မွန်ပြည်နယ်ထဲက နောက်ထပ် စစ်မီးကူးစက်လာတဲ့ နယ်မြေတွေ
မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၉ မြင်ကွင်း
(မိုးမခ) မတ် ၃၀၊ ၂၀၂၄
မွန်ပြည်နယ်ထဲက နောက်ထပ် စစ်မီးကူးစက်လာတဲ့ နယ်မြေတွေ
စစ်အာဏာသိမ်းအပြီး ဆန္ဒပြမှုတွေကို လက်နက်ကိုင် တပ်တွေနဲ့ ပစ်ခတ်နှိမ်နှင်း ဖမ်းဆီး၊ ဥပဒေမဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေ ဖြစ်ပွားပြီးနောက် တိုင်းရင်းသား နယ်မြေတွေကရော တိုင်းရင်းသားမဟုတ်တဲ့ ပြည်မ နယ်မြေုဒေသတွေကပါ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပြီး ပြန်လည်ခုခံတိုက်ခိုက်ကြမယ့် လမ်းစဥ်ဆီ ကူးပြောင်းသွားခဲ့ကြတဲ့ ၂၀၂၁ နှစ် နှစ်လယ်ပိုင်းကစလို့ မွန်ပြည်နယ်ထဲက ဒေသအတော်များများ နဲ့ ကရင်ပြည်နယ်ထဲက မွန်လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်ပွားခဲ့တာ မရှိခဲ့ပါဘူး။ မွန်ပြည်နယ်ထဲမှာ ဒေသအချို့မှာ ကာကွယ်ရေး တပ်ဖွဲ့ဖွဲ့စည်းကြပေမယ့် အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေ အတွင်း လှုပ်ရှားဖို့ ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းမှု၊ သဘောတူညီမှု တွေမရှိခဲ့ရင် လက်နက်ကိုင် တိုက်ပွဲ ဖော်ဆောင်ဖို့ ခက်ခဲတာ ကြောင့်လည်း မွန်ပြည်နယ်ရဲ့ မြို့ကြီးတွေ ဖြစ်တဲ့ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် စတဲ့မြို့တွေမှာ နှိုင်းယှဥ်မှုအရ တိုက်ခိုက်မှု၊ ပစ်ခတ်မှုတွေ မရှိသလောက် နည်းပါးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
မွန်လူမျိုးတွေရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွတ်ရေး ပါတီ အနေနဲ့လည်း စစ်ကောင်စီ နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းမျိုးမလျှောက်ခဲ့ပဲ၊ ထိတွေ့ဆက်ဆံတဲ့ လမ်းကြောင်းမျိုးကို ရွေးချယ် ခဲ့တယ်လို့ ကောက်ချက်ချမယ်ဆို ချနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ တို့အနေနဲ့ စစ်အာဏာသိမ်းမှုပြီးနောက် ဘယ်လိုရှုမြင်အကဲဖြတ်ပြီး မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ခဲ့ကြတယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် အပြင်ပန်း မြင်တွေ့ရတဲ့ အချက်အလက်တွေအရတော့ အာဏာသိမ်းစစ်တပ်၊ စစ်ကောင်စီကို စစ်ရေးနည်းနဲ့ ဆန့်ကျင် တိုက်ခိုက်တာမျိုးမဟုတ်ပဲ လက်ရှိပိုနေမြဲ ကျားနေမြဲ အနေအထားကို ထိန်းသိမ်းထားပြီး မိမိတို့ ရဲ့ စစ်ရေး အင်အား၊ နိုင်ငံရေး စည်းရုံးမှု အင်အားကို ထိန်းသိမ်းတည်ဆောက်ထားဖို့ ရည်ရွယ်တဲ့ သဘောလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။ သို့ပေမယ့် မွန်အမျိုးသားတွေထဲက လူငယ်အချို့ရဲ့ အမြင်၊ ပြင်ပကဝေဖန် ပြောဆိုမှု၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ထိစပ်နေတဲ့ နယ်မြေတွေမှာ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တိုက်ပွဲနဲ့ ထိန်းချုပ် စိုးမိုးမှုတွေ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ဖြစ်ပွားလာနေတာက မတူတဲ့ ရှုထောင့်ကနေ စဥ်းစားရမယ့် အခြေအနေတွေလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဒီလို စစ်ရေး နိုင်ငံရေး နောက်ခံ အနေအထားမှာ မွန်အမျိုးသား လက်နက်ကိုင် တပ်ဖြစ်တဲ့ မွန်ပြည်သစ် ပါတီအနေနဲ့ ၂၀၁၈ ခုနှစ်က လက်မှတ်ထိုးထားတဲ့ NCA ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အတိုင်း လိုက်နာပြီး ၂၀၂၄ ခုနှစ်အထိ ရှိခဲ့ရာမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ဒုတိယပတ် အကုန်မှာတော့ မွန်ပြည်သစ်ပါတီ (ခွဲထွက်) အဖွဲ့ဆိုပြီး မွန်ပြည်သစ်ပါတီ လက်နက်ကိုင် တပ်ရဲ့ ဒုတိယ ဦးစီးချုပ် ပါဝင်တဲ့ ခွဲထွက်ဖွဲ့စည်းတဲ့ အနေအထား ပေါ်ထွက်လာခဲ့ပါတယ်။
ခွဲထွက်ခဲ့တဲ့ အဖွဲ့ဟာ မွန်ပြည်သစ်ပါတီရဲ့ နာမည်ကိုပဲ ပြန်သုံးပြီး ကွင်းစ ကွင်းပိတ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုတဲ့ အသုံးအနှုန်းတခုသာ ဝိသေသ အနေနဲ့ ထည့်သွင်းထားတာ၊ မွန်ပြည်သစ်ပါတီ နဲ့ နိုင်ငံရေးအရ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုမှုတွေ ကြီးကြီးမားမား မတွေ့ရပဲ နယ်မြေ စိုးမိုးမှု သတ်မှတ်မှုတွေနဲ့ ပတ်သက်လို့လည်း ကြီးကြီးမားမား ပြဿနာ ပေါ်ထွက်တာ ခုချိန်ထိ မတွေ့ရပါဘူး။
ဒီခွဲထွက်အဖွဲ့ရဲ့ စစ်ရေးအရ အမြင့်ဆုံးတာဝန်ရှိသူ နိုင်ဗညားလယ်က အဖွဲ့ခွဲထောင်ပြီးခါစ ဒီဗွီဘီနဲ့ အင်တာဗျူး မှာပြောဆိုရာမှာ မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်တပ်ကို တနေ့ကျ ပြည်နယ်လုံခြုံရေး တပ်အဖြစ် သို့မဟုတ် ပြည်နယ်စောင့် တပ်အဖြစ် ပုံစံသွားချင်တာဖြစ်ပြီး လက်ရှိ စစ်ကောင်စီရဲ့ သဘောထား လမ်းစဥ်နဲ့ အဲလို အနေအထားမျိုး ရရှိမှာ မဟုတ်လို့ လက်နက်ကိုင် တိုက်ပွဲဖေါ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ရတဲ့အကြောင်းကို အခုလိုစကားလုံးနဲ့ ပြောဆိုခဲ့တာတွေ့ရပါတယ်၊ သူက “တကယ်လို့ အခုအချိန် မတိုက်ရင်လည်း နောင်တချိန်တော့ မလွဲမသွေ တိုက်ရမှာပဲ။ အဲဒီ မလွဲမသွေအခြေအနေ အချိန်အခါကို စောင့်နေမယ်အတူတူ အခုချိန်အခါက တိုက်ဖို့ အကောင်းဆုံးလို့ ကျနော်တို့ ဆုံးဖြတ်ပြီး ထုတ်ပြန် ကြေညာရခြင်း ဖြစ်တယ်” လို့ဆိုထားတာပါ။
ဘာကြောင့် အခုအချိန်ဟာ တိုက်ခိုက်ဖို့ အကောင်းဆုံး ဖြစ်ရတာလဲ ဆိုတာကို တချိန်ကျရင် စစ်ကောင်စီနဲ့ တိုက်ရမယ့်သဘောမျိုးလည်း အဓိပ္ပါယ် သက်ရောက်သလို မွန်ပြည်နယ်ရဲ့ နယ်မြေစိုးမိုးမှုတွေ အတွက် ဒီနယ်မြေထဲမှာ လက်နက်ကိုင် စိုးမိုးလာနိုင်တဲ့ အခြားသော ဘယ်လက်နက်ကိုင် အဖွဲ့နဲ့ မဆိုဖြစ်နိုင်ခြေရှိတဲ့ တိုက်ပွဲတွေကို ရည်ရွယ် ပြောဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မကြာခင် လပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ ရှမ်းမြောက်ဒေသရဲ့ နယ်မြေသိမ်းတိုက်ပွဲတွေမှာ ဒီအခြေအနေနဲ့ အလားသဏ္ဍာန်တူတဲ့ အနေအထားတွေလည်း တွေ့ခဲ့ရတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သမိုင်းကြောင်းအရ၊ လူမျိုးစုနေထိုင်မှုအရ ကချင်လူမျိုးစုတွေ နယ်မြေဒေသအချို့ကို ၁၀၂၇စစ်ဆင်ရေးမှာ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက သိမ်းယူခဲ့ပြီး အုပ်ချုပ်ရေး ထူထောင်တာတွေ ရှိခဲ့သလို ရှမ်းလူမျိုးစုတွေရဲ့ ဒေသအချို့ကိုလည်း အခြားလက်နက်ကိုင် အဖွဲ့တွေက သိမ်းယူခဲ့ပြီး အုပ်ချုပ်ရေး ထူထောင်ခဲ့တာကို အဆိုပါ စစ်ဆင်ရေးပြီးနောက်မှာ မြင်တွေ့ခဲ့ရတာပါ။ ဒီအခြေအနေတွေ၊ ဒီလို ဖြစ်နိုင်ခြေ လမ်းကြောင်းတွေ အပေါ်မူတည်ပြီး မွန်ပြည်သစ်ပါတီ (ခွဲထွက်) အဖွဲ့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းယူဖို့ စတင်တိုက်ခိုက်ရာမှာ ကရင်ပြည်နယ် အစွန် မွန်ပြည်နယ် နယ်နိမိတ် အစပ်က မွန်လူမျိုးတွေ နေထိုင်ကြတဲ့ ကော့ဘိန်း ကျေးရွာကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
စစ်ကောင်စီဘက်ကတော့ ကေအန်ယူနဲ့ အခြား ကရင်လက်နက်ကိုင် အဖွဲ့ငယ်တချို့နဲ့ လက်ရှိ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မွန်ပြည်သစ်ပါတီ (ခွဲထွက်) အဖွဲ့က စစ်မျက်နှာ အသစ်ဖေါ်ဆောင် လာမှာကို ဘယ်နည်းနဲ့မှ လိုလားမှာ မဟုတ်ပါဘူး။ ဒီအကြောင်းတွေကြောင့် စတင်ပြီး စစ်ပွဲဖြစ်လာတာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး မီးလောင်ပျက်စီးအောင် လုပ်ဆောင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အရင်းအနှီးက မြို့တွေ ကျေးရွာတွေ မီးလောင်ပျက်စီးစေတာပဲ ဆိုတဲ့ မက်ဆေ့ချ်( စကား)ကို ဒေသခံ လူထုတွေးမြင်လာဖို့ ရည်ရွယ် လုပ်ဆောင်ပုံရပါတယ်။
ဒီကျေးရွာတွေက လူထု အနေနဲ့ လက်နက်ကိုင် မြို့သိမ်း၊ ရွာသိမ်း တိုက်ပွဲတွေ အပေါ်ဘယ်လို သဘောထားမလဲ၊ လိုအပ်ချက်အရ နယ်မြေ သိမ်းဖို့ လုပ်ဆောင်ရာမှာ မြိုတွေ၊ရွာတွေကို တိုက်ခိုက်မှ ရမယ်ဆိုတဲ့ အယူအဆကို ထောက်ခံမလား သို့မဟုတ် ဆန့်ကျင်ကြမလားဆိုတာတော့ ကောက်ချက်ချဖို့ စောသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar