တင်ဇော်လွင် - သူတို့ရဲ့ကဗျာ နဲ့ ကိုယ့်ကဗျာ
တင်ဇော်လွင် - သူတို့ရဲ့ကဗျာ နဲ့ ကိုယ့်ကဗျာ
(မိုးမခ) မေ ၁ ၊ ၂၀၂၄
ကျနော့်လူနာဆောင်က လူနာတယောက်ဟာ ဆီးချိုအခံကြောင့် ကွယ်လွန်သွားရှာတယ်။ စိတ်ရောဂါကု အဆောင်ကနေ အထွေထွေရောဂါကုအဆောင်ကို ပြောင်းရွှေ့ပြီး ကြပ်ကြပ်မတ်မတ် ကုကြပေမဲ့ နဂို ရောဂါကျွမ်းနေတာရယ်၊ အသက်ကလည်း ကြီးနေတာရယ်ကြောင့် တပတ်လောက် ကုပေမဲ့ ပြန်ပြီးကောင်းမလာရှာဘူး။
ဆေးရုံရဲ့ ထုံးစံအတိုင်း သူ့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဆေးရုံရဲ့ ဓမ္မာရုံ (Chapel) မှာ ကျင်းပတဲ့အခါ လူနာကို ခင်မင်သိကျွမ်းပြီး သံယောဇဉ်ရှိကြတဲ့သူတွေ တက်ရောက်ကြတယ်။ ဦးဆုံး ဆေးရုံအုပ်ကြီးက အအဖွင့်စကားလေး အနည်းငယ် ပြောပြီးတော့ သူတို့ဘာသာရဲ့ ဘုန်းတော်ကြီး (Reverend) က တရားသံဝေဂစကား ပြောတယ်။ အဲဒီနောက်တော့ ပရိသတ်ထဲက အောက်မေ့ လွမ်းဆွတ်တဲ့စကား၊ အမှတ်တရ စကားတွေကို ပြောဖို့ အချိန်ပေးတယ်။ အဲဒီတော့ အဆောင်မှာ သန့်ရှင်းရေးလုပ်ရတဲ့ ဝန်ထမ်း အမျိုးသမီးတဦးက ကွယ်လွန်သူရဲ့ အမှတ်တရလေးတွေကို ထပြောတယ်။ ခပ်ငယ်ငယ် လူနာတယောက်က Amazing Grace သီချင်းကို ထဆိုပြီး ဆုတောင်း အလွမ်းဖြေတယ်။ နောက်လူနာတယောက်က သူ စပ်လာတဲ့ ကဗျာတပုဒ်ကို အသင့်ရေးလာတဲ့ စာရွက်ကြည့်ပြီး ရွတ်ဆိုပြတယ်။ ဆရာဝန်ဖြစ်တဲ့ ကျနော်က သံဝေဂ ဆုတောင်းစကား နည်းနည်းပြောပြီး အဲဒီ အောက်မေ့ဖွယ် အခမ်းအနားကို ရုပ်သိမ်းလိုက်တယ်။
နောက်တနေ့ မနက်ခင်း Round ကျတော့ Staff တယောက်က စာရွက်တရွက် လာပေးလို့ ကြည့်လိုက်တော့ မနေ့က အဲဒီလူနာ ရွတ်သွားတဲ့ ကဗျာကို ကျကျနန သေသေသပ်သပ် စာစီပြီး ရိုက်ထားတာ။ မနေ့က အခမ်းအနားကို တက်ခွင့်မကြုံလိုက်ရတဲ့ လူနာတွေရာယ်၊ ညဂျူတီကျ Staff တွေရယ်ကို ပေးဖို့ ရိုက်ယူလာခဲ့တာတဲ့။
ကဗျာကလေးက မဆိုးဘူး။ A Lane Without Crossing လို လှလှပပ စကားလုံးလေးတွေနဲ့။ ကာရန်တွေ၊ ရစ်သမ်တွေလည်း မိတယ်။ မလွတ်ဘူး။ အချုပ်ကတော့ "နောက်တခါ ပြန်ပြီး ရှင်သန်တဲ့အခါ အင်အားတွေ ပြည့်နေပါစေ၊ အိပ်မက်ဆိုးတွေနဲ့ ကင်းဝေးပါစေလို့ ဆုတောင်းလိုက်ပါတယ်ကွာ" ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။
အင်္ဂလိပ်ကဗျာ အဖွဲ့အနွဲ့တွေနဲ့ သိပ်ပြီး အကျွမ်းတဝင် မရှိတာမို့ Staff ထဲက အသက်ငယ်ငယ် New York University က Ph.D ရလာတဲ့ တယောက်ကို ဘယ်လို သဘောရသလဲလို့ မေးကြည့်လိုက်တော့... မဆိုးပါဘူး၊ Above Average B Plus(+) သာမန်ထက်တော့ သာပါတယ်တဲ့။
စိတ်ရောဂါဝေဒနာရှင်တယောက် ဖြစ်သော်လည်း ကဗျာကို စပ်တဲ့အခါမှာ ကာရန်တွေ မလွတ်ဘဲ (ကဗျာဖွဲ့ထုံးစနစ်ကို လိုက်နာမြဲ လိုက်နာပြီး) စပ်ဆိုထားတာ တွေ့ရတော့၊ ဪ... ကဗျာကို ပစ်စလက်ခတ် မဖွဲ့ကြပါလား ဆိုတဲ့ အချက်ကို ဂရုပြုမိပါတယ်။ တဆက်တည်းမှာပါပဲ၊ ကိုယ့်ရပ်ဌာနေက ကဗျာတွေအကြောင်းလည်း ဆက်စပ်ပြီး တွေးမိတော့တယ်။
တွေးမိတယ် ဆိုပေမဲ့ ကဗျာကို တခုတ်တရ မဖတ်ဖြစ်တာ ကြာပါပြီ။ ဒီဘက်ခေတ် ထွက်လာတဲ့ ကဗျာပေါင်းချုပ်လို စာအုပ်တွေတော့ ရှိပါရဲ့၊ တွေ့ပါရဲ့၊ လှန်လှောပြီး ဖတ်မိပါရဲ့။ ဖတ်မိတယ်ဆိုတာ တကယ့်ကို 'ဖတ်'မိတယ် ဆိုတာလောက်ပါပဲ။ နှုတ်က ထုတ်ပြီး ရွတ်မိတဲ့ အဆင့်ကို မရောက်ပါဘူး။ ရွတ်ရုံတင်မက အာဂုံရအောင် ကျက်ထားလိုက်မဟဲ့ ဆိုတဲ့ အဆင့် ဆိုတာကတော့ ဝေလာဝေးပါပဲ။ သူတို့ရဲ့ကဗျာက သိပ်ပြီး ပဟေဠိဆန်နေသလား မပြောတတ်ပါ။
၁၉၇၀ နှစ်လွန် ပတ်ဝန်းကျင်ကာလတုန်းက "ယနေ့ခေတ်ကာလ၊ စာပေတွင် ကဗျာသည် ရှေ့တန်းတွင် မရှိ"၊ "မဂ္ဂဇင်းအဖွင့်ကဗျာများကို တခုတ်တရ ဖတ်သောသူ မရှိ"။ အဲဒီလို အဓိပ္ပာယ်ရတဲ့ ဆောင်းပါး ရေးမိလို့ ဆရာကြီး ဦးအောင်သင်း(ကွယ်လွန်) ကို ဝိုင်းဝန်းဝေဖန် တိုက်ခိုက်ကြတာ မှတ်မိနေပါသေးတယ်။ (ဆရာနဲ့ သဘောတူ ထောက်ခံမိပါတယ်။)
ကဗျာရွတ်ဆိုပွဲတွေ၊ ကဗျာစာအုပ်တွေ ဒီဘက်ခေတ်မှာ ထွက်လာနေလိုက်တာ။ အားရစရာကြီးပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ကဗျာတွေက ရှိပြီးသား ကာရန်စနစ်ကို မလိုက်နာကြဘဲ ဖောက်ဖျက်နေကြတော့ ရွတ်လို့မကောင်းတော့ပါ။ ကြိုးစား၍ ရွတ်ကြည့်ပါသော်လည်း (ကဗျာဉာဏ် နည်းတယ် ထင်ပါရဲ့)။ တခါရွတ်ပြီး နောက်တခါ ထပ်မရွတ်ချင်တော့ပါ။ အာမထိ လျှာမထိ ဖြစ်နေပါတော့တယ်။
ကျနော်ဟာ သူတို့ရဲ့ ကဗျာတွေကို ခံစားဖို့ ကြိုးစားတဲ့အခါ 'ခေတ်နောက်ပြန်ဆွဲနေသူ ဖြစ်နေပြီလား၊ အပျံမသင်ရဲတဲ့ ငှက်တကောင်လား' အဲဒီမေးခွန်းတွေနဲ့ လုံးချာလည်နေပါတော့တယ်။
ကျနော့်သားတွေ မူလတန်းတုန်းက သူတို့အတန်းမှာ Rhyming Words (အသံတူ၊ ကာရန်စကားလုံး)တွေကို တခုတ်တရ သင်ကြရတာကို သတိထားမိပါတယ်။
Cat/ Bat, Rain/Train စသဖြင့် အသံတူ စကားလုံးတွေ၊ စကားလုံးအတွဲတွေ (Rhyming Phrases) ၊ ကာရန်ညီ သီချင်းတွေ (Rhyming Songs)။ အဲဒါတွေကို အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်စေဖို့အတွက် အထူးတလည် သင်ပေး၊ ကျင့်ပေးတဲ့ သဘောပါ။ အဲဒီအတွက် ကာရန်သဘောတွေကိုလည်း တတ်ပြီးသား ဖြစ်သွားပြီပေါ့။
ကျနော်တို့ မြန်မာပြည်မှာလည်း မူလတန်းမှာ သင်ပေးရင် မကောင်းပေဘူးလားလို့ (ဗမာစကားလုံးတွေနဲ့ပေါ့) တွေးမိပါတယ်။
ကျနော်တို့ ငယ်ငယ်က အဲဒီလို အသင်မခံခဲ့ရပေမဲ့ နိစ္စဓူဝ ပြောဆို လေ့လာ ကြားနာမိသမျှတွေဟာ ကာရန်တွေနဲ့ အမြဲတမ်း လှပနေခဲ့ပါတယ်။
ကြည့်လေ...
"လေလည်း ရောရာ၊ မိုးမပါဘဲ
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း
မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်" ဆိုတဲ့ အဖွဲ့မျိုးတွေ။
"တတောဝင်ထွက်၊ တကုန်းတက်၍၊ တတောင်ကိုကျော်
တပင်မှာ နားသော်၊ အားငယ်ဖြေမချိ
တွေ့လိမ့်နိုးနိုး၊ မျှော်ကိုးလို့နော်" ဆိုတဲ့ တေးစာသားတွေ။
"အလှရွှန်းစို - သာမောရာ
မြကျွန်းညို - ကဗျာတောမှာ
ခဏကွန်းခိုလာသောအခါ" ဆိုတဲ့ အစပ်အဟပ်တွေ။
အဲဒီလို ကာရန်တွေနဲ့ တေးတွေ၊ ကဗျာတွေကို ကိုယ့်ကဗျာရယ်လို့ သတ်မှတ်ထားခဲ့ပါတယ်။
အင်း... အခုတော့ သူတို့ရဲ့ ကဗျာနဲ့ ကိုယ့်ကဗျာ တကမ္ဘာစီ ခြားနေပြီလား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar