Breaking News

အမေရိကန်တက္ကသိုလ်များတွင် ဂါဇာစစ်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြင်းထန်လာ၊ ရဲတွေက အကြမ်းဖက်မှုများ တိုး


အမေရိကန်တက္ကသိုလ်များတွင် ဂါဇာစစ်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြင်းထန်လာ၊ ရဲတွေက အကြမ်းဖက်မှုများ တိုး


နိုင်ငံတကာသာဂိ၊ ဧပြီ ၂၉၊ ၂၀၂၄


တနေ့က ဂျုးလူမျိုးဆန့်ကျင်ရေးတွေ တိုးလာတယ်လို့ သတင်းဆောင်းပါးရေးမိတယ်။ ထို့အတူ အစ္စလာန်ဆန့်ကျင်ရေးတွေကလည်း ပြင်းထန်လာနေတယ်။ အမေရိကန် တက္ကသိုလ်ကျောင်းသားတွေက စစ်ဆန့်ကျင်ရေးနဲ့ ပါလစ္စတိုင်းလွတ်မြောက်ရေး ထောက်ခံဆန္ဒပြပွဲ၊ ကျောင်းဝင်းအတွင်း သပိတ်စခန်းများ၊ ပုဂ္ဂလိကတက္ကသိုလ်ကြီးများက စစ်လက်နက်ကုမ္မဏီကြီးများထံက အလှုခံနေတာ၊ အစုရှယ်ယာထည့်ဝင်အမြတ်ယူနေတာတွေ ရပ်ဆိုင်းဖို့ စတာတွေ တောင်းဆိုကြတယ်။

စစ်လက်နက်ကုမ္မဏီတွေနဲ့ သူတို့ကြိုးကိုင်ထားတဲ့အစိုးရတွေက သူတို့ကို တိုက်ရိုက်စိန်ခေါ်လာတယ်လို့ ခံစားမိတာနဲ့ ကျောင်းသားတွေကို ထိုးနှက်တိုက်ခိုက်မှုတွေ သွေးခွဲဖြိုကွဲတာတွေ ရဲတွေကိုသုံးပြီး ရန်စ အကြမ်းဖက်တာတွေ လုပ်တော့တာပဲ။ ဒါက သာမန်ကျောင်းသားဆန္ဒပြပွဲမဟုတ်ဘူး။ အကျိုးစီးပွားတိုက်ပွဲ ဖြစ်လာတယ်။ အလှူရှင်တွေ ထိခိုက်တယ်။ တက္ကသိုလ်က အဓိပတိတွေ ပါမောက္ခတွေ အလုပ်ပြုတ်ကုန်တယ်။ ကျောင်းသားတွေ အရေးယူခံရတယ်။ လွှတ်တော်က ဖိအားပေးလာတယ်။ အစွန်းရောက် ၂ ဘက်စလုံးက အစ္စလာန်ကော ဂျူးတွေကောကို ရန်ရှာ အကြမ်းဖက်လာတယ်။ ကျောင်းတွေ၏ ဘွဲ့နှင်းသဘင်တွေ ရုတ်သိမ်းကုန်တယ်။ ရွှေ့ဆိုင်းတယ်။ ကျောင်းတွေကို အဝေးသင်လုပ်ပစ်တယ်။ ဟိုက် …ဗမာပြည်ကြီးက စစ်အစိုးရတွေလက်ချက်နဲ့တူလိုက်တာလို့ ဩချ ရေရွတ်ရမခန်း အမေရိကန်ပြည်ကြီးပါလားဗျ။ ဟိုက်ရှားဘား လို့ ကာတွန်းထဲက ပြောရမလို။

မှန်ပါတယ်။ အမေရိကားမှာ ခုထိ လူမျိုးရေးခွဲခြားမှု၊ ကျားမ ခွဲခြားမှု၊ လူဖြူကြီးစိုးမှု၊ လက်နက်နဲ့ အရင်းရှင်ကြီးများ နောက်ကွယ်က ကြိုးကိုင်မှု၊ လိင်အကြမ်းဖက်မှု၊ လိင်စိတ်ကွဲပြားသူများကို အကြမ်းဖက်မှု၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့၏ အကြမ်းဖက်သတ်ဖြတ်မှု၊ နယ်စပ်ဖြတ်ကျော်လာတဲ့ တပြည်သားတွေကို ရန်လိုမုန်းတီးမှု၊ စစ်မက်ရန်လိုမှုတွေ စတဲ့အရေးတွေဟာ ခုချိန်ထိ မီးခဲပြာဖုံး တငွေ့ငွေ့တောက်လောက်နေဆဲဖြစ်ပါတယ်။ သည်အတွက် မျိုးဆက်သစ်တွေက ဆက်လက်တိုက်ပွဲဝင်နေကြတယ်။ မျိုးဆက်ဟောင်းတွေက တဖြေးဖြေး သွေးနဲသွေးကြဲ သွေးကြောင် တကိုယ်စာအရေးဘက်လှည့်သွားချိန်မှာ သမိုင်းကြွေးကို လူငယ်တွေက ခါးစီးပေး ဆပ်ရတာ မြန်မာပြည်မှာကော အမေရိကန်မှာပါ အတူတူပါပဲ။

သည်တော့ ကိုယ်တိုင်ရေးတော့ ကိုယ့်အာဘော်တွေ များမယ့်အစား၊ စီအင်အင်သတင်းတပုဒ်ကိုပဲ အခြေခံပြီး ဘာသာပြန် သတင်းရေးပေးလိုက်တယ်။ မျက်မှောက်အရေး ဖတ်မိကြစေဖို့။


CNN သတင်းတင်ဆက်မှု - အစ္စရေး၏ ဂါဇာဂစစ်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ထောက်ခံကြောင်း အထက်လွှတ်တော်အမတ် Bernie Sanders က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

"နေတန်ယာဟုရဲ့ လက်ယာယိမ်း၊ အစွန်းရောက်နဲ့ လူမျိုးရေးခွဲခြားတဲ့ အစိုးရလုပ်နေတာတွေကို ခေတ်သစ်စစ်ပွဲသမိုင်းမှာ မကြုံစဖူးပါပဲ" ဟု Sanders က CNN ၏ Dana Bash မှ "နိုင်ငံတော်အခြေပြ သတင်း” တွင် ပြောကြားခဲ့သည်။

“အခုအချိန်မှာတော့ ဂါဇာမှာ အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးပြီး အငတ်ဘေးဖြစ်နိုင်ခြေကို စောင့်ကြည့်နေပါတယ်။ အဲဒါ တကယ့်လက်တွေ့ပါပဲ။ ဂျူးဆန့်ကျင်ရေးကို ပြောနေတာမဟုတ်ဘူး"

အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ ကောလိပ်ကျောင်းများတွင် ပါလက်စတိုင်းလိုလားသော ဆန္ဒပြမှုများ ဖြစ်ပွားနေချိန်တွင် Sanders ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးပြီး ဒါဇင်နှင့်ချီသော ဓားစာခံများ ဖမ်းဆီးခံရပြီးနောက်ပိုင်း ကျောင်းဝင်းအတွင်း တင်းမာမှုများသိသိသာသာ မြင့်တက်လာခဲ့သည်။ ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေး၏လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် လူ ၃၄,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ၎င်း၏ကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စစ်ပွဲများဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ၊ ကျောင်းဝင်းများတွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တောင်းဆိုမှုများ ပျံ့နှံ့လာကာ Islamophobia (အစ္စလာန်မုန်းတီးရေး) သည်လည်း တန်ပြန် ပျံ့နှံ့လာသည်။ မကြာသေးမီက ဆန္ဒပြပွဲများ မြင့်တက်လာခြင်းသည် အဆိုပါတင်းမာမှုများကို တောက်လောင်စေခဲ့ပြီး တက္ကသိုလ်ကျောင်းဝင်းအတွင်း လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်လာသည့်အခါတွင် တက္ကသိုလ်ခေါင်းဆောင်များကို ဘေးပတ်ဝန်းကျင်နဲ့ အာဏာပိုင်များက ကန့်သတ်ဖို့ ဖိအားပေးလာကြသည်။

"ငါက ဂျူးလူမျိုး ဖြစ်ပါတယ်။ အဖေ့မိသားစုကို ဟစ်တလာက သုတ်သင်ပစ်လိုက်တယ်။ ဂျူးဆန့်ကျင်ရေးဝါဒသည် လူသန်းပေါင်းများစွာကိုသတ်ဖြတ်ခဲ့သည့် ရွံမုန်းစရာကောင်းပြီး ယုတ်မာသော တစ်ယူသန်မှုပုံစံဖြစ်သည်” ဟု ဗားမောင့်မြို့မှ ပါတီစွဲကင်းသောအမတ် Sanders က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ “အမေရိကန်တိုင်းဟာ အစ္စရေးလူမျိုးစွဲမုန်းတီးရေးကို ရှုတ်ချဖို့ မျှော်လင့်ပါတယ်။ ထို့အတူ အစ္စလာမ်ကို ရွံရှာမုန်းတီးမှုနှင့် အစွန်းရောက်တစ်ယူသန်မှုပုံစံအားလုံးကို ကျွန်ုပ်တို့ ရှုတ်ချပါသည်။” ဟု သူက ပြောသည်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Chris Murphy ကလည်း ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့အနေနဲ့ တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားရာတွင် “ဆန္ဒပြတဲ့ဆီမှာ ထိန်းသိမ်းရမယ့် စည်းကိုကျော်လာတဲ့အခါ အကြမ်းဖက်တာတွေ ဒါမှမဟုတ် အမုန်းစကားတွေ ဖြစ်လာတယ်။ ဒါပေမယ့် ၉၅ ရာခိုင်နှုန်းသော လူငယ်တွေက အစ္စရေးမှာ အခြေခံမတရားမှုတွေကျူးလွန်နေတယ်လို့ သူတို့ယုံကြည်တဲ့အတွက် ဒီကျောင်းဝင်းထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်နေကြတာ ဖြစ်ပါတယ်။ သည်အကြောင်းအရာကို ကျနော်တို့ ကာကွယ်သင့်တယ်။”

Murphy က Fox News သို့ပြောရာတွင် "ဒီဆန္ဒပြမှုတွေက ကျောင်းတွေရဲ့ ပညာရေးလုပ်ငန်းတွေကို ထိခိုက်စေတာ ဖြစ်နိုင်တယ်။ သို့သော် ဒီဆန္ဒပြပွဲတွေက ရက်ပေါင်းများစွာ ဆက်ဖြစ်နေတာသည် ရာဇ၀တ်မှု မမြောက်ဘူး။ လက်ခံရမယ် ”

သို့သော် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က တနင်္ဂနွေနေ့တွင် “အမေရိကန်၏ ပထမပြင်ဆင်ချက် - လွတ်လပ်စွာ ထုတ်ဖော်ခွင့်သည် အရေးကြီးသည်။ ဒါပေမယ့် လူတွေကို ပြဇာတ်ရုံမှာ မီးလောင်မှုဖြစ်နေတယ်လို့ လှုံဆော်ပြီး လူတွေကို ထိတ်လန့် အောင် လုပ်ခွင့်တော့ မရှိစေရဘူး”

“အနည်းဆုံး အခြေခံမှာတော့ ဒီတက္ကသိုလ် သမ္မတတွေဟာ အခြေအနေကို ထိန်းချုပ်ဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ကိုးကွယ်ယုံကြည်မှုကို ကာကွယ်ဖို့ သို့သော် လူမျိုးရေး မုန်းတီးမှုတွေကို တားဆီးပေးဖို့ လိုအပ်ပါတယ်” ဟု Kentucky Republican မှ CBS News သို့ ပြောကြားခဲ့သည်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲ ဆန္ဒပြပွဲများအပေါ် ကောလိပ်တာဝန်ရှိသူများ၏ တုံ့ပြန်မှုမှာ အားရစရာ မရှိပါ။ ထိုစစ်ပွဲပဋိပက္ခတွင် အမေရိကန်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် အခြေအတင် ဆွေးနွေးမှုများ အငြင်းအခုံများ ဖြစ်ပွားနေသည်။ အမေရိကန်ရွေးကောက်ပွဲက ပိုအရေးကြီးလာသဖြင့် အိမ်ဖြူတော်နဲ့ ကွန် ဂရက်လွှတ်တော်ကို ပါတီများက အနိုင်ယူအာဏာရဖို့ကိုသာ ဦးစားပေးနေချိန် ဖြစ်လာသည်။ Elite (ထိပ်သီး) ကောလိပ်ဥက္ကဋ္ဌများ (ကျောင်းအုပ်၊ အဓိပတီများ) ကို လွှတ်တော်သို့ ခေါ်ပြီး ကြားနာကြ ဖိအားပေး ဆူပူကန့်ကွက်ပြီး အမတ်များက နာမည်ကြီးဖို့သက်သက် နိုင်ငံရေးအမြတ်ထုတ်ကြသည်။ ထိုအခါ ကောလိပ် ကျောင်းများ၏ ကျောင်းအုပ်ကြီးများ အလုပ်ပြုတ်ကုန်ကြတာသာ အဖတ်တင်သည်။ ပုဂ္ဂလိကကျောင်းများ၏ အဓိကအလှူရှင်များ ဆုံးရှုံးကုန်တာကို ရင်ဆိုင်ကြရသည်။ စစ်ပွဲကိုမတားနိုင်ဘဲ ကိုယ့်ကျောင်းနဲ့ ကျောင်းသားတွေ ပို နစ်နာအောင် နိုင်ငံရေးသမားများ စီးပွားရေးသမားများက ထိုးနှက်ကြသည်။


ကျောင်းတွင်း ဆန္ဒပြပွဲများကို ဖြိုခွင်းရန် တက္ကသိုလ်များက ရဲတပ်ဖွဲ့အား ခိုင်းစေမှု မြင့်တက်လာခြင်းသည် အဆိုးဘက်ကို ရောက်စေသည်။ အဓိကပြသနာအတွက် တောင်းဆိုချက်ကို လမ်းလွှဲလိုက်ခြင်း ဖြစ်သည်။ ကျောင်းသားများနှင့် ၎င်းတို့၏ တောင်းဆိုချက်များကို အမှန်တကယ် ထိတွေ့ဆက်ဆံရန် တာဝန်ရှိသူများက မလုပ်ချင်ကြပါ။ အစ္စရေး သို့မဟုတ် ၎င်း၏ စစ်ဘက်ဆိုင်ရာ ယန္တရားများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် အားပေးနေသော ကုမ္ပဏီများမှာ တက္ကသိုလ်ကျောင်းဘတ်ဂျက်အတွက် ငွေရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန် တောင်းဆိုမှုများကို သေးသိမ်အောင် အာဏာဩဇာရှိသူများ၊ အစွန်းရောက်များက တုံ့ပြန်လိုက်ခြင်း ဖြစ်သည် ဟု ဆိုနိုင်သည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar