Breaking News

မြို့တွေ ရွာတွေက လူထုတွေ ဘဝကို ဘယ်လို ပြန်စကြမလဲ၊ မြို့တွေ သိမ်းယူတဲ့ မြို့သိမ်းတိုက်ပွဲရဲ့ မဟာဗျူဟာ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၉ မြင်ကွင်း

(မိုးမခ) ဧပြီ  ၃၀၊ ၂၀၂၄

မြို့တွေ ရွာတွေက လူထုတွေ ဘဝကို ဘယ်လို ပြန်စကြမလဲ၊ မြို့တွေ သိမ်းယူတဲ့ မြို့သိမ်းတိုက်ပွဲရဲ့ မဟာဗျူဟာ 

ခုရက်ပိုင်းအတွင်း သတင်းအချို့နှင့်လူမှုကွန်ရက်မီဒီယာများတွင် တွေ့မြင်နေကြရသည့် မြို့သိမ်း တိုက်ပွဲဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးနေသည့် နေအိမ်များ၊ လေကြောင်းမှ တိုက်ခိုက်ခံခဲ့ကြရသည့်အဆောက်အဦ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းတွေရဲ့ အပျက်အစီးတွေကိုမြင်တွေ့ရသည့်အခါ ထိုမြို့၊ ရွာက ဒေသခံတွေအနေဖြင့် ဘယ်လိုခံစားရမည်ကိုအတိအကျမပြောနိုင်သည့်တိုင် ဘေးလူအနေဖြင့်ပင် စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရသည်။ 

အုတ်နံရံ၊ အိမ်ရှေ့အဝင်ဝ အုတ်ခုံ၊ နေအိမ်အဝင် အုတ်ခုံတံတားလေးများသာကျန်ရှိသည့် နေအိမ်တွေ၊ ဘာမျှမကျန်ရှိတော့ပဲ မီးလောင်ကျွမ်းထားသည့်တွန့်လိမ်နေသည် ခေါင်မိုးသွပ် မဲမဲများနှင့် အချို့နံရံများ နှင့် အဆောက်အဦအရိုးသာကျန်ရှိပြီးအတွင်းက ဟောင်းလောင်းဖြစ်နေသည့် နေ အိမ်၊ ဆေးရုံ၊ ကျောင်းတွေကိုမြင်တွေ့ရသည့်အခါ စစ်ပွဲအတွင်း ဘယ်လိုဘယ်ပုံ ပျက်စီးခဲ့သည်ကို တွေးတော ပုံဖော်ကြည့်မိသည်။ 

မြို့တွေကိုသိမ်းယူကြဖို့ ဘာကြောင့်အရေးပါသလဲ၊ မြို့တွေက အုပ်ချုပ်ရေးရဲ့ အဓိက သင်္ကေတ၊ မြို့တွေဟာ အာဏာရဲ့ ပြယုဂ်ဖြစ်ခြင်းကြောင့် သိမ်းယူဖို့ ကြိုးပမ်းကြတာလား၊ အခွန်အကောက်၊ အုပ်ချုပ်ရေးအတွက် မြို့တွေကို သိမ်းယူဖို့ လိုအပ်ချက်ဖြစ်တာလား၊ စစ်ရေးနဲ့ ပတ်သက်တဲ့ တပ်စခန်းတွေ မြို့တွေမှာ တွဲလျက်တည်ရှိနေကြတာကြောင့် အာဏာ၊ စစ်စခန်းကိုသိမ်းယူပြီး စစ်အာ ဏာရှင်အစိုးရကို တဖြည်းဖြည်း အမြစ်ဖြတ်ဖယ်ရှားရမယ့်သဘောကြောင့် တိုက်ခိုက်သိမ်းယူတာလား စသည့်မေးခွန်းများ ခေါင်းထဲတွင်ပေါ်ထွက်လာခဲ့သည်။  

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးစတင်ကြရာတွင် မြို့တွေထက် စစ်စခန်းတွေကို အရင်ဦးဆုံးတိုက်ခိုက်သိမ်းယူခဲ့ကြသည်။ ကားလမ်းတွေကို ဖြတ်တောက်ပိတ်ဆို့ထားကြပြီး စစ်စခန်းတွေကို အရင်ဦးဆုံးသိမ်းယူခဲ့ကြပြီးနောက် မြို့တွေကိုပါ တမြို့ပြီးတမြို့သိမ်းယူခဲ့ကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေသိမ်းယူရာတွင် ထိခိုက်ပျက်စီးမှုနည်းသည်ကို သတိပြုမိ သည်။ လေယာဥ်ဖြင့်ဗုံးကြဲတာ၊ လေကြောင်းမှ တိုက်ခိုက်တာတွေ ရှိသဖြင့် သန္နီမြို့ရှိနေအိမ်တွေ၊ နမ့်ခမ်းမြို့ရှိနေအိမ်တွေပျက်စီးခဲ့ကြရသည်။ သို့သော် ရှမ်းမြောက်ဒေသကအနေဖြင့် အညာဒေသဖြစ်သည့် စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေလောက်၊ ပျက်စီးမှုဒဏ် ဆိုးရွားစွာမခံရဟုဆိုလျှင် မှားမည်မထင်ပါ။

 စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကိုစစ်ကောင်စီတပ်တွေက မြေလှန်စနစ်၊ ဝိုင်းကြီးချုပ် အပြစ် ပေးသည့် စနစ်၊ ဒဏ်ခတ်သည့်စနစ်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ပြီး ရိက္ခာ၊ ပိုင်ဆိုင်မှု နေအိမ်အဆောက်အဦ အားလုံးမြေပေါ်မှာ ပုံကျသည် အထိပျက်စီးခဲ့ရသည်။ အချို့ ကျေးရွာတွေ တကြိမ်မက မီးရှို့ခံကြရသည်။ မီးရှို့ခံရပြီးနောက် ပြန်လည်တည်ဆောက်ထားတဲ့ ယာယီနေအိမ်တွေ၊ တဲတွေကိုပင် နောက်တကျော့ စစ်ကောင်စီ စစ်ကြောင်းပြန်ဝင်လာသည့်အခါ ထပ်ပြီးမီးရှို့ဖျက်ဆီးခံရသည့် အဖြစ်မျိုးတွေလည်း ရှိနေခဲ့သည်။ စစ်ကိုင်းနှင့် မကွေးတိုင်း အထက်ပိုင်း အညာဒေသသည် စစ်ဒဏ် အခံရဆုံး၊ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနှင့်နေအိမ်မီးရှို့ခံရသည့် အရေ အတွက် ၏ ၈၀ ရာနှုန်းက အဆိုပါ ဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ယခုလပိုင်းအတွင်း အညာဒေသကဖြစ်စဥ်ဖြစ်ရပ်မျိုး ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဖြစ် ပွားလာပြီး ကော့ကရိတ်မြို့၊ ကော့ဘိန်းကျေးရွာ၊ ဓမ္မသကျေးရွာတို့ ဖြစ်သည်။ ကော့ကရိတ်မြို့ကို သင်္ကြန်အပြီး စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် ရက်အနည်းငယ်အကြာတွင် မြို့ခံလူထု ပြန်လာနေထိုင်နိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၅ လကြာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကော့ကရိတ်မြို့ခံ အချို့ ကား၊ ဆိုင်ကယ်တို့ဖြင့် ပြန်လာကြည့်ကြသည်။ အများစုမှာ နေစရာနေ အိမ် မီးလောင်သွားခဲ့ပြီဖြစ်ကာ ပျက်စီးမှု အတိုင်းအတာ၊ မီးလောင်သွားသည့် မိမိတို့နေအိမ်နေရာကို ကိုယ်တိုင်မြင်တွေ့ လိုခြင်းကြောင့် လာရောက်သူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လျှပ်စစ်မီး ပေးဝေသည့် ဓာတ်တိုင်တွေလဲကျနေသည့် မြင်ကွင်း၊ ကြိုးတွေ ပြတ်တောက်ကျနေသည့်မြို့ ဈေးဆိုင်တွေမဖွင့်နိုင်သေးသည့် မြို့တွင်နေထိုင်ဖို့အခက်အခဲများစွာရှိနေမည်မှာ အသေ အချာဖြစ်သည်။ 

ကော့ကရိတ်မြို့လိုပင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အပိုင်ထဲက ဓမ္မသ ကျေးရွာတွင်လည်း ဒေသခံတွေ ပြန်လာနေထိုင်နိုင်ကြောင်း စစ်ကောင်စီက ကြေညာအသိပေးထားသည်။ အခုလို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်ထားပြီး ပြန်လာနေထိုင်ဖို့ခေါ်ယူခြင်းကိုယုံကြည်ပြီး ပြန်လည် အခြေချနေထိုင်ဖို့ သင့်၊ မသင့်ကိုလည်း လူထုအနေဖြင့် ချင့်ချိန်တွက်ဆကြရမည့်အနေအထားဖြစ် သည်။ ပြန်လည်တိုက်ပွဲဖြစ်ပွားလာခဲ့လျှင်ဆိုသည့်အချက်ကိုလည်း ထည့်သွင်းတွက်ချက်ရမည့်အနေအထားဖြစ်သည်။ 

တော်လှန်ရေးအင်အားစုတွေအနေဖြင့် မြို့သိမ်းတိုက်ပွဲတိုက်ဖို့ ဆုံးဖြတ်ရသည့်အကြောင်းရင်း၊ မဟာဗျူဟာကဘာလဲဆိုသည့်မေးခွန်းလည်း ရှိနေပြီး၊ စစ်စခန်းတွေ၊ စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ တပ်စခန်းတွေထက် မြို့တွေကို ထိန်းချုပ်ထားနိုင်ဖို့ ဘာကြောင့် အဓိကကျသလဲ ဆိုသည့် မေးခွန်းကိုလည်း ကျေနပ်သည့်အဖြေရှိသင့်သည်ဟု မြင်မိသည်။ သို့မဟုတ်လျှင် မြို့တွေ သိမ်းယူဖို့ စိတ်စောနေပြီး သိမ်းယူနိုင်ခဲ့သည့်တိုင်ကြာရှည်ထိန်းချုပ်မထားနိုင်ခဲ့လျင် မြို့ပျက်စီးစေခြင်းသာ ရလဒ်ဖြစ်မည့်အနေအထားကိုလည်း အလေးအနက် ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါသည်။ 

ကျေးရွာတွေလိုပင် မြို့နေလူထုအနေဖြင့်လည်း နေအိမ်တွေ၊ ရိက္ခာ၊ အသက်မွေးဝမ်းကျောင်း လုပ် ငန်းအတွက် လိုအပ်သည့်အရင်းအနှီးပစ္စည်းပစ္စယတွေ အားလုံးဆုံးရှုံးသွားသည့်နောက်တွင် ပြန် လည်ထူမတ်ဖို့ နှစ်ဆယ်နှင့်ချီကြာကောင်း ကြာမြင့်နိုင်ခြင်းကြောင့် လူထု၏အကျိုးကိုကြည့်၍ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်သင့်ကြသည်။ 

မြို့ကိုသိမ်းယူနိုင်ခြင်းသည် စိတ်အားတက်ကြွဖွယ်ရာ၊ သင်္ကေတသဘောအရ ပြယုဂ်သဖွယ်ဖြစ် သည်မှာ အမှန်ပင်ဖြစ်သော်လည်း တဖက်မှ ရန်သူက မြို့ကို သက်မဲ့ဓါးစာခံအနေဖြင့် ဖျက်ဆီးကာ တိုက်ခိုက်မှုကို ခုခံခြင်း မြို့ကိုဖျက်ဆီးခြင်းတို့ကြောင့် မြို့ခံများအနေဖြင့် အလုံးစုံပျက်စီးဆုံးရှုံးကြရသည့်အနေအထားကို သက်ဆင်းကြရသည်။ 

တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင်နေထိုင်နေသည့် မြို့ခံများအနေဖြင့် အသက်ရှင်သန်နေထိုင်ဖို့၊ ပြန်လည်ထူထောင်နိုင်ဖို့ မစွမ်းဆောင်နိုင်လျင် တော်လှန်ရေးလှုပ်ရှားမှုအတွက်လည်း အထောက်အပံ့အကူအညီ ပေးနိုင်ခြင်းမရှိမည့် အနေအထားဖြစ်သည်။ 

ချုံ့ဆိုရလျင် မြို့တွေကို တိုက်ခိုက်သိမ်းယူခြင်းက ဒေသတခုအတွင်း ထိန်းချုပ်ဖို့ ကြိုးပမ်းခြင်း၏ အစ ခြေလှမ်းထက်အဆုံးခြေလှမ်းမျိုး ဖြစ်သင့်ပြီး စစ်ရေး အောင်မြင်မှုထိန်းချုပ်နိုင်မှု အဆင့်အတခုရောက်သည့်အခါမျိုးမှသာ မြို့သိမ်းယူသည့် ရည်မှန်းချက်ကိုပြည့်မြောက်အောင် အကောင် အထည် ဖော်သင့်သည်ဟု ထင်မြင်ယူဆမိပါသည်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar