍ တက္ကသိုလ် အသက်မွေးဝမ်းကျောင်း ပညာရပ်များအထိ အဆင့်ဆင့် ရောက်ရှိသွားသူ လက်ချိုးရေတွက်၍ ရနေချိန်တွင်၊ အထက်တန်းအဆင့်မှလည်းကောင်း၊ အများစုမှာ အလယ်တန်းနှင့် မူလတန်းအဆင့်တို့မှလည်းကောင်း စာသင်ကျောင်းအသီးသီးမှ ထွက်ကာ မိဘတို့၏ ရိုးရာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကြရင်း၊ ရွာတွင် စွဲမြဲကျန်ရစ်နေထိုင်ကြရင်းဖြင့် အညာက လူငယ်အများစုမှာ ဤသို့ဤနှယ် မြန်မာ့ယဉ်ကျေးမှု အနုပညာကို လက်ဆင့်ကမ်း သယ်ဆောင်ပေးခဲ့ကြပါလေသည်။ ဘာဘွဲ့ဘာလက်မှတ်မှ မလို။ အနို့... ယခုနာမည်ကျော် ဆိုင်းဆရာကြီးသည်ပင်လျှင် စည်းဝါး၊ စည်တို၊ ခြောက်လုံးပတ်၊ မောင်းဆိုင်း၊ ကြေးနောင်မှ အစပြု၍ အဆင့်ဆင့်တက်ကာ ‘ပတ်တီးလက်ထောက်’ မှ ဆိုင်းဆရာကြီးဘဝသို့ ရောက်ရှိလာခဲ့ရသည်။ ဘာဘွဲ့ ညာဘွဲ့ ဘာညာဘွဲ့လွန် ဘာဒေါက်တာဘွဲ့မှ မလို။ ဒစ်ပလိုမာ၊ ဘီအေ၊ အမ်အေ... နိုး...။ သို့သော်ငြား နိုင်ငံတလွှား ဟိုးဟိုးကျော်။ ပြည်သူအများစုက လက်ခံဖို့သာ လိုပါသည်လေ။
(ခ)
“...ဘဒွေး... ဘဒွေး...။ အမယ်လေး.... ခေါ်လိုက်ရတာဗျာ၊ ဘာတွေများ စဉ်းစားနေတာတုန်း။ ရှင်လောင်းလှည့်တော့မယ်...။”
အတိတ်မှသည် ပစ္စုပ္ပန်ဆီသို့ ယခုမှ ရောက်ရှိသွားရတော့သည်။ တူတော်မောင်၏ ယနေ့အလှူမှာ ဘာဆိုင်း၊ ဘာဘိသိက်မှ မပါဘဲကိုး...။ ဆိုင်းဆရာ၊ ဘိသိက်ဆရာများကား ကိုဗစ်နိုင်းတီးမှစ၍ အာဏာသိမ်းချိန် ယနေ့အထိ ငုတ်တုတ်မေ့ရှာကြရကုန်ပြီကိုး...။
ရွာကလေးတွေ၏ ဂစ်တာတီးဝိုင်းကတော့ မီးစက်သံနှင့်အပြိုင် ဆူညံ၍ နေသည်။ ကီးဘုတ်က ပါလိုက်သေးသည်။ မီးစက်သံကလည်း ချက်ဆီရောလို့ထင့်။ ထိုးထိုးရပ်ချင်သည်။ ကလေးတွေကို ကြည့်ရသည်မှာ အရင်တုန်းကလို ပုဆိုးအင်္ကျီတွေနှင့် မဟုတ်တော့။ အနက်ရောင် တီရှပ်တွေ၊ အနက်ရောင် ဘောင်းဘီရှည်တွေနှင့် ဖြစ်ကုန်ပေပြီ။ ကလေးမလေးတွေကတော့ရော... ဘောင်းဘီရှည် ခပ်ပွပွတွေနှင့် ပါကလား။ ကလေးမတွေချည်းသာလော... မဟုတ်ပါ... မကပါ။ သူတို့သူတို့လေးတွေ၏ မိခင်တို့သည်လည်း ဤသို့နှင်နှင်။ မြန်မာ့ရိုးရာ အလှူမင်္ဂလာပွဲအတွက် ဤအဝတ်နှင့် တင့်တယ်၏ မတင့်တယ်၏ ပြောဆိုဆုံးမခဲ့မှု ရရှိခဲ့ပုံမရ။ တရုတ်ပြည်မကြီးက တိုးရစ်မတွေများလား ထင်မှတ်မှားမိသည်။ ပြောလို့တော့ မရ။ သူတို့ဖြစ်စေချင်တဲ့ သူခိုးဓားပြအကောင်က သမ္မတ ဖြစ်နေလေပြီမို့ သယံဇာတဟူသမျှကို သူခိုးဈေးနှင့် စာချုပ်လာချုပ်ကြတာများလား...။ တီးဝိုင်းမှ တီးလုံးတီးကွက်များကလည်း လူရိုင်းတီးလုံးတွေလိုလို။ ဂါရဝ၊ နိဝါတတရားဆိုတာ ‘ချိုနဲ့လား’ ဟု မေးရလောက်အောင် ဆိတ်သုဉ်းနေလေပြီ။ အို... အလို...။ နာမက္ခန္ဓာ စိတ်ပိုင်းဆိုင်ရာသာမက၊ ရူပက္ခန္ဓာ ရုပ်သွင်မှာလည်း မျက်နှာတွေက မူးနေကြသလိုပါလား။ မျက်တောင်တွေက စင်း၍ အိပ်ချင်နေကြသလိုပါလား။ အရက်နံ့တော့ မရ။
(ဂ)
“...မင်းတို့ ‘ဝိ’ တွေချတာ များနေပြီနဲ့ တူတယ်...၊ သင်္ကြန်တုန်းကလည်း ဒီ ‘ဝိ’ ကြောင့် မူးနေကြလို့ ခံလာရပြီ...။ ပြီးတော့ ဟိုနှစ်ကောင် ရန်ဖြစ်ပြီး ဟိုကလေးသေရတာလည်း ဒီ ‘ဝိ’ ကြောင့်ပဲ မဟုတ်လား...။ ဒီကောင်တွေတော့ကွာ...။”
“...ဘာလဲကွ။ ‘ဝိ’ ဆိုတာ...။”
“...ကျုပ်လည်း ကောင်းကောင်းတော့ မသိပါဘူး ဘဒွေးရာ။ ချဉ်ပေါင်လက်ကြားလို အရွက်ခပ်ရှည်ရှည် အပင်လေးပါဗျာ။ ဘယ်ကနေဘယ်လို ကျုပ်တို့အညာဆီ ရောက်လာတယ် မသိပါဘူး။ ရွာတော်တော်များများက လူငယ်လေးတွေမယ် ရေပန်းစားနေတာ... ဘဒွေးရ...။ ဆေးလိပ်ထဲ ထည့်ဖွာကြတယ်လို့တော့ ကြားတာပဲ။ အဲဒီဆေးလိပ်က ဖွာလိုက်ရင် ရီတီတီဆိုလား ရီချင်နေတော့တာ ဆိုလား။ အမယ်... ဟိုဘက်ရွာက ပီဒက်လေးရဲ့အိမ်မှာတောင် စိုက်ထားတယ်ဆိုပဲ။ အဲဒါလုပ်ထားတဲ့ ကလေးတွေများ အနားကဖြတ်သွားရင် သူတို့ဆီကနေ စိမ်းရွှေရွှေအနံ့လို ရနေတယ်တောင် ထင်ရဗျာ...။ ပြီးတော့ ‘ဝိုင်’ ဆိုလား ‘ဒဗလျူ’ ဆိုလားက ပါသေးတယ်...။”
“...ပြီးတော့ အင်တာနက်ဂိမ်းက ကစားလိုက်သေး...။ ကလေးတစ်ယောက်များ သိန်း ၄-၅ ဆယ် ရှုံးသတဲ့ ဘဒွေးရာ...။ ဒီကောင်တွေက ပီဒက်ထဲ မဝင်ပေမယ့် ပီဒက်ထဲဝင်တဲ့ကလေးတွေနဲ့က ရင်းနှီးနေတော့... တော်တော်ကြာ... ဂိမ်းဆော့ရင်း သူတို့ဖုန်းထဲက ပီဒက်နဲ့ပတ်သက်တဲ့ ဒေတာတွေ အခိုးခံရမှာ စိုးရိမ်တာ...။”
“...သူတို့မိဘဆွေမျိုးတွေကလည်း စိတ်ဓာတ်အနေနဲ့က မစွံကြပါဘူး ဘဒွေးရာ...။ ...ဟိုကလေးတစ်ယောက်ဆိုရင် ပီဒက်ထဲ ရောက်ပြီးသား...။ အလကားဗျာ... ဖအေမအေ အဒေါ်တွေက ပြန်ခေါ်သတဲ့...။ အခု ရွာမှာ အသောက်သမားတစ်ပိုင်း ဖြစ်နေပြီ...။ သောက်ရုံတင်မက ခုနက ‘ဝိ’ ပါ စွဲနေဟန်တူပြီ...။”
ဪ... ဟိုတုန်းကလို အလှူမှာဝိုင်းကူကြရင်း ဆိုင်းပညာအမွေအနှစ် ရချင်ယူချင် တတ်ချင်ကြတော့သည့် ကလေးတွေဘဝမျိုး မရရှာကြတော့ပါကလား...။ မရှိရှာကြတော့ပါကလား...။ ကလေးတွေနောင်ရေး ရင်လေးစရာ...။
(ဃ)
“...ဝီဝီ ဝီဝီ ဝီဝီ...”
“...ဟာ... လူစုလူဝေးရှိရင် လာပြီ။ စက်တပ်လေထီး လာနေတယ်ဟေ့... သစ်ပင်အောက် ဝင်ဝပ်နေကြ...။ ဆည်မြောင်းထဲဖြစ်ဖြစ် ဆင်းနေကြ၊ ဓမ္မာရုံထဲ အမြန်ဝင်ကြဟေ့...။”
(င)
“ဝီးဝီး - ဝှီး - ဒုန်း - အုန်း...”
“...မအေလိုး။ အလှူရှင်လောင်းလှည့်မှ ချရသလား...။ ဓမ္မာရုံတည့်တည့်မှ ချရသလားကွာ...။ တောက်။ ခွေးမသား သမ္မတအတု။ နင်နဲ့ နင့်သားသမီးမြေးမြစ်တွေ၊ နင့်နောက်လိုက် နင့်ဘောမ မိသားစုတွေနဲ့ ဒင်းတို့ရဲ့ သားသမီး မြေးမြစ်တွေအကုန် ဒီလိုအဖြစ်ဆိုး၊ ဒီထက်ဆိုးတဲ့ အဖြစ်ဆိုးမျိုးနဲ့ အမြန်ဆုံး ကြုံတွေ့ကြပါစေကွာ...။”
သုခိတာဟောထ၊ တော်လှန်ရဲဘော်တွေအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မောင်ဘဦး
(၁၃၈၈၊ နှစ်ဆန်း ၄)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar