Breaking News

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ၆ လအကြာ အနေအထား

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၄ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၅ ၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ၆ လအကြာ အနေအထား 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်စောစောတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်တွေရဲ့ စစ်စခန်းတွေနှင့် လမ်းမကြီးတွေပေါ်က စစ်ဆေးရေးဂိတ်တွေကို မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဟု အမည်ပေးထားသည့် လက်နက်ကိုင် ၃ ဖွဲ့က တိုက်ခိုက်မှုကို စတင်ခဲ့သည်အချိန်ကို ပြန်လှည့်ကြည့်လျင် ၆ လပြည့်ရန် ရက်အနည်းငယ်သာ လိုပါတော့သည်။ 

အဆိုပါ ၆ လအတွင်း မြန်မာနိုင်ငံအတွင်း စစ်ရေး နိုင်ငံရေး၊ စီးပွားရေး၊ အာဏာချိန်ခွင်လျှာ ဘာတွေ ပြောင်းလဲသွားခဲ့ပါသလဲ။ လူထုရဲ့ စားဝတ်နေရေး၊ အသက်ဘေးလွတ်မြောက်ရေး စတဲ့အခြေအနေတွေရော ဘာတွေ ပြောင်းလဲလာခဲ့ပါသလဲ။ နိုင်ငံတကာကရော မြန်မာ့အရေးကိစ္စကို ဘယ်လောက် အရေးစိုက်လာကြပါသလဲ။ 

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ နောက်ပိုင်း စစ်ရေးချိန်ခွင်လျှာ သိသိသာသာ အပြောင်းအလဲဖြစ်လာခဲ့သည့် အချက်ကိုတော့ အငြင်းပွားစရာမရှိအောင် အများက လက်ခံထားပြီး ဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ကိုးကန့်ဒေသ၊ တအန်းပလောင်ဒေသ၊ ရှမ်းလူမျိုးတွေ ပလောင်လူမျိုးတွေ နှင့် ကချင်လူမျိုးတွေ အတူနေထိုင်ကြသည့် ကွတ်ခိုင်၊ နမ့်ခမ်းလို ဒေသတွေမှာ စစ်ကောင်စီ တပ်စခန်းတွေ၊ စစ်ကောင်စီရဲ့ စကခ၊ ဒကစ အစရှိသည့် အတိုကောက်နာမည်များဖြင့် ခေါ်ဆိုကြသည့် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စသည့် စခန်းတွေ၊ ဗိုလ်မှူးချုပ် ရာထူးအဆင့်ရှိသည့် စစ်ဗိုလ်ချုပ်တွေ တိုက်ပွဲမှာ သေဆုံး၊ လက်နက်ချ၊ ဖမ်းဆီးခံရတာတွေ အဆိုပါ ဒေသများတွင် အောက်တိုဘာ ၂၇ ရက်နေ့နောက်ပိုင်း ဖြစ်ပွားခဲ့သည်။ 

စစ်ကောင်စီတပ်တွေက အထင်အမြင်သေးခံခဲ့ရသော၊ ပြောက်ကျား စစ်ဆင်ရေးမျိုးသာ ဆင်နွှဲနိုင်သည်ဟု မှတ်ယူခြင်းခံထားရသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက နေရာယူစစ်ဆင်ရေး၊ မြို့တွေ ဗျူဟာစခန်းတွေကို သိမ်းယူသည့် စစ်ဆင်ရေးတွေကို နေရာအတော်များများမှာ တပြိုင်နက်ထည်း စတင်ခဲ့ပြီး မြေပြင်က စစ်ကူလာရောက်နိုင်မည့် လမ်းကြောင်းတွေမှာ တံတားတွေ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းတို့ဖြင့် စစ်ကောင်စီ အခြေစိုက်စခန်းတွေ၊ မြို့တွေကို လအနည်းငယ်အတွင်း ဆက်တိုက်ဆိုသလို သိမ်းယူနိုင်ခဲ့ကြသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအစပိုင်း ၂/၃ လအတွင်းမှာပင် စခန်းပေါင်း ရာကျော်နှင့် မြို့၁ ဒါဇင်နီးပါး သိမ်းယူနိုင်ခဲ့သလို တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တွင် အချက်အချာကျသည့် ချင်းရွှေဟော်လို မြို့နှင့် စခန်းကို သိမ်းယူခဲ့သလို မူဆယ်-ကျယ်ဂေါင် မြို့ နယ်စပ်ကုန်သွယ်ရေး စခန်း ဆက်လက်လုပ်ဆောင်လို့မရတော့အောင် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တို့ကို သိမ်းယူခဲ့သည်။ 

မူဆယ်မြို့ ကို သိမ်းယူနိုင်ခြင်း မရှိခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှ မြို့တွေ၊ စခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှ သိမ်းယူနိုင်ခဲ့ပြီးဖြစ်ကာ နယ်စပ်ကုန်သွယ်ရေး လုပ်လို့ မရတော့သည့် အနေအထားကျရောက်ခဲ့သည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် ၄င်းတို့ရဲ့ နယ်မြေများ အားလုံးကို သိမ်းယူနိုင်ခဲ့သည့် အပြင် ထိစပ်နေသည့် သိန္နီမြို့လိုမျိုးကိုပင် သိမ်းယူထားနိုင်သည့် အနေအထားဖြစ်သည်။  နယ်စပ်ကုန်သွယ်ရေး အနေဖြင့် ချင်းရွှေဟော်နယ်စပ် စခန်းကို သိမ်းယူနိုင်ခဲ့သော်လည်း ကိုးကန့်ဒေသနှင့် ကျန်ပြည်တွင်းဒေသများသို့ ဆက်သွယ်ထားသည့် လားရှိုး၊ မန္တလေး၊ သိန္နီ ပြည်ထောင်စုလမ်းလိုမျိုးက စစ်ရေးအရ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဖြတ်တောက်ထားသည့် လမ်းပိုင်းဖြစ်နေသဖြင့် မျှော်လင့်သလို နယ်စပ်ကုန်သွယ်ရေး ဖြစ်ထွန်းလာခြင်း မရှိသေးပဲ အခွန်အကောက် ကောက်ခံရဖို့ အခြေအနေမရှိသေးပေ။ 

၁၀၂၇ စစ်ဆင်ရေးတွင် တအန်းလွတ်မြောက်ရေး TNLA အနေဖြင့် မျှော်လင့်ထားသည်ထက် နယ်မြေ ပိုသိမ်းယူနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ နမ့်ခမ်းလို နယ်စပ်မြို့၊ နမ့်ဆန်လို ရုံးစိုက်ရာမြို့၊ ကွတ်ခိုင်လို တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြို့တွေကို သိမ်းယူထားနိုင်ပြီး အုပ်ချုပ်ရေး စတင်လည်ပတ်နိုင်သည့် အနေအထားဖြစ်သည်။ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင် နမ့်ဆန် အစရှိသည့် မြို့တွေက TNLA လက်အောက်မှာ ဖြစ်သည်။ ယင်းဒေသများတွင် နေထိုင်ကြသည့် အခြားသော တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည့် ရှမ်း၊ ကချင် တို့အနေနှင့် ၄င်းတို့ဒေသကို ၄င်းတို့လူမျိုးစု လက်နက်ကိုင်များ အုပ်ချုပ်သည်ကို လိုချင်ကောင်း လိုချင်ကြမည် ဖြစ်သော်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မြန်ဆန်ဆန် တိုက်ခိုက်ကာ မြန်မြန်ဆန်ဆန် သိမ်းယူခဲ့ကြသဖြင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေဖြင့် လက်ရှိအနေအထားတွင် စောဒက တက်ခြင်း သို့မဟုတ် အငြင်းပွားခြင်း ဖြစ်သင့်သည့် အနေအထားမဟုတ်ကြ။ 

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး၌ တပ်အင်အားနှင့် ပါဝင်တိုက်ခိုက်ခဲ့သော်လည်း ၄င်းတို့၏ နယ်မြေ အခြေစိုက်သည့် ဒေသမဟုတ်ခြင်းကြောင့် မည်သည့် နယ်မြေဒေသကိုမျှ ထိန်းချုပ်စိုးမိုးခြင်း မရှိသည့် အဖွဲ့မှာ Arakan Army ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တလကျော်အကြာတွင် ရခိုင်ပြည်နယ် အစပ် ချင်းပြည်နယ် အဆုံး ပလက်ဝ ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်း၊ ဗျူဟာစခန်းတွေကို စတင်တိုက်ခိုက်ခဲ့သည်။ တပြိုင်နက်ထည်း ရခိုင်ပြည်နယ် မြောက်ပိုင်းထဲက စစ်တွေနှင့် သိပ်မဝေးသော ပေါက်တောကိုလည်း တချိန်ထည်းမှာ တိုက်ခိုက်ပြီး စစ်မျက်နှာကို ၂ နေရာမှ စတင်ဖွင့်လှစ်ကာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ ၃/၄ လခန့်အကြာတွင် မြို့အတော်များများ AA က သိမ်းယူနိုင်ခဲ့ပြီးဖြစ်ကာ ရည်မှန်းချက် အနေနှင့် ရခိုင်ပြည်နယ် နယ်မြေတခုလုံးမှ စစ်ကောင်စီတပ်တွေကို ဖယ်ရှား အနိုင်ယူမည့် သဘောမျိုးတွေ့မြင်နေရသည်။ စစ်တွေမြို့ကို တိုက်ခိုက်ခြင်း မရှိသေးသည့်တိုင် ရခိုင်ပြည်နယ်၏ စစ်ဌာနချုပ်အခြေချသည့် အမ်းမြို့ ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ကြိုးစားနေသည့် အနေအထားဖြစ်သည်။ 

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးများကို တရုတ်နိုင်ငံကူမင်းမြို့တွင် ကျင်းပသည့် အပစ်ရပ်ရေး ဆွေးနွေးပွဲများက မြောက်ပိုင်း ညီနောင် ၃ဖွဲ့၏ ရှမ်းမြောက်ဒေသ စစ်ဆင်ရေးများကို တုန့်ဆွဲလိုက်သလို ဖြစ်စေခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် ယခုထက်ပို၍ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ဖြစ်ပွားသည့် နယ်မြေကျယ်ပြန့်လာခြင်းကို မလိုလား၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ထိခိုက်နိုင်ခြေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပိုမိုများပြားလာမှာ၊ နိုင်ငံတခုလုံး စစ်ပွဲတွေကြားကျဆင်းသွားမယ့် အလားအလာကို မလိုလားကြောင်း ထင်ရှားနေပြီဖြစ်သည်။ 

ရှမ်းမြောက် စစ်ဆင်ရေး အရှိန်လျော့ကျလာချိန်မှာ KIA က ၄င်းတို့ ရယူရန် ရည်ရွယ်ထားရှိတဲ့ မြစ်ကြီးနား ဗန်းမော်ကားလမ်းတလျောက်က စစ်ကောင်စီ စခန်းတွေ၊ မံစီနှင့် ဗန်းမော်ြမို့နယ်ထဲက စစ်စခန်းတွေ ဝိုင်းမော် အနီးက စခန်းတွေ နှင့် ဖားကန့် ဧရိယာမှ စခန်းတွေကို သိမ်းယူခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ KIA အကူအညီဖြင့် အချို့သောမြို့တွေ သိမ်းယူနိုင်ခဲ့သလို ပြန်လည်လက်လွှတ်လိုက်ရသည့် မြို့တချို့လည်း ရှိသည်။  ဥပမာအားဖြင့် ကောလင်းမြို့ မိုးမိတ်မြို့တို့ ဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းနှင့် ဖားကန့်တို့တွင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ နှင့် PDF တပ်ဖွဲ့တွေက နယ်မြေ ပိုမိုသိမ်းယူနိုင်နေချိန် ကေအန်ယူ ထိန်းချုပ်ဒေသ ဖြစ်သည့် ကရင်ပြည်နယ်တွင် တိုက်ပွဲ ကြိုကြား ကြိုကြား ဖြစ်နေခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး စတင်သည့်ရက်တွင်ပင် ကော့ကရိတ်မြို့ကို ကေအန်အယ်လ်အေ နဲ့ အခြားပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့က သိမ်းယူဖို့ စတင်တိုက်ခိုက်ခဲ့ကာ ၅ လကျော်အကြာတွင် ပြန်လည် ဆုတ်ပေးလိုက်ရသည့် အနေအထားလည်း ဖြစ်သည်။ သို့သော် ကရင်ပြည်နယ် မြဝတီမြို့ အနီး သင်္ဃန်းညီနောင် ရှိ တပ်ရင်း ၃ ရင်း ဗျူဟာစခန်းတခုကိုတော့ မတ်လကုန်နှင့် ဧပြီလဆန်းတွင် ကေအန်အယ်လ်အေ နှင့် ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့သည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်၊ ကရင်ပြည်နယ် တို့တွင် တိုက်ခိုက်သိမ်းယူမှုတွေ ဖြစ်နေချိန် ကရင်နီပြည်တွင်လည်း ပြည်နယ်မြို့တော်ကို သိမ်းယူရန် ကြိုးပမ်းခဲ့ကြသော်လည်း ၄/၅ လကြာသည် အထိ မြို့တမြို့လုံးကို သိမ်းယူနိုင်ခြင်း မရှိသေးသည်ကိုတွေ့ရပြီး အခြားသိမ်းယူနိုင်သည့် မြို့မှာ ရှားတောမြို့ဖြစ်သည်။ 

ချင်းပြည်နယ်မှာတော့ လွန်ခဲ့သည့် ၆ လနီးပါးအတွင်း အိန္ဒိယနယ်စပ်က ရိခေါဒါ၊ ခမ်းပတ် တို့ကို ဒေသအလိုက် PDF အဖွဲ့တွေက သိမ်းယူခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ စစ်ကိုင်းတိုင်း အစပ် ချင်းပြည်နယ် ဝင်ပေါက် ကလေးမြို့ ကိုတိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိ အနေအထားထိ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးပါ။ 

စစ်အာဏာသိမ်းပြီးနောက်တွင် ပထမဆုံး လက်နက်ကိုင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဒေသမှာ ရှမ်းပြည်နယ် တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ PNLO/PNLA နှင့် စစ်ကောင်စီ /PNO/PNA တို့အကြား တိုက်ပွဲဖြစ်သည်။ လက်နက်သယ်ဆောင်လာသည့် ယာဥ်တန်းကို ကြားဖြတ်ဖမ်းဆီးဖို့ ကြိုးစားရာက စတင်လိုက်သည့် တိုက်ပွဲက တလတာအတွင်း ဆီဆိုင်မြို့ သိမ်းတိုက်ပွဲနှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် ဖြစ်ပွားသည့် တိုက်ပွဲများဖြင့် ရှမ်းတောင်သို့လည်း စစ်မီးကူးစက်လာခဲ့ပြီးဖြစ်သည်။ 

ပြီးခဲ့သည့် ၆ လတာအတွင်း စစ်မျက်နှာအသစ် အဖွဲ့သစ် အနေဖြင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) အဖွဲ့သစ်ပေါ်ထွက်လာပြီး တလကျော် နှစ်လနီးပါးအကြာတွင် မွန်လူမျိုးအများစု နေထိုင်သည့် ကရင်ပြည်နယ်ထဲက ကော့ဗိန်းကျေးရွာကို စတင်တိုက်ခိုက်သိမ်းယူရာက မွန်ပြည်နယ်၊ ကရင်ပြည်နယ် အစပ်ဒေသများတွင် မွန်လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ စတင်ခဲ့ပြီဖြစ်သည်။ 

ပြီးခဲ့သည့် ၆ လတာကို ချုံ့ကြည့်လျင် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် လက်နက်ကိုင် အဖွဲ့များ အနေဖြင့် စစ်မျက်နှာအများအပြားကို တပြိုင်ထည်း တိုက်ခြင်းဖြင့် စစ်ကောင်စီကို အကြပ်အတည်းထည်း ကျရောက်စေသည့် အချက်ကို အခွင့်ကောင်း ယူနိုင်သည့် အချက်ကို လက်တွေ့ ခံစားခဲ့ကြရပြီး စစ်ကောင်စီတပ်တွေ အနေဖြင့် ဝိုင်းပတ်တိုက်ခိုက်ခံရသည့် အခြေအနေ အင်အားအသာစီးဖြင့် တိုက်ခိုက်ခံရသည့် အခြေအနေမျိုးတွင် စစ်ကူမလာနိုင်တော့သည့် အနေအထားတွင် စိတ်ဓါတ်ပျက်ပြားကာ လက်နက်ချသည့် ဖြစ်ရပ် အများအပြားဖြစ်ပွားခဲ့သည်။ စစ်ရေးအရ တနိုင်ငံလုံးခြုံကြည့်လျင် စစ်အာဏာရှင် ဆန့်ကျင်ရေးတပ်ဖွဲ့တွေ အောင်မြင်မှုတွေ ရခဲ့သလို စစ်မြေပြင်ဖြစ်ခဲ့ရသည့် မြို့တွေ ရွာတွေ နေအိမ်တွေ ဆုံးရှုံးခဲ့ကြရသလို၊ တိုက်ပွဲအတွင်း အသက်ဆုံးရှုံးခဲ့ကြရသည့် အရပ်သားအများအပြား လည်းရှိခဲ့သည်ကို မှတ်တမ်းတင်ရမည် ဖြစ်သည်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar