မောင်တူး - ခရစ်ယာန်ဘာသာဝင် ပါဠိပါမောက္ခ ဆရာကြီးဦးဖေမောင်တင်
မောင်တူး - ခရစ်ယာန်ဘာသာဝင် ပါဠိပါမောက္ခ ဆရာကြီးဦးဖေမောင်တင်
မိုးမခ ၊ ဧပြီ ၂၇ ၊ ၂၀၂၆
မိုးကြီးချုပ်ပင်
နေမဝင်သည်
မောင်တင်သမိုင်းထွန်းဆဲတည်း။ ။
ကျနော်တို့ လေးစားကြရတဲ့ စာဆိုတော်ကြီးတွေဖြစ်ကြတဲ့ မင်းသုဝဏ်၊ ဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ ကုသ၊ အေးမောင် စသူတို့ကို မြေတောင်မြှောက်ပေးခဲ့သူ မြန်မာစာနဲ့ ပါဠိစာပညာရှင်၊ စာရေးဆရာ၊ မြန်မာပြည်ရဲ့ ပထမဆုံး မြန်မာလူမျိုး ပါဠိပါမောက္ခနဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခတဦးဖြစ်သူ ဆရာကြီး ဦးဖေမောင်တင်ကို မွေးဖွားခဲ့တာ ၁၃၈ နှစ် ပြည့်ပါပြီ။
ဆရာကြီး ဦးဖေမောင်တင်ဟာ ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ မှာ မွေးဖွားခဲ့တာပါ။ ၂၀၂၆ ဧပြီ ၂၄ ရက်ဟာ သူ့ကို မွေးဖွားခဲ့တာ ၁၃၈ နှစ်မြောက်ပါ။
ဦးဖေမောင်တင်ဟာ ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမဲ့ ဓမ္မစက္ကပဝတ္တနသုတ်၊ အနတ္တလက္ခဏသုတ်၊ အဋ္ဌသာလိနီ၊ ဝိသုဒ္ဓိမဂ် စတဲ့ ဗုဒ္ဓဘာသာကျမ်းတွေကို အင်္ဂလိပ်ဘာသာပြန်ခဲ့သူပါ။ ခရစ်ယာန်ဘာသာဝင ဖြစ်ပေမဲ့ မြန်မာနိုင်ငံက အကြီးကျယ်ဆုံး ဗုဒ္ဓသာသနာပြုတဦးလို့ သူ့ကို ကမ္ဘာက သိထားခဲ့ကြပါတယ်။ မြန်မာ့သမိုင်း၊ ရာဇဝင်တွေကိုလည်း ပေစာ ပုရပိုက်စာတွေကနေ ဘာသာပြန်ဆိုခဲ့ပါတယ်။ ကိုလိုနီခေတ်မှာ မြန်မာစာပေကို အထင်အမြင်သေးကြတဲ့ တက္ကသိုလ်အာဏာပိုင်တွေကို ဆန့်ကျင်ပြီး မြန်မာစာပေကို တက္ကသိုလ်မှာ အဆင့်မီ သင်နိုင်တဲ့ အခြေအနေရောက်အောင် ဆရာကြီးဦးဖေမောင်တင်က လုပ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထမဆုံးတက္ကသိုလ်ကြီး ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်မှာ မြန်မာလူမျိုးထဲက ပထမဆုံး ခန့်အပ်ခံရတဲ့ ပါမောက္ခပါ။
ကျနော်တို့ မျိုးဆက်သစ်တွေ သူ့ရဲ့ဂုဏ်ပုဒ်တွေကို ကျမ်းအဆူဆူပြုပြီး ရှာဖွေဖော်ထုတ် ပြသရင်တောင် ဆရာကြီး ဦးဖေမောင်တင်ရဲ့ ကျေးဇူးတွေဟာ ဖော်ပြလို့ ကုန်နိုင်စရာ မရှိဘူးလို့ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီးဇော်ဂျီ၊ ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည် စတဲ့ ဆရာအဆူဆူက ပြောခဲ့ကြပါတယ်။ တကယ်တော့ ဆရာကြီး ဦးဖေမောင်တင်ကို မွေးဖွားခဲ့တာ ၁၃၈ နှစ်ရှိပြီ ဖြစ်သလို သူ ကွယ်လွန်ခဲ့တာကလည်း ၅၃ နှစ် ရှိပြီပေါ့။ ၁၉၇၃ ခုနှစ် မတ်လ ၂၂ ရက် ကြာသပတေးနေ့ နံနက် အသက် (၈၅) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။ ဒါပေမဲ့ သူ စိုက်ပျိုးခဲ့တဲ့ မြန်မာစာပေ အသီးအပွင့်တွေကတော့ ရိတ်သိမ်းနေရဆဲပေါ့။
“မမှားကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မူသောသခင် ဖြစ်တော်မမူ။ လူသည် စိုက်ပျိုးသမျှကို ရိတ်သိမ်းရမည်။ မိမိဇာတိပကတိ၌ စိုက်ပျိုးသောသူသည် ဇာတိပကတိအားဖြင့် ပျက်စီးခြင်းကို ရိတ်သိမ်းရမည်။ ဝိညာဉ်တော်၌ စိုက်ပျိုးသောသူသည် ဝိညာဉ်တော်အားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရမည်။”
(ဂလာတိ ၆:၇-၈): သမ္မာကျမ်း ဂလာတိဩဝါဒစာ အခန်းကြီး ၆ အငယ် ၇-၈
စိုက်သမျှ ရိတ်သိမ်းရ ဆိုတာကတော့ လုပ်သမျှ ပြန်ခံစားရမယ်လို့ ပြောတာပါ။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်။ ကောင်းကျိုးတွေ ခံစားရမယ်။ ဆိုးတာလုပ်ခဲ့ရင် ဆိုးတာဖြစ်မယ်။ ဆိုးကျိုးတွေ ခံစားကြရမယ်ပေါ့။ ဒါကလည်း ဗုဒ္ဓဟောကြားခဲ့တဲ့ “အတ္တာဟိ အတ္တနော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာ .. .. ဆိုတာနဲ့ မဆန့်ကျင်ဘူးလို့ ထင်ပါတယ်။ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကို ထားကြပေါ့။ အခု နွေဦးတော်လှန်ရေးမှာလည်း ကိုယ်တိုင်လုပ်သလောက်သာ ကိုယ်တိုင်ခံစားကြရမှာပါ။ တပြည်လုံးတော်လှန် တပြည်လုံး အောင်ပွဲခံကြရမှာပေါ့။
ဦးဖေမောင်တင်ကို ပြန်လည်ရှာဖွေခြင်း
ဦးဖေမောင်တင်ကို အင်းစိန်မြို့ ပေါက်တောရပ်ကွက်မှာ ၁၈၈၈ ဧပြီ ၂၄ က အဖဝန်ထောက် ဦးဖေ နဲ့ အမိ ဒေါမြိုင် တို့က မွေးဖွားခဲ့တယ်။ ခရစ်ယာန် ဘာသာဝင် ဖြစ်ပေမဲ့ ၁၈၉၃ ခုနှစ်က အင်းစိန်မြို့က “ကိုရင်ကြီး အလွတ်ပညာသင်ကျောင်း” မှာ စတက်ပြီး ဗုဒ္ဓဘာသာ ပညာရေးမျိုးစေ့ကို ရခဲ့တယ်။ ရန်ကုန်မှာ အထက်တန်း ဆက်တက်ပြီး ပညာသင်ဆုတွေ ရခဲ့တယ်။ ၁၉၀၉ ခုနှစ်မှာ ပါဠိဂုဏ်ထူးတန်းတက်ပြီး တက္ကသိုလ်ကက ဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ၁၉၁၁ မတ်လမှာ ကာလကတ္တားတက္ကသိုလ်က မဟာဝိဇ္ဇာစာမေးပွဲကို ပါဠိဘာသာနဲ့ အောင်မြင်တယ်။ ဇွန်လထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်မှာ မောင်တင်(ဘီအေ) ကလောင်အမည်နဲ့ စတင်ရေးသားခဲ့တယ်။ လန်ဒန်ကို ပညာတော်သင်သွားခဲ့တဲ့ ၁၉၂၀ ပြည့်နှစ် နောက်ပိုင်းကျမှ မောင်တင်ရဲ့ အမည်ရှေ့မှာ အဖေနာမည်ကို ထည့်ပြီး “ဖေမောင်တင်” အမည်ကို ယူခဲ့တယ်လို့ ဆိုတယ်။ နောက်ပိုင်းရေးတဲ့ စာတွေကို ဖေမောင်တင် အမည်နဲ့သာ ရေးပါတယ်။
မြန်မာစာ မသင်မနေ ဖြစ်အောင် ကြိုးစားခဲ့သူ
ကျနော်ကိုယ်တိုင် DVB သတင်းထောက်ဘဝနဲ့ ပြင်သစ်၊ လန်ဒန်၊ နော်ဝေနိုင်ငံတွေမှာ သွားရောက် နေထိုင် သင်တန်းတွေ တက်ချိန်တုန်းက အာဖရိကန် သူငယ်ချင်းတွေက ပြောခဲ့ဖူးတာကို သတိရမိပါတယ်။ ကျနော်က မြန်မာစာကို ရေးနေ ဖတ်နေတော့ မင်းက မင်းတို့တိုင်းပြည်က စာကို ကောင်းကောင်းတတ်တာပဲတဲ့။ ငါတို့ကျတော့ ပြင်သစ်စကားကို ပြင်သစ်လို မွှတ်နေအောင်တတ်ပြီး ငါတို့ မိရိုးဖလာ စာပေကတော့ ပျောက်ကွယ်သွားပြီတဲ့။ မင်းတို့ရဲ့ မြန်မာစာကို မင်းတို့ ထိန်းသိမ်းထားတာကို သဘောကျသတဲ့။ ဒီလို ထိန်းသိမ်းခဲ့သူထဲမှာ ဦးဖေမောင်တင်က ထိပ်ဦးကပါ။
၁၉၄၂ ခုနှစ်မှာ ဘိလပ်ပညာတော်သင်ကနေ ပြန်လာပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာသင်ကြားမှုစနစ် ချဲ့ထွင်ဖို့ ဆီးနိတ်(လွှတ်တော်) ကို အရေးဆိုခဲ့တာကြောင့် ဆီးနိတ်(လွှတ်တော်) က ကျောင်းသားတိုင်း မြန်မာစာ တန်းနိမ့်ကို မသင်မနေရ ဘာသာအဖြစ် ဥပဒေပြဋ္ဌာန်းစေခဲ့တယ်လို့ ဆိုပါတယ်။
ဆရာမောင်စွမ်းရည်က မိုးမခ အင်တာနက် စာမျက်နှာဆောင်းပါးမှာ အခု “ကျွန်ုပ် ကြည်ညို မြတ်ပုဂ္ဂိုလ် ဆရာကြီး ဦးဖေမောင်တင်” ဆောင်းပါးမှာ အခုလို ရေးခဲ့တယ်။ “ဦးဖေမောင်တင်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာ စတင်သင်ကြားပေးချင်တယ်လို့ အဆိုပြုတော့ အင်္ဂလိပ်အရာရှိကြီးတွေက မင်းတို့မှာ သင်ကြားပို့ချစရာ မြန်မာစာပေရယ်လို့ ရှိလို့လားလို့ အမေးခံရပါတယ်။ ဦးဖေမောင်တင်ဟာ တက္ကသိုလ် ပါဠိပါမောက္ခဖြစ်ပြီး ဘားနဒ်စာကြည့်တိုက်ကို ဦးစီးရတဲ့အခါမှာ စာကြည့်တိုက်ထဲက ပေပုရပိုက်တွေထဲမှာ ရှိတဲ့ ပျို့၊ ကဗျာလင်္ကာ၊ ဇာတ်တော်ကြီး ဝတ္ထု စတဲ့ စာပေတွေကို သူ တာဝန်ယူရတဲ့ မြန်မာနိုင်ငံ သုတေသနစာစဉ်အဖြစ် မြန်မာပညာရှိများနဲ့ တိုင်ပင်ညှိနှိုင်း တည်းဖြတ်ပြီး ပုံနှိပ်စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ်- ဒုတိယကမ္ဘာစစ် မတိုင်မီကာလအတွင်းမှာ စာအုပ်ပေါင်း ၄၆ အုပ်ပုံနှိပ်ထုတ်ဝေပြီး ဖြစ်နေပါပြီ။”
ဦးဖေမောင်တင်ရဲ့ ကြိုးပမ်းချက်တွေကြောင့် မြန်မာစာ သင်ရိုးညွှန်းတန်းတွေ၊ မြန်မာစာ သဒ္ဒါစာအုပ်တွေ၊ မြန်မာစာပေ သမိုင်းစာအုပ်ကြီးတွေ၊ အဘိဓာန်တွေ အပါအဝင် မြန်မာစာ ပါဠိစာ စာအုပ် စာပေ အများအပြား ပေါ်ပေါက်လာခဲ့ရတာပါ။
ဦးဖေမောင်တင် ရေးသားခဲ့သော စာအုပ်များ
၁။ မြန်မာစာဖတ်စာများ (၁၉၂၇-၁၉၃၉၊ သူငယ်တန်း-ပဉ္စမတန်း)
၂။ မူလတန်း မြန်မာကြည့်စာ ၃ တွဲ (ပညာမင်းကြီး ဦးချိုနှင့်အတူ)
၃။ 'အခြေပြု ပါဠိသဒ္ဒါ
၄။ အထက်တန်းမြန်မာစကားပြေ ကောက်နုတ်ချက်များ (ပ-တွဲ)
၅။ အထက်တန်းမြန်မာကဗျာ ကောက်နုတ်ချက်များ
၆။ 'မြန်မာဝါကျဖွဲ့ထုံးကျမ်း
၇။ A pali Reader (ပါဠိဖတ်စာ) (အင်္ဂလိပ်ဘာသာဖြင့်)
၈။ The Student‘s Pali-English Dictionary (ကျောင်းသားကိုင် ပါဠိ-အင်္ဂလိပ်အဘိဓာန်) (အင်္ဂလိပ်ဘာသာဖြင့်)
၉။ ကျောင်းသုံးမြန်မာသဒ္ဒါ
၁၀။ အလယ်တန်းမြန်မာသဒ္ဒါ
၁၁။ 'တန်းမြင့်သဒ္ဒါနှင့် အသုံးအနှုန်း
၁၂။ ထိုင်းဘုရင်မြန်မာကျောက်စာများ (၅-တွဲ) (ပါမောက္ခလုစ်နှင့်အတူ)
မြန်မာစာပေသမိုင်း
၁၃။ ဇမ္ဗူဒီပဥဆောင်းကျမ်း (ဒေါက်တာ ဂျေအက်စ်၊ဖာနီမယ်နှင့်အတူ)
၁၄။ မြန်မာဝတ္ထုသမိုင်းအစနှင့် သုတေသနစာတမ်းများ
၁၅။ မြန်မာသဒ္ဒဗေဒဖတ်စာ (သဒ္ဒဗေဒပါမောက္ခ မစ္စစ်အီးအမ်ထရောင်းနှင့်အတူ)
၁၆။ မြစေတီကျောက်စာ (မြန်မာပြန် တည်းဖြတ်)
၁၇။ ရွှေစည်းခုံ မွန်ကျောက်စာ (မြန်မာပြန် တည်းဖြတ်)
၁၈။ ကျန်စစ်သားမင်းတရားကြီး၏ ခုန်းတော်မွန်ကျောက်စာ (မြန်မာပြန် တည်းဖြတ်)
၁၉။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဆိုင်ရာ ပြဿနာအချို့
၂၀။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာနှိုင်းယှဉ်လေ့လာချက်
၂၁။ ဘာသာလောကကျမ်း
၂၂။ ဗီးဂျီရှာဗန်၏ ဓမ္မဟောင်းဖတ်နည်း (မြန်မာဘာသာဖြင့်)
၂၃။ The Expositor (Atthasalini-အဌသာလိနီ) (အင်္ဂလိပ်ဘာသာဖြင့်)
၂၄။ The Path of Purity (ဝိသုဒ္ဓိမဂ်) (အင်္ဂလိပ်ဘာသာဖြင့်)
၂၅။ Prayer and Meditation (အင်္ဂလိပ်ဘာသာဖြင့်)
၂၆။ ဗုဒ္ဓဘာသာဆုတောင်းပုံနှင့် ဘာဝနာပွားပုံ (အင်္ဂလိပ်ဘာသာဖြင့်)
၂၇။ ထေရဝါဒဗုဒ္ဓဘာသာ (စာတမ်း)
၂၈။ ဓမ္မစက္ကပဝတ္တနသုတ် (အင်္ဂလိပ်ဘာသာဖြင့်)
၂၉။ အနတ္တလက္ခဏသုတ် (အင်္ဂလိပ်ဘာသာဖြင့်)
၃၀။ ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုးထောမနာ ၁၂ ဂါထာ (အင်္ဂလိပ်ဘာသာဖြင့်)
၃၁။ ရွှေကျင်ဆရာတော်၏ ဝိစိတြဝန္ဒနာ ဘုရားရှိခိုးဂါထာ(၇၅)ဂါထာအနက် (၅၅)ပုဒ် (အင်္ဂလိပ်ဘာသာဖြင့်)
၃၂။ ဒေဝကုမ္ဘာန် ပြဇာတ် (ပုဂံဝန်ထောက်ဦးတင်နှင့်အတူ)
၃၃။ ခေတ်စမ်းပုံပြင်များ
၃၄။ ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော်
၃၅။ ဦးကြင်ဥ၏ ပဒေသာသီချင်း
၃၆။ ရွှေတောင်နန္ဒမိတ်၏ စလင်းမင်းမောင် ပေါင်းချောင်ဧချင်း
ဆရာကြီးဦးဖေမောင်တင်ရဲ့ နောက်ဆုံးအမှာစာ
၁၉၇၃ မတ်လ ၂၂ ရက်က ဦးဖေမောင်တင် ကွယ်လွန်ခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးစာကို မတ်လ ၁၈ ရက်က ရေးခဲ့တယ်။ စာရေးဆရာ ဒေါက်တာသန်းဦးက ပြည်မြို့ရွှေဘုန်းပွင့် စာကြည့်တိုက်ကော်မတီရဲ့ ကိုယ်စား ဆရာဦးဖေမောင်တင်ရဲ့ လက်ရေးမူစာကို သွားရောက် တောင်းခံချိန်မှာ ရေးပေးလိုက်တာပါ။
“ပုဂံရာဇဝင်အကြောင်း ပြောလျှင် တုတ်ထမ်းပြီး ပြောရမည်ဟု ဆိုကြ၏။ အငြင်းအခုန်ဖြစ်ပြီး တယောက်နှင့်တယောက် ရိုက်ကြ ပုတ်ကြတတ်သည်ကို ဆိုလိုသည်။ ပုဂံပြည်ထက် နှစ်ပေါင်းများစွာ စောသော သရေခေတ္တရာ ရာဇဝင်အကြောင်း ပြောလျှင် ဘာထမ်းပြီး ပြောကြမည်နည်း။ တုတ်မထမ်းပါနှင့် တူရွင်းထမ်းကြပါဟု ပြောချင်ပါသည်။ ရာဇဝင်သမိုင်းဆိုင်ရာ ရှေးဟောင်းပစ္စည်းများကို တူးဖော်ကြပါဟု ပြောလိုပါသည်ခင်ဗျား။ ဦးဖေမောင်တင်၁၈ - ၇ - ၇၃"
သမိုင်းဆိုင်ရာကို အငြင်းပွားမနေကြဘဲ လက်တွေ့ တူးဖော်ရှာဖွေကြဖို့ တိုက်တွန်းထားတဲ့ ဦးဖေမောင်တင်ရဲ့ နောက်ဆုံးအမှာပါ။ အလားတူ အခု နွေဦးတော်လှန်ရေးမှာလည်း အပြစ်တင်နေကြတာထက် လက်တွေ့ ကိုယ်တိုင် လုပ်ကြဖို့ လိုမှာဖြစ်ပါတယ်။
ဦးဖေမောင်တင်ရုပ်တု ချောင်ထိုးခဲ့ရသေးခြင်း
တက္ကသိုလ် မြန်မာစာဌာနကို စတင်တည်ထောင်ခဲ့သူ ကျေးဇူးရှင်ကြီးအဖြစ် ၂၀၁၉ ဒီဇင်ဘာ ၂၀ ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ကိုယ်တပိုင်း ကြေးရုပ်တုကို ထားရှိလိုက်ကြတယ်။ ဆရာကြီးရဲ့ကိုယ်တပိုင်း ရုပ်တုတခုကို ၁၉၈၈ ခုနှစ်က ဆရာကြီး ဦးဖေမောင်တင် ရာပြည့်အထိမ်းအမှတ်အဖြစ် ခရစ်ယာန်သာသနာပြု ရုံးချုပ်မှာ ပြုလုပ်ပူဇော်ခဲ့ကြဖူးပါတယ်။ ဆရာကြီး ရာပြည့် စာတမ်းဖတ်ပွဲမှာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့်တွေထဲက ဆရာကြီး မင်းသုဝဏ်၊ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းတို့လည်း ပါဝင် ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ဦးဖေမောင်တင်ရဲ့ တပည့် ဆရာကြီးမင်းသုဝဏ် ပါဝင်တာကို အဲဒီကာလက နိုင်ငံတော်အကြီးအကဲ အာဏာရှင် ဗိုလ်ချုပ်နေဝင်းက မရှုစိမ့်ခဲ့ပါ။ ဆရာကြီး ဦးဝန်ကို ခရစ်ယာန်ကြီး ဦးဖေမောင်တင်ရဲ့ တပည့် “မကျက်တကျက်ပေါင်မုန့်”လို့ နှိမ်ခေါ်ပြောဆိုပြီး အလုပ်က ထုတ်ပယ်ခဲ့ဖူးပါတယ်။ ဒီအရှိန်ကြောင့် ဦးဖေမောင်တင် ရုပ်တုကို မြန်မာစာဌာနကို သွားရောက်ပို့ဆောင် လှူဒါန်းရာမှာ လက်မခံဘဲ ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ ဦးဖေမောင်တင် ရုပ်တုကို လူမသိ သူမသိ လုံခြုံရာနေရာတခုကို ပို့ဆောင်ထားခဲ့ရပါတယ်။ တည့်တည့်ပြောရရင်တော့ ၂၀၁၅ မှာ NLD ဒေါ်အောင်ဆန်းစုကြည် တာဝန်ရှိလာလို့ ၂၀၁၉ မှာ ဦးဖေမောင်တင်ရုပ်တု တက္ကသိုလ်ထဲ ထားခွင့်ရတာလို့ ကျနော် ထင်ပါတယ်။
အခုအခါ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာကြီး ဦးဖေမောင်တင် ရုပ်တုဟာ တည်တံ့နေပါပြီ။ ပြန်ကြည့်စမ်းပါဦး။ ၁၉၈၈ ဦးဖေမောင်တင် ရာပြည့်ကနေ ၂၀၁၉ NLD ဒေါ်အောင်ဆန်းစုကြည် လက်ထက်တိုင် နှစ် ၃၀ ကျော်ကြာ စစ်အာဏာရှင်ကြောင့် “ကတညုတ မင်္ဂလာ” ပျောက်ခဲ့ရတာပါ။ “ကတညုတ မင်္ဂလာ” ဆိုတဲ့ သူပြုဖူးသော ကျေးဇူးကို သိခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာတပါး ဖြစ်သတဲ့။ ပညာရေးကို အားမပေးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က ပညာရေးဟာ ပြန်မရနိုင်တဲ့ အရင်းအနှီးတွေလို့ ပြောခဲ့ဖူးတယ်။ ဗိုလ်မင်းအောင်လှိုင်က NLD လက်ထက် ၂၀၁၅ ကနေ ၂၀၂၀ အထိ ထုတ်ဝေခဲ့တဲ့ စာအုပ်စာပေတွေဟာ အဆိပ်အတောက်တွေလို့ ပြောခဲ့ဖူးတယ်။ စစ်အာဏာရှင်တွေအတွက်ကတော့ ပြည်သူ့အကျိုးပြုစာပေတွေဟာ မနှစ်မြို့စရာပါ။ ဒါကြောင့်လည်း ဦးဖေမောင်တင် ရုပ်တုဟာ နေဝင်း၊ စောမောင်၊ ခင်ညွန့်၊ သန်းရွှေ စစ်အစိုးရခေတ် နှစ် ၃၀ ကျော်ကြာ မထင်မရှားတနေရာ ရောက်နေခဲ့ရဖူးတာပါ။
ဦးဖေမောင်တင် ၁၃၈ နှစ်မြောက် မွေးနေ့
ဆရာကြီး ဦးဖေဖေမောင်တင်ဟာ ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ မှာ မွေးဖွားခဲ့တာမို့ ၂၀၂၆ ဧပြီ ၂၄ ရက်ဟာ သူ့ကို မွေးဖွားခဲ့တာ ၁၃၈ နှစ်မြောက်ပါ။ သူ ကွယ်လွန်ခဲ့တာဟာလည်း ၅၃ နှစ်ရှိပြီ။ နေမင်းကြီးကား ကွယ်ခဲ့ပါပြီ။ မိုးကြီးချုပ်သွားသော်လည်း နေမင်းရဲ့ အရှိန်အဝါတွေကတော့ ထွန်းလင်းဆဲပါ။ သူ့ရဲ့ကျေးဇူး သူ့ဂုဏ်ပုဒ်တွေကလည်း ဖော်ပြရေးသားလို့ ကုန်အံ့မထင်ပါ။ သူ့ရဲ့ နောက်ဆုံး အမှာစကားလိုပဲ တုတ်ထမ်း ဓားထမ်း မပြောနေကြပါနဲ့။ တူရွင်းထမ်းပြီး တူးဖော်ကြပါလို့သာ တိုက်တွန်းလိုပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း ဒီအမှာ စကားအတိုင်းသား လိုက်နာ တိုက်ပွဲဝင်ကြပါ ခင်ဗျား။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar