Breaking News

မောင်လင်းရိပ် - လွမ်းနှင့်ရာ ပွဲ

Art by Than Htay Maung
လွမ်းနှင့်ရာ ပွဲ
မောင်လင်းရိပ်
(မိုးမခ) ဧပြီ ၁၊ ၂၀၂၄

အရှင်ထွက် ထွက်ဖို့ရာ မင်းဆီမှာ ဘာဗီဇာ ရှိသလဲ
မြေလျှောက်ဝိဇ္ဇာလုပ်ပြီး အောက်လမ်းက ခပ်လျှိုးလျှိုး ဒိုးမှာလား
မြေမနင်းမင်းသားဘဝနဲ့ အထက်တန်းကျကျ မိုးပေါ်က ပျံသွားရပေမဲ့
ကိုယ့်ရွာမှာလည်း ကြက်မဖ သူများ ရွာမှာလည်း ကြက်မ 
ကြက်ခေါင်းဆိတ်တာကို ခေါင်းငုံ့ခံရခံရ ဒရောသောပါးသွားတော့မှာတဲ့လား
ဒီမိုဂရပ္ဖိကမျဉ်းတွေဟာ မြင်းတွေလို တစ်ဖက်ကမ်းကို စုပြုံခုန်ပေါက်ပြေးလွှားကြ
ကြံရာမရတဲ့ မျဉ်းတချို့တလေဟာ သေတွင်းထဲဖြစ်ဖြစ် ငုပ်ဆင်းသွားရှာတာပဲတဲ့
ဒါထက်လည်း ဆင်းရဲ ဒါထက်လည်း ကြေကွဲရတဲ့ နုံချာချာ ဘဝဇာတ်တွေ ကြုံလာစရာ မရှိတော့ပါဘူး
နွေဦးရဲ့ စကားထာ ဖြေနိုင်သူသာ မနုဿီဟရဲ့ ဦးခေါင်းကို ဖြတ်နိုင်လိမ့်မယ်
မင်းရဲ့ တရား မင်းရဲ့ ဓားဟာ မင်းရဲ့အသားထဲမှာ ဒီအဲန်အေလို ရှိရလိမ့်မယ်
ကုဒ်တစ်ခုခုနဲ့တော့ ထပ်တူကိုက်အောင်နှိုးမှ နိုးထလာတာမျိုးပေါ့ကွယ်
မဖြေနိုင်ခင်တော့ အရှင်ထွက်ထွက်ဖို့ရာ ဟိတ်ပါတဲ့ ဝိဇ္ဇာလမ်းတစ်ခုခု ရွေးပါ
(အရွယ်ကောင်းတွေဟာ) ဘယ်ကိုဩဒိနိတ် အမှတ်ဆီ ပြောင်းပြောင်း ဝေးခြင်းက 
အဓိကပဲ၊ ပြေးခြင်းဆိုတဲ့ နာမကို တပ်လိုတဲ့ သူက တပ်လိုက်စေတော့
ပန်းနုရောင် ကုက္ကိုပွင့်မွှားမွှားလေးတွေဟာ ကုက္ကိုပင်အုပ်တစ်ခုလုံးရဲ့အပေါ် လွှားအိပ်လို့
ဒီအရိပ်တွေအောက်မှာ ဘယ်သူမှ မအေးမြနိုင်တော့ဘူးဆိုပြီး ပြတင်းကနေ ငေးမိ
(အိမ်ပြန်ချိန်) (အိမ်ပြန်ချိန်) (အိမ်ပြန်ချိန်) ဘယ်တော့လဲ။ စွန့်ပစ်ရာမြေကို ပြန်သရမယ့်အချိန်မှာ
မြစ်ပြန် ဒီမိုဂရပ္ဖိကမျဉ်းတွေဟာ နေရင်းဆီ ဧကန် ပျံဆင်းလာဖို့ပါပဲ
မထွက်ခွာမီ (အရွယ်လွန်သူတို့) လွမ်းနှင့်ပြီ။

၂၀၂၄၊ မတ် ၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar