အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ တွေ့ဆုံမှု အကျိုးဆက်က ဘာဖြစ်နိုင်လဲ
မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၃၁ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၊ ၂၀၂၄
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ တွေ့ဆုံမှု အကျိုးဆက်က ဘာဖြစ်နိုင်လဲ
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူ ဒဲရက်ချောလက်က မကြာသေးခင်က မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ နဲ့ တွေ့ဆုံခဲ့ကြောင်း ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားခဲ့တဲ့နောက် သတင်းဌာနတွေက ဒီတွေ့ဆုံမှုနဲ့ ပတ် သက်လို့ သတင်းတွေ ဖော်ပြလာကြတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံဖြစ်သူ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များစွာရှိတဲ့အနက်က KIA, KNU, KNPP နဲ့ CNF ၄ ဖွဲ့နဲ့သာ တွေ့ဆုံခဲ့တဲ့ အဓိပ္ပာယ်က ဘာဖြစ်နိုင်လဲ။ ကျန် လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့၊ ဝ၊ ကိုးကန့်၊ တအန်းပလောင်၊ ရက္ခိုင့်တပ်တော် စတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဘာလို့ မတွေ့ဆုံရတာလဲ။
အမေရိကန်ပြည်ထောင်စုဘက်က ကမ်းလှမ်းပေမယ့် အခြားသော လက်နက်ကိုင် တွေက တွေ့ဆုံလိုတဲ့ ဆန္ဒမရှိတာကြောင့် မတွေ့ဆုံရတာလား၊ သို့မဟုတ် ဒီလိုတွေ့ဆုံမှုက တရုတ်နိုင်ငံနဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အမေရိကန်ပြည်ထောင်စု နဲ့ ထိတွေ့ ဆက်ဆံတဲ့အခါ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးရိမ်တာကြောင့်လား စတဲ့ မေးခွန်းတွေ ရှိသလို မြန်မာ့အရေးမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖြေရှင်းလိုတယ်လို့ ဒဲရက်ချောလက်က ၂၀၂၃ ခုနှစ် ဆန်းပိုင်းမှာ ပြောဆိုခဲ့ဖူးတာရှိလို့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ မြန်မာ့အရေးမှာ ပူးပေါင်းဆောင်ရွက်မှု တစုံတရာ ရှိနေသလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။
သို့သော် လက်ရှိ အချိန်မှာ သံတမန်ရေးအရ၊ ထုတ်ဖော်ပြောဆိုမှုတွေကြောင့် သက်ရောက်လာနိုင်တဲ့ အကျိုးဆက်တွေအရကြောင့်သော်လည်းကောင်း၊ အများပြည်သူကို အသိပေးဖို့ မဖြစ်နိုင်တဲ့ အကြောင်းတွေကြောင့် သော်လည်းကောင်း ဘာရလဒ် ရရှိသလဲဆိုတာတွေကို ထုတ်ဖော်ပြောဆိုတာ မတွေ့ရပါဘူး။
KNPP ရဲ့ အတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်ကတော့ RFA သတင်းဌာနကို ဖြေကြားရာမှာ စစ်ရေးနိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ယေဘုယျဆန်တဲ့ အဖြေမျိုးသာ ဖြေကြားခဲ့တာ တွေ့ရပါတယ်။
ယမန်နှစ် ဧပြီလက နိုင်ငံခြားရေးဌာန အတိုင်ပင်ခံက ပြောဆိုရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖြေရှင်း နိုင်ဖွယ်ရှိတယ် ဆိုပြီး သတင်းမီဒီယာကို ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရင် တရုတ်နိုင်ငံရော၊ ၄င်းတို့ အမေရိကန်ပြည်ထောင်စုအတွက်ပါ အကျိုးရှိမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ အဲဒီအချိန်အထိ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးဖို့ တရုတ်နိုင်ငံက သိပ်ပြီးစိတ်ဝင်စားမှုမရှိသေးဘူးလို့လည်း သူကပဲ ဆက်လက် ဖြည့်စွက်ပြောဆိုခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရဲ့ အရေးကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန် တိုင်ပင် သဘောတူညီကြတဲ့ကိစ္စက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံသံအမတ် ဦးကျော်မိုးထွန်း နေရာကို လဲလှယ်ခြင်းမပြုသေးဖို့၊ တဖက်မှာလည်း အပြည့်အဝ ကိုယ်စားပြုပြောဆိုခွင့်လည်း မပြုဖို့ နှစ်နိုင်ငံ အမြင်ချင်းတူညီပြီး ဆုံးဖြတ်ခဲ့ကြတဲ့ ဖြစ်ရပ်တခုသာ တွေ့ ရသေးတဲ့ အနေအထားဖြစ်ပါတယ်။ အခြားကိစ္စတွေမှာတော့ တရုတ်နိုင်ငံအနေနဲ့ ၄င်းတို့ရဲ့ ကိုယ်ပိုင်အမြင်၊ အကျိုးစီးပွားနဲ့ ၄င်းတို့ ကိုယ်ပိုင် ချဥ်းကပ်ကိုင်တွယ်မှုတွေနဲ့လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။
အခု လတ်တလော ဒဲရက်ချောလက် လက်နက်ကိုင် ၄ဖွဲ့နဲ့ တွေ့ဆုံမှုက တရုတ်နိုင်ငံကို ဖိအားဖြစ်စေနိုင်သလား၊ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ဒေသတွေမှာ အခြေစိုက်လှုပ်ရှားတဲ့ KIA လို လက်နက်ကိုင်အဖွဲ့က တွေ့ဆုံတဲ့ ၄ ဖွဲ့အထဲ ပါတာကြောင့် တရုတ်က KIA အပေါ် ဘယ်လို ဖိအားမျိုး ရှိလာနိုင်သလဲ၊ စတဲ့ အချက်တွေကလည်း လတ်တလော စိတ်ဝင်စားစရာနဲ့ စောင့်ကြည့်ရမယ့် ကိစ္စရပ်တွေ ဖြစ်နေပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနဲ့ အရှေ့အာရှမှာ တရုတ်နိုင်ငံနဲ့ ဆန့်ကျင်ဘက် ရပ် တည်ချက်ရှိပြီး အရေးကြီးတဲ့ ထိုင်ဝမ် လွတ်လပ်ရေး နဲ့ ပေါင်းစည်းရေးလို ကိစ္စရပ်တွေ ရှိနေသလို၊ တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ကျွန်းပိုင်ဆိုင်မှု ကိစ္စတွေလည်း ရှိနေတာဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အကျိုးစီးပွား ဆန့်ကျင်ဘက်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက် ကုန်သွယ်ရထားလမ်းစီမံကိန်း စတာတွေဟာ တရုတ်နိုင်ငံအတွက် အရေးကြီးသလို OBOR စီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတချို့က မြန်မာနိုင်ငံထဲက ဖြတ် သန်းဖောက်လုပ်မယ့်လမ်းကြောင်း စတာတွေမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဆန့်ကျင်ဘက် အကျိုးစီးပွားတွေ ရှိနေကြတဲ့ သဘောဖြစ်ပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အများအပြားရှိကြတဲ့အနက် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံနဲ့ ယခုတွေ့ဆုံတဲ့ ၄ ဖွဲ့ဟာ ထိုင်းနယ်စပ် မှာ အခြေစိုက်တဲ့ ၂ ဖွဲ့၊ တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ ၁ ဖွဲ့နဲ့ အိန္ဒိယနယ်စပ်မှာ အခြေစိုက်တဲ့ ၁ ဖွဲ့တို့ ဖြစ်ပါတယ်။ ၄ ဖွဲ့လုံးက ဘာသာကိုး ကွယ်မှုအရ ခရစ်ယာန်ဘာသာ ကိုးကွယ်တာအများစု ဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက နိုင်ငံတော်ကာကွယ်ရေး ဘတ်ဂျက်ထဲက အစိတ်အပိုင်းတခုဖြစ်တဲ့ ဘားမားအက်လို့ ဆိုတဲ့ မြန်မာ့အရေး ကူညီမယ့် အကူအညီ ကန်ဒေါ်လာ သန်း ၁၂၀ ကျော်ကို ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတက လက်မှတ်ထိုးခဲ့ပြီး လူသေစေနိုင်တဲ့ ပစ္စည်းမဟုတ်တဲ့ အကူအညီတွေ ပေးမယ့် အစီအစဥ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တစုံတရာ အကျိုးကျေးဇူး ခံစားရနိုင်သလားဆိုတဲ့ မေးခွန်းလည်း ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ရည်မှန်းချက်အားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးမှာ ပြည်တွင်းက အင်အားစုတွေရဲ့ နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာ မှန်ကန်မှုနဲ့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုက အဓိကကျတဲ့ အခန်းကဏ္ဍဆိုတာ ငြင်းပယ်လို့မရတဲ့ အရှိတရား ဖြစ်ပါလိမ့်မယ်။
သို့ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒ၊ ကျင့်သုံးမှုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပိုအားကောင်းစေအောင် အားဖြည့်ပေးနိင်သလို ဝေ့ဝိုက်ကွေ့ကောက်ကာ အချိန်ကြာရှည်စေနိုင်တဲ့ အကျိုးသက်ရောက်မှုတွေလည်း သက်ရောက်စေနိုင်တာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံနဲ့ အင်အားကြီးနိုင်ငံတွေကို ကောင်းစွာ နားလည်ပြီး အကျိုးရှိမယ့် ကိစ္စရပ်တွေမှာ အကူအညီရယူသင့်ပေမယ့် အလုံးစုံ အားကိုးတာမျိုးတော့ မဖြစ်စေဖို့ သတိပြုရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar