Breaking News

ဆလိုင်းနံရံ - ရှေ့သို့တိုးခြင်း

ရှေ့သို့တိုးခြင်း
ဆလိုင်းနံရံ
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၄


အသက်ကို တနာရီချင်း၊ တရက်ချင်းအတွက်ပဲတွေးရင်း ရှင်သန်နေကြတဲ့လူတွေလို့ သူတို့မျက်နှာတွေကြည့်ရင် အဲ့ဒီလိုခံစားရတယ်။ မျှော်လင့်ခြင်းများများစားစားမရှိတဲ့၊ မထားကြတော့တဲ့ လူတွေပါ။ ဒီနေ့ဟာဘာမှမဖြစ်ပဲ ပုံမှန်နေ့ရက်ကလေးလိုပြီးလိုက်ရင်တောင် မနက်ဖြန်လည်း ဒီအတိုင်းဖြစ်မယ်လို့ ကြိုတွေးထားလို့မရဘူး။ တရက်တရက်အတွင်း ပြောင်းလဲမှုကြီးတွေပဲ ဆက် တိုက်ကြုံလာခဲ့တဲ့ပတ်ဝန်းကျင်လို့ပဲ ပြောရမယ်။ 

လွန်ခဲ့တဲ့ ၆ လ ကျွန်တော်ရောက်လာတုန်းကလူနေအိမ်တွေနဲ့ အခုမြင်ရတဲ့လူနေအိမ်တွေဟာ သိပ်ကွာခြားသွားတာမရှိတဲ့နေရာတွေလည်း ရှိသလို တချို့နေရာတွေကျ ပြာပုံဖြစ်နေတာတွေအများကြီးပဲ။ နောက်တခုက ဒီဒေသက လူတွေရဲ့သွားလာလှုပ်ရှားပုံတွေ မျက်လုံးတွေကလည်း တခြားဆီဖြစ်သွားပြီ။ ကြည့်သူရဲ့မျက်လုံးကပဲ မလုံခြုံစိတ်ပိုများသလား၊ မြင်ရတဲ့အရာတွေကပဲ မလုံခြုံကြတာလား။ သေချာတာကတော့ မလုံခြုံတဲ့ခံစားချက်နဲ့ အကြောက်တရားတွေ၊ သံသယမျက်လုံးတွေ လူတိုင်းဆီမှာရှိနေတာပါပဲ။

“ဘယ်လဲကြီးတော်” ဆိုပြီး ကျွန်တော်မနက်စာ စားနေတဲ့ဆိုင်ရဲ့ဆိုင်ရှင်က ရေးကြီးသုတ်ပြာသွားနေတဲ့အန်တီကြီးကို လှမ်းမေးလိုက်တယ်။ အန်တီကြီးကလည်း ဟိုလူတွေ ဆင်းလာကြတယ်တဲ့။ ရှောင်မှရမယ်။ ညည်းတို့လည်း ရှောင်ဖို့လုပ်ထားကြပါတဲ့။ 
စစ်ကိုင်းတိုင်းအတွင်း ခရီးတထောက်နားနေတဲ့နေရာက အခိုက်အတန့်တနေရာအကြောင်းပါ။

မနေ့က ကားစပါယ်ရာသမားကတော့ ပြောထားပြီးသား။ အခြေအနေမကောင်းလောက်ဘူးထင်တယ်ဆိုပြီး မျက်နှာပျက်ပျက်နဲ့ပြောနေတာ။ ဒီနေရာမရောက်ခင်လေးမှာ စစ်ကိုင်းတိုင်း၊ မြင်းမူတနေရာမှာ ကျနော်ညအိပ်တယ်။ မနက်အိပ်ရာနိုးလာပြီး နည်းနည်းဆက်သွားတော့ ပုလဲမြို့မှာ မနက်စာစားတယ်။ ဖုန်းတချက်စစ်လိုက်တော့ အင်တာနက်လိုင်းမရတော့ဘူးဆိုတာ သိလိုက်တယ်။ တောင်ပေါ်ခရီးအတွက် ခရီးက သုံးပုံနှစ်ပုံလောက် လာခဲ့ကြပြီ။ မင်းတိုင်ပင်အရောက်မှာ ကားတွေလမ်းဘေးရပ်လိုက်ပြီး ခရီးဆက်သွားဖို့မသင့်တော်သေးတဲ့အကြောင်း ကားဆရာပြောလို့ နားကြတယ်။ စစ်ကြောင်းရှိလို့ဆိုပြီး ပြောတယ်။ ဂန့်ဂေါဖက်က စစ်သားတွေဆင်းလာကြတဲ့သတင်းကြောင့်ပေါ့လေ။

ကျွန်တော်တို့နဲ့အတူ ခရီးသည်ထဲမှာတော့ နေမကောင်းသူတွေ၊ မိန်းမကြီးတွေနဲ့ လူငယ် ၃-၄ ယောက် စုစုပေါင်း ၂၀ လောက်ပါတယ်။ ကျွန်တော်တို့ ကားရပ်နားထားရာ နေရာနားမှာ ကုန်တင်ကားကြီးတွေလည်း ရပ်ထားတာ တွေ့ရတယ်။ သူတို့ကတော့ အေးဆေးပဲ။ သူတို့က ခေတ်ကြီးဘယ် လိုဖြစ်ဖြစ် မရရအောင် သွားနေကြသူတွေဖြစ်တယ်။ ကိုဗစ်ဖြစ်ကတည်း က ခရီးသွားလာရ တော်တော်ခက်သွားပေမယ့် ကုန်တင်ကားမောင်းသူတွေကတော့ အဲ့ဒီကတည်းကလည်း အမြဲမပြတ်သွားလာနေကြသူတွေပါ။ အာဏာသိမ်းမှုဖြစ်ပြီးကတည်းကလည်း မရရအောင် သွားနေကြတာပါပဲ။ စားကုန်သောက်ကုန်တွေမပြတ်ခဲ့တာတွေအတွက်တော့ ကျေးဇူးတင်ရတဲ့လူတွေပေါ့။ သူတို့ကို ခုလိုပိတ်မိနေကြတဲ့ခရီးလမ်းမှာ ကျနော်ဆုံခဲ့ရတယ်။

မင်းတိုင်ပင်မှာ တရက်အိပ်ပြီး နောက်မနက်တော့ သတင်းဆိုးတခုထပ်ကြားရတယ်။ ဂန့်ဂေါက ဆင်းလာတဲ့စစ်ကြောင်းအပြင် ပုလဲဖက်ကပါ ခြေလျှင်နဲ့စစ်ကြောင်းထွက်လာပြန်တဲ့ သတင်း။ ပတ်ဝန်းကျင်ကလူတွေရဲ့လှုပ်ရှားမှုတွေ၊ သူတို့ရဲ့မျက်နှာတွေ မျက်လုံးတွေ၊ အကုန်ပြောင်းလဲသွားတာကိုတွေ့လိုက်တော့ ကျွန်တော့်ကိုပါ အဲ့ဒီခံစားချက် ကူးသွားတော့တယ်။ ခံစားချက်က ငယ်ငယ်ကကြည့်တဲ့သိုင်းကားတွေထဲမှာ လူတွေနေတဲ့နေရာကို မကောင်းဆိုးဝါးတိမ်မည်းကြီးတွေနဲ့ ချဉ်း ကပ်လာချိန် ရွာထဲမှာ ဖြစ်ပျက်နေကြတဲ့ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်ပဲ။ ဟုတ်တယ်၊ လူတွေဟာအထုပ်ကိုယ်စီသယ်သူသယ်နဲ့ ပွေ့သူပွေ့နဲ့ တနေရာရာကို ရှောင်ဖို့ပြင်ဆင်နေကြတယ်။ လူမဆန်တဲ့၊ ရောက်တဲ့နေရာတိုင်း တွေ့ကရာလူတွေကို ဖမ်း၊ သတ်တဲ့အပြင် အိုးအိမ်တွေမီးရှို့ဖျက်ဆီး၊ စား စရာတွေဖျက် ဆီး၊ မွေးထားတဲ့တိရစ္ဆာန်တွေကို သတ်စား၊ အဖိုးတန်ပစ္စည်းတွေ ယူလေ့ရှိတဲ့လူတွေမှန်း သူတို့က သတင်းတွေမဖတ်ရ၊ ဓာတ်ပုံတွေမတွေ့ရပါပဲ သိနေကြပြီလေ။ သိဆို အဲ့ဒီအကြောင်းသတင်းကနေ ဖတ်ရ သိရတာတွေကကို သူတို့က လက်တွေ့ကြုံနေရတဲ့လူတွေကိုး။

ကမ္ဘာကြီးမှာ ဘာဖြစ်နေတာလဲ၊ ကုလသမဂ္ဂက ဘာရှုတ်ချ၊ ဘာဝမ်းနည်းကြောင်းတွေ ပြောနေသလဲ၊ နိုင်ငံတကာမှာ ဘယ်လိုတင်းမာမှုတွေဖြစ်နေတယ်၊ မြန်မာပြည်ရဲ့မြောက်ပိုင်း၊ အနောက်ပိုင်းတွေမှာ ဘယ်လိုဖြစ်နေတာလဲဆိုတာတွေ၊ မြန်မာပြည်မှာအမြဲတွေ့ရတဲ့ အညှီနံ့ထောင်းထနေတဲ့အနုပညာလောက ခပ်ပေါပေါပဲပဲသတင်းတွေ၊ အပြန်အလှန်ဆဲဆိုပွဲဖြစ်နေကြတဲ့ ဆိုရှယ်မီဒီယာကလူတွေအကြောင်း သူတို့ခေါင်းထဲမှာမရှိဘူး။ မရှိဆို အင်တာနက် အဖြတ်ခံရတာ၊ ကမ္ဘာကြီးနဲ့အဆက်ဖြတ်ခံရတာကြာပြီ။သူတို့အတွက်လည်း သိပ်အရေကြီးဟန်မပေါက်ပါဘူး။ ဒီ့နောက်ပိုင်း အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ပေမယ့် သူတို့ကတော့ ရွာနားမှာ ဘာဖြစ်တော့မယ်၊ ရှောင်ရမယ်ဆိုတာလောက် လူလူချင်းသတင်းပါးရင်းနေ ထိုင်နေကြတယ်။ မနက်ခင်းရောက်လာပြီဆိုရင် လမ်းပေါ်လူတွေတဖြည်း ဖြည်းချင်းထွက်လာပြီး အသက်ရှင်ဖို့သွားလာလှုပ်ရှားနေကြတယ်။ အဲ့ဒီနောက် ညနေချိန်တွေရောက်လာပြီဆို လမ်းပေါ်ကနေ တဖြည်းဖြည်းလူတွေပြန်ပျောက်ပျောက်သွားပြီး ချောက်ချားဖွယ် ပြန်ခြောက်ကပ်သွားတယ်။ သိပ်မလုံခြုံတော့တဲ့အငွေ့အသက်က ညနေအလင်းမှိန်လေ ပိုဆိုးလေဖြစ်နေတယ်။ လမ်းဘေးထမင်းဆိုင်လေးတွေကတော့ မဖွင့်တာတော် တော်ကြာနေပုံပေါက်တယ််။ တချို့က ဆိုင်နာမည်လေးတွေရှိသေးတယ်။ ဒါပေမယ့် ဆိုင်က ပုံစံပျက်နေပြီး ဖုန်တွေတက်နေတယ်။ ဒါကလူဦးရေအတော်အတန်ရှိတဲ့မြို့တမြို့မှာဒီလိုဖြစ်ပျက်နေတာပဲ။

ဒီဒေသကိုဖြတ်ပြီးခရီးသွားရင် ကျေးရွာတချို့ဟာ အိမ်အနည်းငယ်ပဲကျန်နေပြီး ကျန်တာပြာပုံတွေဖြစ်သွားကြတာ အများကြီးပဲ။ တခါခရီးသွားတုန်းကဆိုရင် စစ်ဘေးရှောင်လာတဲ့လူအုပ်စုကြီးနဲ့ တိုးဖူးတယ်။ သယ်လို့ရသမျှ သယ်လာကြတယ်။ ဒါပေမယ့် ပစ္စည်းများများစားစားသယ်လာနိုင်သူတော့မရှိဘူး။ ဒီလိုယာယီရှောင်ရတယ်ထင်ရပေမယ့် တချို့လူတွေကပြန်စရာအိမ်မရှိတော့တာမျိုးအထိဖြစ်သွားလေ့ရှိတယ်။ အသက်ဘေးကင်းဖို့ ပိုအရေးကြီးလို့သာ မဖြစ်မနေထွက်လာကြရတယ်။ တသက်လုံးရှာဖွေစုဆောင်းလာခဲ့ကြတဲ့ဉစ္စာပစ္စည်းတွေကို ချန်ထားရတာ။ ဒီလူအုပ်စုကြီးရဲ့နောက်ဆက်တွဲဘဝတွေက မတွေးရဲစရာပါပဲ။

ညနေရောက်လာချိန်မှာတော့ ကျွန်တော်ညအိပ်ဖို့ စီစဉ်ရတော့မယ်။တခြားခရီးသည်တော်တော်များများကတော့ တခြားလမ်းကြောင်းကနေ ခရီးဆက်ဖို့ရွေးချယ်သွားကြတယ်။ ကျွန်တော်တစ်ယောက်ရယ် တောင်ပေါ်ကကားနဲ့ကုန်ပစ္စည်း လဲဖို့စောင့်တဲ့ ကားဆရာရယ်ပဲ လာရာလမ်းအတိုင်း ပြန်လှည့်ဖို့ကျန်ခဲ့တယ်။ မင်းတိုင်ပင်ကနေ ပုလဲကိုပြန်လှည့်လာတယ်။ ပုလဲကိုအဖေ့မိတ်ဆွေအချိတ်အဆက်နဲ့ အိမ်တအိမ်မှာအိပ်ဖို့ပထမစီစဉ်ထားတယ်။ ဒါပေမယ့် တကယ့်တကယ်က လူ စိမ်းတယောက်၊ လူငယ်တစ်ယောက်ကို သူတို့ညအိပ်လက်ခံဖို့ဆိုတာ အန္တရာယ်သိပ်ကြီးတယ်။ အန်တီကြီးက အားနာနာနဲ့ ကျွန်တော့်ဆီလာတယ်။ အကူအညီတောင်းထားတာဆိုတော့ သူ့အနေနဲ့ငြင်းရခက်ပုံရလို့ ကျွန်တော့်ဆီကိုတော့မရရအောင် လာခဲ့တယ်။ အပြန်အလှန် သူမနိုင်ကိုယ်မနိုင်အနေအထား၊ အချိန်မရွေး ဘာမဆိုဖြစ်နိုင်နေတဲ့မြို့ကလေးမှာ သူစိမ်းတယောက်အိပ်လို့ရမယ့်နေရာထိုင်ခင်းတော့ စီစဉ်ပေးသွားပါတယ်။

မနက်မိုးလင်းလာတော့ လူတွေဟာတဖြည်းဖြည်း လမ်းပေါ်ပြန်ထွက်လာကြတယ်။ ၇ နာရီကျော်လောက်မှာ မနေ့ကအန်တီကြီးက ကျွန်တော့်ကို မနက်စာစားဖို့ လာခေါ်တယ်။ သူတို့ကိုယ်တိုင် သုပ်ထားတဲ့ခေါက်ဆွဲသုပ်၊ကော်ဖီ၊ ရေနွေးကြမ်း တိုက်တယ်။ သူ့အဖေနဲ့အမေ၊ အဘိုးနဲ့အဘွားကြီးရယ်၊ သူ့မောင်နှမတသိုက်ရယ်၊ သူတို့ကလေးတွေရယ်နဲ့ ကျွန်တော့်ကို ဖော်ဖော်ရွေရွေ စကားတွေပြောကြဧည့်ခံကြတယ်။ မပြန်ဖြစ်သေးရင် နေ့လည်ခင်းကတော့ သူတို့နဲ့နေဖို့၊ သူတို့နဲ့အတူထမင်း စားဖို့ခေါ်ကြတယ်။ တကယ်နွေးထွေးတဲ့မိသားစုလေးပါပဲ။ ဒီမြို့ကလေးကတော့စစ် ကြောင်းထိုးဖို့စထွက်လာတဲ့မြို့ကလေးမို့ စစ်ဘေးတော့မရှောင်ရဘူး။စစ်ကြောင်းထွက်တဲ့လူတွေလည်း ရွာတရွာကိုရောက်နေကြပြီဆိုတဲ့သတင်းလည်းကြားရတယ်။ ဘယ်ချိန် ဘာသတင်းတွေကြားရမလဲဆိုတဲ့စိတ်ကအမြဲရှိတယ်။ သေချာတာက သူတို့စစ်ကြောင်းထိုးရင် တိုက်ပွဲကြီးကြီးမားမားတွေဖြစ်ဖို့သေချာတယ်။ အရေးနိမ့်လာရင်လည်း ကျေးရွာတွေမီးရှို့ဖျက်ဆီးကြမှာလည််းသေချာတယ်လေ။

ကျွန်တော်လည်းကိစ္စတခုအတွက် ချင်းတောင်အချိန်မီရောက်ဖို့မသေချာတော့တဲ့အနေအထားမှာ ရန်ကုန်ဖက်ကို ပြန်လှည့်ဖို့ဆုံးဖြတ်လိုက်တယ်။မပြီးသေးတဲ့အလုပ်တချို့ကို အပြီးသတ်ရမယ်။ ထွက်လာတုန်းက ပြန်ချင်လွန်းတဲ့စိတ်နဲ့ထွက်လာခဲ့ပေမယ့် ဒီတခေါက်ကသွားရလာရ တော်တော်ကြီးခက်တဲ့အပြင် လမ်းမှာ ဘယ်နှစ်ညဆက် အိပ်ချင်အိပ်ရမလဲမသိတဲ့အနေအထားကို သဘော ပေါက်တော့ လုပ်စရာကိစ္စကိုပဲ အမီလုပ်နိုင်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။

တဝက်တပျက်နဲ့အားလုံး ဟိုမရောက်ဒီမရောက်အကုန်ဖြစ်မှာ စိုးရိမ်တာကြောင့်သာ သုံးပုံနှစ်ပုံကျော်ခရီးရောက်ပြီးသားကို ပြန်လှည့်ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရတယ်။ ဘယ်အရာဖြစ်ဖြစ် ခရီးမတွင်ပဲ အစကပဲပြန်ပြန်စနေကြရတဲ့ ဘဝမဖြစ်ဖို့ အရေးကြီးတယ်။ နိုင်ငံတော်ကြီးကိုပဲ ကြည့်လိုက်တော့။ ဒီတခါတော့ ဘာပဲဖြစ်ဖြစ် အစကပြန်ပြန်စရတဲ့ဘဝ မဖြစ်စေချင်တော့ဘူး။ ဒီခရီးဟာ နှေးရင်နှေးမယ် မြန်ချိန်ရှိရင် ရှိမယ်။ တိကျတဲ့လမ်းကိုရွေးပြီးပြန်၊ ပြန်စစရာမလိုတဲ့အရွေ့ဖြစ်ဖို့ကိုပဲ ဆုတောင်းမိတယ်။ အဲ့ဒီလိုနဲ့ကျွန်တော်လည်း ဘဝအသစ်ကပြန်ပြန်စမယ့်အရေးထက် ခရီးကိုလမ်းကြောင်းလှည့်လိုက်မိတယ်။ ရွေးချယ်ထားတဲ့ဘဝလမ်း ကြောင်းတခုကိုရှာတွေ့ရင် ခရီးနောက်တကြိမ်ပြန်သွားလို့ရတယ်။ ဘဝတွေကတော့ အသစ်ကပြန်ပြန်စလို့မရဘူးလေ။

နေ့ခင်းမို့ လာတုန်းက ညအမှောင်မှာဖြတ်ခဲ့တဲ့လမ်းတွေကို အထင်းသားတွေ့ရတယ်။ လမ်းတလျှောက် မိုင်းပေါက်ရာတွေချည်းပဲ။ စစ်ကိုင်းတိုင်းက မိုင်းထောင်ပြီး စစ်ကြောင်းတွေကို တိုက် ခိုက်ရာမှာ နာမည်ကြီးပဲမဟဟုတ်လား။ လမ်းတွေထက် လူထုရဲ့လွတ်မြောက်လမ်းက ပိုအရေး ကြီးတဲ့အကြောင်း သက်သေတွေပေါ့။ တကယ်တော့ နိုင်ငံတော်ကြီးက သူထဖောက်ချင်တိုင်း ထထဖောက်လို့ရတဲ့ ဗိုင်းရပ်စ်ပိုးရောဂါရနေတဲ့ရောဂါ သည်ပါပဲ။ ပြဿနာအရင်းအမြစ်ကို တခါတည်းလည်း ခွဲစိတ်ခန်းဝင်ပြီးဖြတ်ထုတ်လို့မရခဲ့၊ တဖြည်းဖြည်းကုသပေးရမှာလည်း ဆေးပညာဘာသာ ရပ်စကားထဲကပြောရရင် secondary infection ကိုကုသဖို့ကြိုးစားနေချိန် ရောဂါအရင်းမြစ်စစ်ဗိုင်းရပ်စ်ပိုးက ပြန်ထသွားတာပါပဲ။ ရောဂါအရင်း အမြစ်ကုသမှုကို ခံယူမှရမယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ရောဂါ covid-19 တောင် mask ကလေးတပ်လိုက်၊ လူတွေစည်းကမ်းတကျနဲ့နေလိုက်နဲ့ရောဂါကူးခံရရင် စနစ်တကျနဲ့ဖြစ်တဲ့ဝေဒနာအလိုက်ကုသပေးရင်း ထိန်းရင်းနဲ့ နောက်ကွယ်မှာတော့ ကာကွယ်ဆေးဖော်ထုတ်တာကိုပဲ အင်တိုက်အားတိုက်လုပ်ခဲ့ကြတာပဲမလား။ ဒီလိုလမ်း ကြောင်းမှန်မှုက အနာဂတ်မှာ ကိုဗစ်ရောဂါဟာ ကြောက်စရာမလိုတော့တဲ့ လူသားတွေက အနိုင်ယူသွားမယ့်ရောဂါဖြစ်သွားမှာပဲ။ အသစ်က ပြန်ပြန်စစရာမလိုတဲ့ဘဝကိုရောက်ဖို့က လိုအပ်ရင် ခဏတာပြန်လှည့်သွားရတဲ့ခရီးအတွက် နည်းနည်းမှဝမ်းနည်းစရာ ဖြစ်ဖို့မလိုတော့ဘူး။ ကျွန်တော်တို့ သင်ခန်းစာယူစရာတွေယူရင်း အဖြစ်အပျက်အားဖြင့် ခရီးနောက်ပြန်ပေမယ့် ဘဝအားဖြင့်ရှေ့ ဆက်သွားတာပါပဲလေ။ ရောဂါအရင်းအမြစ် အရှင်းပျောက်မှုကသာ အရေးပါတာပါ။

ကျွန်တော်နဲ့အတူသွားတဲ့လူတွေဟာ ချင်းတောင်ကိုချောချောမွတ်မွတ်ရောက်သွားကြတဲ့သတင်း ရပါတယ်။ ကျွန်တော်လည်း အချိန်မီပြန်လှည့်နိုင်ခဲ့တဲ့အတွက် ရွေးထားတဲ့လမ်းကြောင်းပေါ်နောက်တဆင့်ရောက်နိုင်တဲ့အတွက် ဘဝအသစ်ကပြန်စရမယ့်အခြေအနေကနေလွတ်ပြီး ရှေ့တိုးတဲ့ဘဝကို ရောက်ရှိခဲ့ပါတယ်။ နောက်တခေါက်ဆို ဘဝခရီးရော၊ လမ်း ခရီးရောတွင်မယ့်ခရီးကိုလျှောက်ဖို့ အဆင်သင့်ဖြစ်သွားခဲ့ပြီ။ 

ဒီနိုင်ငံအတွက်ကျွန်တော့်ဆုတောင်းကတော့ အစကနေ ပြန်ပြန် မစတော့ဖို့ပါပဲ။ လမ်းကြောင်းအရ နောက်လှည့်ခြင်းကသိပ်မကောင်းပေမယ့် နိုင်ငံ ရေးအရရှေ့ တိုးခြင်းဖြစ်ဖို့တော့ မျှော်လင့်မိတယ်။

ရန်ကုန်ဖက်ပြန်လှည့်တဲ့နောက် လိုင်းပြန်ရတာနဲ့ စစ်ကိုင်းတိုင်းရဲ့တိုက်ပွဲသတင်းတွေဖတ်ရပါတော့တယ်။ သတင်းအနေနဲ့ဖတ်လိုက်ရချိန်မှာ အဲ့ဒီနေရာက ပြည်သူတွေရဲ့မလုံခြုံတဲ့ခံစားချက်တွေ၊ ဖုံးဖိထားလို့မရတဲ့မျက် လုံးတွေကို မြင်ယောင်လာတယ်။ သူတို့ဘေးကင်းပါစေကြောင်းလည်း စိတ်ထဲက တီးတိုးရေရွတ်ဆုတောင်းမိတယ်။

ဆလိုင်းနံရံ
Jan,2022
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar