Breaking News

ဦးဝင်းတင် ပြောပြတဲ့ မသေခင် တွေ့ချင်ရခြင်းအကြောင်း


ဦးဝင်းတင် ပြောပြတဲ့ မသေခင် တွေ့ချင်ရခြင်းအကြောင်း

ရန်နောင် (ဗိုလ်တထောင်) ဧပြီ ၉၊ ၂၀၁၄

(ဟံသာ၀တီ ဦးဝင်းတင် အမှတ်တရ ပြန်လည်တင်ဆက်ခြင်း)


ဘဘ ဦးဝင်းတင်၏ကျန်းမာရေးအခြေအနေက အကောင်းဘက်သို့ ရောက်ရှိနေသည်။

ဘဘဦးဝင်းတင်သည် သူ၏ ၈၄ နှစ်မြောက် မွေးနေ့တွင် ရန်ကုန်အနောက်ပိုင်းရှိ GREEN CROSS ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူခဲ့ပါသည်။

ထိုဆေးရုံတွင် တက်ရောက်နေရာမှ ပိုမိုကြပ်မတ်ကုသမှု ခံယူရန် ဝိတိုရိယဆေးရုံသို့ ပြောင်းရွှေ့ကုသရပြန်ပါသည်။

ဝိတိုရိယဆေးရုံတွင် ကုသစဉ် လိုအပ်ချက်အရ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့ထပ်မံ၍ ပြောင်းရွှေ့ကုသပေးရပါတော့သည်။

အထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ကုသနေရကြောင်း သတင်းကြောင့် လူနာမေးလာသူများသည်လည်း ဆေးရုံကော်ရစ်ဒါတွင် အမြဲ ရှိနေပါသည်။

ဘကြီးမိုးသည်လည်း သက်ကြီးပိုင်းဝင်လာပြီဖြစ်၍ အသွားအလာ အဆင်အခြင်ကိုလည်း အစား အသောက်ကဲ့သို့ ဆင်ခြင်နေရသူ ဖြစ်သည်။

ဘဘဦးဝင်းတင်နှင့် ဘကြီးမိုးသည် ပြောမနာ ဆိုမနာ မိတ်ဆွေသူငယ်ချင်းနှစ်ဦး ဖြစ်ကြသည်။

ဘကြီးမိုးမှာ ရန်ကုန်ဆေးရုံကြီးသို့ လူနာ မေးသွားချင်သော်လည်း လှေကားဆယ့်လေးငါးထစ် တက်ရမည့်ဒဏ်မခံနိုင်ခြင်း၊ ကော်ရစ်ဒါတွင် လမ်းလျှောက်ရာတွင် အတွဲပါမှ အဆင်ပြေခြင်းတို့ကြောင့် တော်ရုံနှင့် လူနာမေး မရောက်ဖြစ်ပေ။

အင်္ဂါနေ့ (၈. ၄.၁၄ ) တွင် အပေါင်းအသင်းအချို့ စောင်မမှုကြောင့် ဘကြီးမိုးတစ်ယောက် ဘဘဦးဝင်းတင်ဆီ လူနာမေး ရောက်ဖြစ်ခဲ့ပါတော့သည်။

သွားသည့်အခါ ဘဘဦးဝင်းတင်အား စောင့်ကြည့်ဂရုစိုက်ပေးနေသူ ဆရာ ၊ ဆရာမ များအတွက် ဘကြီးမိုးက မြီးရှည်ခေါက်ဆွဲ ၊ ရှမ်းခေါက်ဆွဲတို့ကို မောနင်းစတားမှ ဝယ်၍သွားပြီး ကျွေးမွေးခဲ့ပါသည်။

ဘကြီးမိုး ဆေးရုံသို့ ရောက်သောအခါ ဦးဝင်းတင်ကို မှန်ပေါက်မှနေ၍ အတွင်းသို့ ချောင်းကြည့်လိုက်ပါသည်။

ဆရာဝန်ကြီးများ စေတနာပါပါဖြင့် ဂရုစိုက်ကုသပေးနေသည်ကိုလည်း ဘကြီးမိုး တွေ့မြင်နေရပါသည်။

တခဏမျှကြာသော် ဘကြီးမိုး အထဲဝင်ကြည့်ပါဟု ပြောသဖြင့် အထူးကြပ်မတ်ကုသဆောင်ရှိ အခန်းတွင်း ဝင်ရန် သတ်မှတ်ထားသော ဝတ်စုံနှင့် ဖိနပ်အား ဝတ်ဆင်ကာ ဘဘဦးဝင်းတင်ကို ဝင်ရောက်ကြည့်ရှုပါသည်။

ဦးဝင်းတင်က အခန်းတွင်း ပိုက်များတန်းလန်းဖြင့် ရှိနေသည်။

ဘဘဦးဝင်းတင်သည် ဘကြီးမိုးအား တွေ့သောအခါ …

“အေး…ခင်ဗျားကို မသေခင် တွေ့ချင်နေတာဗျာ” ဟု ပြောလိုက်ပါသည်။

ထိုသို့ ပြောလိုက်သောအခါ   ဘကြီးမိုးမျက်နှာ ကွက်ခနဲ ပျက်သွားသည်၊

ထို့နောက် စိတ်မကောင်းသော မျက်နှာဖြင့် ဘဘဦးဝင်းတင်ကို ဆက်ပြီး ကြည့်နေမိသည်ဟု ဆိုသည်။

ထို့နောက် ဒီလိုလည်း မဟုတ်သေးပါဘူး ဘာညာဖြင့် အားပေးစကားပြောရန် အနားသို့ ဘကြီးမိုးတိုးသွားသည်။

“ကျုပ်က ခင်ဗျား မသေခင် တွေ့ချင်တယ်လို့ ပြောတာပါ။ တခြားမတွေးပါနဲ့” ဟူသော ဦးဝင်းတင်က ဆိုလိုက်တော့မှ  ဘကြီးမိုး  ရယ်နိုင်ပါတော့သည်။

ဘကြီးမိုးကို တွေ့သည်နှင့် မလွှတ်တမ်း လက်ကိုဆုပ်ကိုင်ကာ စကားများ ရေပက်မဝင်ပြောနေပါတော့သည်။

ဆရာမများကလည်း လူနာအား မမောစေလိုသဖြင့် ဘကြီးမိုးကို ပြန်စေချင်သည့်ပုံ ရှိနေသည်။

ဘဘဦးဝင်းတင်ကလည်း သူ ပြန်လည်ထူထောင်လာကြောင်း ပြသချင်နေသည်။

ဘကြီးမိုးက …  ခင်ဗျားဟာ ဘာလဲဟဲ့ လောကငရဲ ဦးဝင်းတင်အစစ်ပါပဲဗျာ။ ကျုပ်ကို ဒီလိုနောက်နိုင် ၊ ပြောင်နိုင်တာကို ဂုဏ်ယူပါတယ်ဗျာဟု မှတ်ချက်ပြုလိုက်သည်။

ဘဘဦးဝင်းတင်က ချောင်းဟန့်နေရပုံအကြောင်းကိုလည်း ပြောသေးသည် ဆို၏။

“ကျုပ် … တနေ့ကို အဟမ်း အဟမ်း ထွီ ဆိုပြီး လုပ်တယ်ဗျ။  အဟမ်း အဟမ်းကတော့ ချောင်းဟန့်တာပေါ့ဗျာ၊  ထွီဆိုတာကတော့ စစ်အစိုးရကို ရွံလို့ဗျာ”

(ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှ လူကြီးနှစ်ဦး၏ အပြန်အလှန်ပြောစကားများအကြောင်းကို ဖောက်သည်ချလိုက်ပါသည်။)

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar