Breaking News

ကိုသန်းလွင် - နယ်ဆင်မန်ဒဲလားနှင့် ပြောင်းလဲလာသောအမြင်

နယ်ဆင်မန်ဒဲလားနှင့် ပြောင်းလဲလာသောအမြင်

ကိုသန်းလွင် 

(မိုးမခ) ဧပြီ ၃၀ ၊ ၂၀၂၄

( ၁ )

ကမ္ဘာပေါ်တွင် နိုင်ငံရေးသမားဟူ၍ ကြီးကျယ်ထင်ရှားပြီး နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်ကာ လူအများ၏ လေးစားကြည်ညိုခြင်းကို ခံရသူများ ရှားပါးနေချိန်တွင် တောင်အာဖရိကနိုင်ငံ နယ်ဆင် မန်ဒဲလား (Nelson Mandela) မှာ ထိုခေါင်းဆောင်များထဲမှ ရှားမှရှား အလွန်ကျော်ကြားသူ ဖြစ်ခဲ့ပါသည်။ 

တောင်အာဖရိကနိုင်ငံ ထောင်ထဲတွင် ၂၇ နှစ်မျှနေခဲ့ပြီး ခါးသီးသော အတွေ့အကြုံများကို ခံယူကာ အချင်းချင်း ပြန်လည်သင့်မြတ်ရေးမူဝါဒကို အထပ်ထပ်အပြန်ပြန်သုံးသပ်ရင်း လူမျိုးစု ချစ်ကြည် ရေးကို ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်သည်။ 

သူသည် သူ့နိုင်ငံကို သက်တံရောင်နိုင်ငံ (Rainbow Nation) ဖြစ်အောင် လူအများ၏ စိတ်ဆန္ဒများကို သိမ်းသွင်းစည်းရုံးနိုင်သည့်အားကို အသုံးချ၍ နိုင်ငံတွင် ပြည်တွင်းစစ်ကြီး မဖြစ်ပွားရအောင် တားဆီးနိုင်ခဲ့သည်။ 

၁၉၉၉ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၏ ပထမဆုံး လူမည်းသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို ခံခဲ့ရပါသည်။ ဧပြီလ ၂၇ ရက်နေ့မှာ ၁၉၄၈ ခုနှစ်က စခဲ့သော အပါသိုက်စနစ် (Apartheid) ချုပ်ငြိမ်း၍ အများတင်မြှောက်သောမဲဖြင့် သမ္မတဖြစ်ရသည်မှာ အနှစ် ၃၀ ပြည့်ပါပြီ။  

မန်ဒဲလားသည် သမ္မတသက်တမ်းကို တစ်ကြိမ်သာ ထမ်းဆောင်၍ နောက်လူများအတွက် နေရာဖယ်ပေးခဲ့ပါသည်။ နာမည်ကြီး၍ သြဇာအာဏာလွှမ်းမိုးလာနိုင်လေလေ အာဏာကို စွန့်လွှတ်ရန် ခက်ခဲတတ်ကြပါသည်။ ထိုကဲ့သို့ လူသားဆန်သည့် သဘောကို အမြဲတစေ ပြသခဲ့ပြီး သူ့နိုင်ငံတွင် စံပြခေါင်းဆောင် ဖြစ်ခဲ့ပါသည်။

( ၂ )

သို့သော် ၂၀၁၃ ခုနှစ်တွင် သူ ကွယ်လွန်သွားပြီး ၁၀ နှစ်မျှကြာသော သူ့နိုင်ငံ၌ပင် သူ၏ သြဇာလွှမ်း မိုးမှုကိုပြန်လည်သုံးသပ်လာကြပါသည်။ အနောက်နိုင်ငံများ၌ မည်မျှပင်ကြီးကျယ်ထင်ရှားသည် ဆိုစေ တောင်အာဖရိကနိုင်ငံမှ ယနေ့ လူငယ်အများစုသည် ယနေ့ပြဿနာများသည် မန်ဒဲလားကြောင့် ဖြစ်ရသည်ဟု ကောက်ချက်ချကြပါသည်။ ချို့တဲ့ဆင်းရဲနေမှု၊ ပြည်သူများအတွင်း ပျံ့နှံ့နေသော အလုပ်လက်မဲ့ ပြဿနာ၊ နိုင်ငံသားများအကြား၊ ဆင်းရဲ ချမ်းသာ ကွာဟမှုများမှာ သူ့အပြစ်ဟုမြင်နေကြပါသည်။ သူဦးဆောင်တည်ထောင်ခဲ့သော အမျိုးသားကွန်ဂရက်ပါတီ (ANC- African National Congress) မှာ ခြစားမှုများနှင့် ပြည့်နှက်နေကာ လျော့ရဲသော ဦးဆောင်စီမံခန့်ခွဲမှုများကြောင့် ဖရိုဖရဲဖြစ်နေပြီး အခြေအနေမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်ကထက် ပို၍ ဆိုးသည်ဟု ဆိုကြပါ သည်။

ကမ္ဘာလှည့်ခရီးသည်များက အမြင့်ပေ ၂၀ ရှိသည့် “မာဒီဘာ” ခေါ် မန်ဒဲလားစကွဲယားရှိ မန်ဒဲလား ကြေးရုပ်ကြီးရှေ့တွင် ဆဲလ်ဖီဆွဲရန်၊ ဓာတ်ပုံအရိုက်ခံရန် တန်းစီနေကြပါသည်။ ဤအရပ်မှာ တောင်အာဖရိကတွင် အချမ်းသာဆုံးရပ်ကွက်ဖြစ်ပြီး ဈေးကြီးပေးရသည့် စားသောက်ဆိုင်တန်းများနှင့် ဆန်တန်မြို့တော်၏ (Sandton) အနီးမှာ တည်ရှိပါသည်။

မြို့တော်ကြီးနှင့် ဝေးကွာသည့် အလက်ဇန်းဒီးယားမြို့တွင် ရေနှင့် လျှပ်စစ်ရှားပါးလှပေရာ ဤမြို့၌ အလုပ်အကိုင်မရှိသော လူငယ်များသည် ဘီယာနွေးနွေးကို သောက်ကာ အချိန်ဖြုန်းလေ့ရှိကြပါသည်။ 

ဤမြို့ တွင် တောင်အာရိက၏ ပထမဆုံး လူမည်းသမ္မတကြီးကို ရောထွေးသော အမြင်ဖြင့် မြင်လေ့ရှိကြပါသည်။ 

လူငယ်အများစုမှာ မန်ဒဲလားသမ္မတအဖြစ်အနားယူပြီးချိန်ရောက်မှ မွေးဖွားခဲ့သူများ ဖြစ်ကြသည်။ အပါသိုက်စနစ် (Apartheid) မှ လွတ်မြောက်နေပြီဖြစ်သော အချိန်တွင် လွတ်လပ်စွာ မွေးဖွားခဲ့ကြပြီး ကြီးပြင်းခဲ့ကြရာ သူတို့သည် စနစ်၏ဆိုးရွားမှုကို လက်တွေ့ မတွေ့ကြုံ မခံစားခဲ့ကြရပါ။ သို့သော် နေ့စဉ်နှင့်အမျှ ဆင်းရဲခြင်း၊ ပြစ်မှုများ၊ မသိမ်းမကောက်ဘဲ ထားသော အမှိုက်များနှင့် ဝမ်းနည်းကြေကွဲဖွယ်ရာများကိုသာ တွေ့ကြရသည်။ 

၂၅ နှစ်အရွယ် ကျောင်းသူတစ်ယောက်ကဆိုလျှင် “မန်ဒဲလားကို ကျောင်းက သင်ပြသလောက်သာ သိပါတယ်၊ သူက သူရဲကောင်းတစ်ယောက်ပါ။ သူက ကျမတို့အတွက် တိုက်ပွဲဝင်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရပါတယ်၊ အနစ်နာခံခဲ့ပါတယ်။ ဒါပေမဲ့ ကျမတို့တတွေဟာ သူ့လက်ရာတွေကို မတွေ့ရတော့ပါဘူး။ သူ့မှာ သြဇာအာဏာရှိခဲ့တယ်။ အဲဒီတုန်းက ကျမတို့အတွက် လုပ်ပေးနိုင်တာတွေ ရှိခဲ့တယ်။ ဘာမှ အကောင်အထည်မပေါ်ခဲ့ပါဘူး” ဟု ဆိုသည်။

ဤအယူအဆမှာ တောင်အာဖရိကနိုင်ငံတလွှား ခရီးသွားတယောက်အဖို့ နေ့စဉ် ကြားနေရသည့် မှတ်ချက်များ ဖြစ်ပါသည်။ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲသည် မေလ ၂၉ ရက်နေ့တွင် ကျင်းပရန်ရှိသည်။ ပတ်ဝန်းကျင်တလျှောက်တွင် တွေ့နေရသော ညွှန်ပြနေသည့် အရာများ၏ အဆိုအရ အေအင်စီသည် ပထမဆုံးအကြိမ် မေဂျာပါတီကြီးအဖြစ်ကို စွန့်လွှတ်ရတော့မည်။ 

မန်ဒဲလားထောင်မှ လွတ်လာပြီးလွန်ခဲ့သည့်အနှစ် ၃၀ က သမ္မတအဖြစ်အရွေးချယ်ခံခဲ့ရပြီး ပထမဆုံးအကြိမ် အဓိကနိုင်ငံရေးပါတီအဖြစ် ကို စွန့်လွှတ်ရခြင်း ဖြစ်ပါလိမ့်မည်။

ဤသို့ ဖြစ်ခဲ့လျှင် ယနေ့ တွေ့နေရသော ငယ်ရွယ်သည့် မဲပေးသူများကြောင့်သာ ဖြစ်ရပါလိမ့်မည်။ လွန်ခဲ့သောအနှစ် ၃၀ က တကမ္ဘာလုံးက ရင်သပ်ရှုမောဖြစ်ခဲ့ရသည့် ငြိမ်းချမ်းစွာအာဏာလွှဲ ပြောင်းယူမှုကို ယနေ့ခေတ် လူငယ်များ မမြင်နိုင်ကြပါ။ လူမြောက်မြားစွာတို့သည် အေအင်စီကို အယုံအကြည် မရှိကြတော့ပါ။ အချို့ကလည်း ဒီမိုကရေစီကို အပြစ်မြင်ကြပါသည်။

“ကျွန်တော်တို့ကို ဒီမိုကရေစီစနစ်က ဘာမှအလုပ်လုပ်မပေးနိုင်ခဲ့ပါဘူး”ဟု အလုပ်မရှိသော ၂၉ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။ ဟိုတုန်းက အသားအရောင် ခွဲခြားမှုစနစ်ကြီးက ရှိနေတုန်းပါဟု အလက်ဇန်းဒီးယားမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူတဦးက ဆိုသည်။ “ကျွန်တော်တို့ဟာ မဲပေးဆိုလို့ပေးလိုက်ကြတာပဲ၊ ဘာမှ အပြောင်းအလဲကို မတွေ့ရ၊ မမြင်ခဲ့ရပါဘူး” ဟု ညည်းတွား သည်။

“ကျွန်တော်တို့မှာ နိုင်ငံရေးလွတ်လပ်ခွင့်တော့ ရခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးလွတ်လပ်ခွင့်တော့ မရခဲ့ပါဘူး။ မျက်နှာဖြူတွေဟာ ရှိနေတုန်းဘဲ။ သူတို့မှာသာ လုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ စီးပွားရေးအရ လုပ်ချင်ရာကို လုပ်ပိုင်ခွင့်ရှိနေတာဟာ မျက်နှာဖြူတွေပါ” ဟု ဆိုသည်။

ဂျူလီယပ်မယ်လီမာဆိုသူ (Julius Malema) သည် မန်ဒဲလားပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး သူ့နောက် သို့ လိုက်ပါသွားသူများ ရှိကြသည်။ လက်ဝဲစစ်သွေးကြွ၊ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူများဟု သူတို့ကိုယ်သူတို့ ခေါ်သည်။ သူသည် ကာလကြာရှည် မန်ဒဲလားကို ဝေဖန်သူ၊ တိုက်ခိုက်သူ ဖြစ်ခဲ့သည်။ 

သူက မန်ဒဲလားကို တပါးသူ၏ အလိုကိုလိုက်လွန်းသူ၊ Compromise လုပ်လွန်းသူဟု ယူဆသည်။ ထိုအချိန်က တောင်အာဖရိကတွင် စီးပွားရေးကို ပိုင်ဆိုင်သူ မျက်နှာဖြူများကို လိုက်လျောလွန်းသူဟု စွပ်စွဲခဲ့သည်။

သူက မန်ဒဲလားကို ကိုးကွယ်သူ မဟုတ်ပါဟု ဆိုသည်။ မန်ဒဲလားကို မလိုသူများက ဝေဖန်ကြသည်မှာ သူသည် ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလွန်းသည်ဟူ၍ ဖြစ်သည်။ သူက လူမည်းများ၏ ရုန်းကန်ရမှုကို စာနာဖို့ထက် လူဖြူများ၏ အကျိုးစီးပွားကို ကာကွယ်လိုသူဖြစ်သည်ဟု ဝေဖန်ကြသည်။ မျက်နှာဖြူများ၏ ငြိုငြင်မှုကို မခံနိုင်သူဟု အပြစ်ဖို့ကြသည်။ ထို့ကြောင့် အပါသိုက်စနစ်ကြီးကို ဖြိုဖျက်၍ ပြီးဆုံးသောအခါ မျက်နှာဖြူတို့၏ စီးပွားရေးပါဝါမှာ ထိခိုက်မှုမရှိဘဲ မူလကအတိုင်း ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို ကာကွယ်ပေးရမည်ဟု မန်ဒဲလားက မူ ချမှတ်ခဲ့ရာ မျက်နှာဖြူတို့၏ ပိုင်ဆိုင်မှုမှာ ထိခိုက်မှုမရှိခဲ့။ အကာအကွယ်ပေးခဲ့သည်။ အပြီးအပိုင် ပစ္စည်းသိမ်းယူရေးကို မလုပ်ဆောင်ခဲ့။ 

နောက်ထပ်ဝေဖန်စရာရှိသည်မှာ ခြစားမှုကိုတိုက်ဖျက်ရန် မန်ဒဲလား၏တာဝန်ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ ပါတီဝင်လူမည်းတို့၏စီးပွားရေးကို အကာအကွယ်ပေးမှု ( Black Economic Empowerment) က ချမ်းသာသူ လူမည်းလူတန်းစားတစ်ခုကို ဖန်တီးခဲ့သည်။ အေအင်စီနှင့် ဆက်စပ်သမျှ လူမည်းများသည် ချမ်းသာလာကြပြီး အချို့မှာ ဘီလီယံနာများ ဖြစ်ကုန်ကြသည်။

မန်ဒဲလားသည် အချိန်က  တောင်းဆိုသောကြောင့် ပေါ်ပေါက်လာသော တောင်အာဖရိက၏ ခေါင်းဆောင်ကြီး ဖြစ်ပါသည်။ သူ့ကြောင့်သာ သွေးချောင်းစီးပြီး လူအချင်းချင်း သတ်ဖြတ်ရသော ပြည်တွင်းစစ်မီးကြီး မတောက်ခဲ့ရခြင်း ဖြစ်ပါသည်။ သူ၏ Truth and Reconciliation ပေါ်လစီကြောင့်သာ ကျူးလွန်ခဲ့ကြသော ပြစ်မှုများကို ခွင့်လွှတ်ပြီး ထိုပြစ်မှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ပြဿနာများကို ဖြေရှင်းနိုင်မှုမှာ တကမ္ဘာလုံး အတုယူဖွယ် ဖြစ်ခဲ့သည်။ 

ရဝမ်ဒါ၊ ကိုလမ်ဘီယာ၊ ကနေဒါ စသော နိုင်ငံများမှ လူတို့၏ ပြစ်မှုများကို သင်ပုန်းချေနိုင်ခဲ့ပါ သည်။ ဤနည်းဖြင့် လူငယ်များနှင့် အချင်းချင်း သတ်ဖြတ်မှုများ၊ မတရားလုပ်မှုများကို ဖော်ထုတ်နိုင်ခဲ့သည်။

( ၃ )

မန်ဒဲလားသည် သူတော်စင်ကြီး မဟုတ်ပါ။ သို့သော် သူ့နည်းများသည် ငြိမ်းချမ်းသောနိုင်ငံ၊ ချမ်း သာ ကြွယ်ဝပြီး အနာဂတ်အတွက် အာမခံချက်ရှိသောနိုင်ငံကို ထူထောင်နိုင်ရန် လမ်းများကို ပွင့်စေခဲ့ပါသည်။ 

ဇီဘီ Songego Zibi ဆိုသော အတိုက်အခံ ပါတီ၏ ခေါင်းဆောင်တယောက်က “မန်ဒဲလားသည် အခြေခံ ဖြစ်ပါသည်၊ ကျွန်တော်တို့ လိုက်နာရန် စည်းကမ်းများကို ချမှတ်ခဲ့ပါသည်၊ အဲဒီက စကြရမှာပါ”ဟု ပြောသည်။

ကိုသန်းလွင်

Ref: Why some South Africans are rethinking Mnadela’s legacy, By Keith Richburg, Wahingtompost 21 April 2024

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar