Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၃ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၃ )

(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၄

24/4/24

Diary in the darkness 


မိုးနည်းနည်းအုံ့တယ်။ 

နိုင်ကျဉ်းဟောင်း သူငယ်ချင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ အသက် ၂၅ ဝန်းကျင် သားနှစ်ယောက်ကို ထိုင်းနိုင်ငံ လွှတ်သင့် မလွှတ်သင့် တိုင်ပင်ကြတယ်။ သားနှစ်ယောက်လုံးက ကွန်ပျူတာ ဂရပ်ဖစ် လုပ်ကိုင်နေကြသူတွေပါ။ တလ သုံးသိန်းဝန်းကျင် ရကြပါတယ်။ အင်္ဂလိပ်စာ အိမ်လိုက်သင်တဲ့ အလုပ်လည်း လုပ်ပါတယ်။ ရတဲ့ဝင်ငွေနဲ့ ချို့ချို့တဲ့တဲ့ နေရပေမယ့် မိသားစု တလုံးတစည်းတည်း နေရတဲ့ ဘဝမို့ သူတို့ နေပျော်ကြပါတယ်။ 

ခုတော့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် သားနှစ်ယောက်ကို ထိုင်းကို လွှတ်ဖို့ မဖြစ်မနေ ပြင်ဆင်ရတာပါ။ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ကုန်ကျငွေ၊ စစ်မှုထမ်းမဲမကျဖို့ လာဘ်ထိုးငွေ၊ ခရီးစရိတ်တွေအတွက် ကုန်ကျငွေကတော့ အိမ်ပေါင်ပြီး စီစဉ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဒီလမ်းကိုပဲ ရွေးရတော့မှာပါ။ ဒီထက်ဆိုးတဲ့ ဘဝတွေ တနိုင်လုံးမှာ ဖြစ်နေကြတာ မဟုတ်လား။ 

ကော့ကရိတ်တိုက်ပွဲမှာ PDF လူငယ်တွေ အကျအဆုံးများတယ် ဆိုတဲ့ သတင်းတွေကြောင့် စိတ်ထိခိုက်ရတယ်။ စောချစ်သူရဲ့ BGF အကူအညီနဲ့ စစ်ကောင်စီတပ်ဟာ ဘုရားသုံးဆူစခန်းမှာ စစ်ကောင်စီ အလံထူလိုက်တယ် ဆိုတဲ့ သတင်းတွေ တက်လာနေပါတယ်။ မြန်မာပြည်က ဒုက္ခသည်တွေအတွက် ထိုင်းက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပေးနေတယ် ဆိုတဲ့ သတင်းတွေလည်း တက်လာပါတယ်။ 

အမေရိကန်ရဲ့ ဒေါ်လာအကူအညီက တော်တော်ခရီးရောက်ပုံရတယ်။  မြဝတီ မှာ လက်နက်ကိုင်အချင်းချင်း လှည့်စားနေသလို အောက်ခြေလက်နက်ကိုင်တွေနဲ့ ကွတ်ကဲနေသူကြား လှည့်စားမှုတွေ ရှိနေပုံရတယ်။ သတင်းသမားတွေနဲ့ ပြည်သူတွေကတော့ အလှည့်စားမခံရအောင်သတိကြီးကြီးထားမှ ဖြစ်မှာပါ။

အရေးကြီးဆုံက မိမိကိုယ်မိမိ မလှည့်စားမိဖို့ အရေးကြီးပါတယ်။ 

နိုင်ငံရေးခေါင်းဆောင်တွေ မိမိကိုယ်မိမိ လှည့်စားမိပြီ ဆိုရင်တော့ တနိုင်ငံလုံး ဒုက္ခတွင်းက ထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ 

ပြောရင်းဆိုရင်း သတင်းပုဒ် တက်လာတယ်။ မြန်မာဘီယာ ကို Keen ဘီယာ လို့ နာမည်ပြောင်းပြီး စစ်တပ်က ဖြန်မလို့တဲ့။ သေနတ်နဲ့ချိန်ပြီး အရောင်းမြှင့်တင်တာတောင် လူထုက အားမပေးတဲ့ ဘီယာပါ။ စစ်တပ်က လူထုကို လှည့်စားလို့ရမယ်ထင်ပြီး သူ့ကိုယ်သူ လှည့်စားနေရှာတယ်။ 

အူကြောင်ကျား နိုင်ငံရေးသမားတွေကိုသာ သူတို့ လှည့်စားလို့ရမယ်။ လူထုကတော့ အမြင်ရှင်းပြီးသား။ သပိတ်မှောက်ကြဦးမှာပါ။


အန်ကယ် တူမီး

24/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar